သဘာဝပတ်ဝန်းကျင်ကို စက်မှုပတ်ဝန်းကျင်အဖြစ် ပြုပြင်ပြောင်းလဲ လိုက်သည့် အတွက်ကြောင့် မူလဒေသခံများ ထိခိုက်နစ်နာမှုများရှိလာခြင်း၊ ယင်း ထိခိုက် နစ်နာမှုများ အတွက် မူလ ဒေသခံတွေကို မည်သို့ ကူညီဖြေရှင်းကြမည်နည်း။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီက စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူလုပ်ကိုင်ပြီး ရခိုင်ပြည်နယ် ရွှေသဘာဝ ဓာတ်ငွေ့သိုက်မှထွတ်သော သဘာဝဓာတ်ငွေ့ကို သန့်စင်ရန်အတွက် ကျောက်ဖြူမြို့ အနောက်တောင် ဘက် ၇ မိုင်ခန့်အကွာရှိ မလိုက်ကျွန်းကျေးရွာတွင် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ တည်ဆောက်ပြီး ယင်းစက်ရုံမှ ထွက်ရှိသော သန့်စင်ပြီး ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားမှ တင်သွင်း လာသော ရေနံစိမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ရေနက်ဆိပ်ကမ်းတစ်ခုကိုလည်း ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ မဒေးကျွန်းတွင် ထပ်မံတည်ဆောက်လျက်ရှိပါသည်။ မလိုက်ကျွန်းကျေးရွာရှိ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံမှရရှိသော သန့်စင်ပြီးဓာတ်ငွေ့များနှင့်အတူ နိုင်ငံခြားတိုင်းပြည် များမှ ရေနံစိမ်းများနှင့်အတူ တရုတ်နိုင်ငံသို့ ပိုက်လိုင်းများမှတစ်ဆင့် တင်ပို့မည်ဖြစ်သည်။ ထိုသို့တင်ပို့နိုင်ရန်အတွက် မဒေးကျွန်းဒေသရှိ တရုတ်နိုင်ငံ၊ ယူနမ်ပြည်နယ်အထိ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း သွယ်တန်းထားပြီးဖြစ်သည်။ ပိုက်လိုင်းများ သွယ်တန်းခဲ့သည့်အတွက် ကျောက်ဖြူမြို့နယ်အပါ အဝင် နိုင်ငံတစ်ဝန်း လုံးရှိ ပိုက်လိုင်း ကျရောက်ရာ ဒေသ များမှမြေများကို သိမ်းယူခဲ့သည်များလည်းရှိပါသည်။ မြေသိမ်းမှုများ အတွက် လျော်ကြေးငွေ ရကြသော် လည်း ဒေသတိုင်းတွင် မကျေနပ်မှုများရှိသည်ကို ကြားသိ နေကြရပါသည်။ ထို့ပြင် ပိုက်လိုင်းများ မြှုပ်နှံရန် အတွက် တူးဖော်လိုက်သောမြေကြီးများ၏ ဘေးတစ်ဖက် တစ်ချက် လယ်မြေများကို ဖုံးလွှမ်းသွားသည့်အတွက် ပျက်စီးသွားသော လယ်မြေတွေအတွက် ထိုက်တန်သော လျော်ကြေးများ မရရှိသည်ကိုလည်း ကြားသိနေရပါသည်။
မဒေးကျွန်းဒေသရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းရန်အတွက် မြေသိမ်းခြင်း၊ ရေနက် ဆိပ်ကမ်းတည်ဆောက်ရန်နှင့် အခြားလုပ်ငန်းများအတွက် မြေသိမ်းခြင်းများလည်းရှိပါသေးသည်။ ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းအတွက် ရေလမ်းကြောင်းအတားအဆီးများကို ဖျက်သိမ်းရခြင်း အတွက်ကြောင့် သော် လည်းကောင်း၊ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန်အတွက် သော် လည်းကောင်း နေရာ ဆုံးရှုံးမှုတို့ကြောင့် ဒေသခံပြည်သူများ၏ လယ်ယာလုပ်ကွက်များ၊ ငါးဖမ်းလုပ်ကွက်များ ပျက်စီးဆုံးရှုံးသွားခဲ့ကြရပြီး အလုပ်လုပ်မဲ့များ ဖြစ်သွားကြရပါကြောင်း၊ ယင်းဒေသ၌ တည်ဆောက်နေသော စက်ရုံနှင့် လုပ်ငန်းများမှာ ဘဝအာမခံချက်ရှိသော အလုပ်အကိုင်များကိုလည်း ဒေသခံများ မရရှိကြပါကြောင်း၊ မဒေးကျွန်းဒေသခံများအနေဖြင့် နစ်နာဆုံးရှုံးမှုများကို မကျေနပ်သည့်အတွက် ကြောင့် ဒေသအုပ်ချုပ်ရေးအဖွဲ့မှာ မိမိတို့၏ လိုလားချက်များကို ခွင့်ပြုချက်ဖြင့် ဆန္ဒပြတောင်းဆို ခဲ့ကြပါကြောင်း၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဆောင်ရွက်နိုင်စွမ်းရှိသလောက် ဆောင်ရွက်ပေးကြသော်လည်း မပြေလည်မှုများမှာ ယခုတိုင်ရှိနေပါသေး သည်။
အချို့ဒေသခံပြည်သူများမှာ မိမိတို့လိုလားချက်များကို ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခဲ့ကြရာ ၁၈-၄-၂၀၁၃ ခုနှစ်တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည့်အတွက် မဒေးကျွန်းကျေးရွာအုပ်စုမှ ရွာသား ၁၀ ဦးကို စီတန်းလှည့်လည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ကျောက်ဖြူမြို့နယ် တရားရုံးပြစ်မှုကြီးအမှတ် (၁၁၂/၂၀၁၃) မှာ တရားစွဲဆိုပြီး လွန်ခဲ့သော ၂၆-၉-၂၀၁၃ နေ့တွင် ထောင် ၃ လ ချမှတ်ခဲ့ပါကြောင်း၊
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ (က) နှင့် (ခ) နိုင်ငံသားတိုင်းသည် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ချက်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ စီတန်းလှည့်လည်ခွင့် တို့ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း စီတန်းလှည့်လည်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မ ၁၈ နှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဟုဆိုကာ မဒေးကျွန်းဒေသခံပြည်သူများအပြင် အခြားဒေသများမှလည်း တရားစွဲဆို ထောင်ချခံရသည်များလည်း ရှိနေကြပါကြောင်း။
ထိုကဲ့သို့ ထောင်ကျခံရသည့်အကြောင်းမှာ မိမိအနေဖြင့် မိမိမဲဆန္ဒနယ်သို့ ပြန်ရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ခရိုင်မှူးအနေဖြင့်လည်း “ဒေသခံတွေဆန္ဒပြဖို့ တောင်းဆိုတယ်။ မြို့နယ်၊ ခရိုင်တို့ကခွင့်ပြုချက်မပေးနိုင်သော အခြေအနေနှင့် ကြုံရသည့်အတွက်ကြောင့် ဒါတွေကို လွှတ်တော် ကိုယ်စားလှယ်ကြီးအနေနဲ့ ဘာများကူညီဆောင်ရွက်ပေးနိုင်မလဲ” လို့ မေးမြန်းခဲ့ရာ မိမိအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လုပ်ငန်းရှင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါစေပြီး မဒေးကျွန်းမှ ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့ရာ ဒေသခံများမှ တောင်းဆိုချက် ၉ ချက် တင်ပြတောင်းဆိုခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါတောင်းဆိုချက် ၉ ချက်ကိုတစ်ထိုင်တည်းနှင့် မဖြေရှင်းပေးနိုင်သည့်အတွက် နောက်ပိုင်းတွင် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ကာ ယခုကဲ့သို့ တရားစွဲ၊ ထောင်ကျ ခဲ့ခြင်း ဖြစ်ပါကြောင်း။
ယခုလို ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဒေသခံ ၁၀ ဦးကို တရားစွဲဆိုပြီး ထောင်ချ လိုက်ခြင်းမှာ ဒေသခံများတွေကြုံနေရသောပြဿနာများကို ဖြေရှင်းပေးနိုင်သော အဖြေမဟုတ်ပါကြောင်း၊ ယခုကဲ့သို့ အရေးယူလိုက်ခြင်းမှာ ဒေသခံများ၏ အမြင်အရ ခြိမ်းခြောက်အနိုင်ကျင့်ခြင်းများဖြစ်သည်ဟုသာ လက်ခံ ယုံကြည်ကြပါကြောင်း၊ မိမိအနေဖြင့် တရားစွဲဆိုခြင်းမှာ မှားသည်ဟု မပြောလိုသော်လည်း အားပေးထောက်ခံမှု မပြုလိုပါကြောင်း၊ တရားစွဲလိုက်သည့်အတွက် ဒေသခံပြည်သူများ၏ ဘဝအာမခံချက်ရရှိရေးကို အထောက်အပံ့ မပြုနိုင်ပါကြောင်း။
မဒေးကျွန်းဒေသရှိ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် နိုင်ငံတော် အစိုးရတို့ အကျိုးတူပူးပေါင်းမှုဖြင့် လုပ်ငန်းများလုပ်ကိုင်နေကြရာတွင် ဒေသခံပြည်သူများအနေဖြင့် အမှန် တကယ်မှီခိုအားထား အသက်မွေးဝမ်းကြောင်း ပြုနေကြသော လယ်ယာ၊ ဥယျာဉ်ခြံမြေနှင့် အခြားမြေများ၊ ငါးဖမ်းလုပ်ကွက်များ ပျက်စီးဆုံးရှုံးသွားကြသည်ကို CNPC ကုမ္ပဏီနှင့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများမှ နားလည်လက်ခံရန် လိုပါကြောင်း၊ အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်သောနည်းလမ်းများကိုသာ ရှာဖွေနိုင်ရန်လိုအပ်ပါကြောင်း၊ ဒေသခံများ၏ ဘဝရပ်တည်ရေးအတွက် အာမခံရှိသော၊ အထောက်အပံ့ဖြစ်စေသော အစီအမံများကို ဆောင်ရွက်ပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများ ကိုမေးမြန်း လိုပါကြောင်း မေးမြန်းပါသည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် နိုင်ငံတော် အစိုးရက သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရေနံစိမ်းတင်ပို့မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်း၊ မြစ်တွင်းရေကြောင်းလမ်းရှင်းလင်းမှုလုပ်ငန်း စသည် တို့ကြောင့် ဒေသခံ ပြည်သူများ၏ လယ်ယာမြေ၊ ဥယျာဉ်မြေနှင့် အခြားမြေများကို သိမ်းဆည်းခဲ့ရပြီး မြစ်တွင်း သဘာဝငါးဖမ်းကွက်များ၏ မူလအနေအထားများကိုလည်း ပြောင်းလဲမှုများ၊ ရေလမ်းကြောင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ရသည် ဆိုသည်မှာ မှန်ပါသလား။
- လုပ်ငန်းများအတွက် သိမ်းဆည်းသည့် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် အခြားမြေများ လက်လွတ် ဆုံးရှုံးခဲ့ကြရသည့် ဒေသခံတောင်သူလယ်သမားများအတွက် လုံလောက်သည့် လျော်ကြေး ငွေများ အမှန် တကယ် ထုတ်ပေးပြီးဖြစ်ပါသလား။
- ထုတ်ပေးပါက မည်ကဲ့သို့နည်းလမ်းများဖြင့် ထုတ်ပေးခဲ့ပါသနည်း။
- ဒေသခံများ၏ ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်ပေးပါမည်နည်း။
မေးခွန်း (၁)
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အရှေ့တောင် အာရှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက် လိုင်း စီမံကိန်းအား ၂၀၀၉ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မဒေးကျွန်း ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းသည် အရှေ့တောင်အာရှ ရေနံပိုက်လိုင်းစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခဲ့ပါသည်။
အဆိုပါ ရေနံတင်ဆိပ်ကမ်းကို ဝင်ရောက်ဆိုက်ကပ်မည့် ရေစူး ၂၇ မီတာနှင့် တန်ချိန် ၃၀၀၀၀၀ ဆံ့ ရေနံတင် သင်္ဘောများ ဝင်ထွက်နိုင်ရန် အတွက် ရေလမ်းကြောင်း အတွင်း ရေစူးအနက် ၂၇ မီတာ မရှိသောနေရာများအား သတ်မှတ်ရေလမ်းကြောင်းအနက် ရရှိစေရန် ဆောင်ရွက်ခြင်း သာဖြစ်သဖြင့် ရေလမ်းကြောင်းပြောင်းလဲခြင်း၊ သဘာဝ ငါးဖမ်းကွက်များ၏ မူလအနေအထားများ ပြောင်းလဲခြင်းများ မရှိပါကြောင်းနှင့် ဒေသခံ ရေ လုပ်သားများအနေဖြင့် ရေလမ်းကြောင်း လွတ်ကင်းရေပြင်များတွင် ကျားပိုက်၊ ကျောက်ကပ်ပိုက်၊ မျှောပိုက်ကိရိယာ များဖြင့် ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါကြောင်း၊ မဒေးကျွန်းမှ ရေလုပ်သားများ အနေဖြင့် ယခင်ကာလများကတည်းကပင် တစ်နှစ်ပတ်လုံး မဒေးကျွန်းအနီးတစ်ဝိုက်တွင်သာ အမြဲတမ်း ငါးဖမ်းခြင်းမျိုးမဟုတ်ဘဲ ရာသီချိန်ပေါ်တွင်မူတည်၍ အခြားနေရာများသို့ ပြောင်းရွှေ့ ငါးဖမ်းဆီးလေ့ရှိရာ ယခုအချိန်တွင် ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မဒေးကျွန်း ငါးဖမ်းကွက်အား ယခင်က တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘုံငါးဖမ်းကွက်အဖြစ်သို့ ပြောင်းပြီး ဖြေလျော့ သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
မေးခွန်း (၂)
ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဆောင်ရွက်ရာတွင် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် အခြားမြေတို့ကို လုပ်ငန်းလိုအပ်ချက်အရ အမြဲတမ်းသိမ်းယူခြင်းနှင့် ယာယီသိမ်းယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ သီးနှံလျော်ကြေးကို အမြဲတမ်းသိမ်းယူခြင်းအတွက် ၅ နှစ်စာ၊ ယာယီသိမ်းယူခြင်းအတွက် ၃ နှစ်စာလျော်ကြေး တွက်ချက်ပေးလျော်ခဲ့ပါကြောင်း၊ ပိုက်လိုင်းစီမံကိန်း မြေယာရရှိရေးနှင့် မြေယာသီးနှံလျော်ကြေးပေးနိုင်ရေး အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၏ ၁၇-၂-၂၀၁၀ ရက်စွဲပါစာအမှတ်၊ ၄၂၅(၁)/၃-၂/နယက ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော စွမ်းအင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေ စာရင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာတောင်သူများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးစေပြီး မြေတိုင်းတာခြင်း၊ စိုက်ပျိုးသီးနှံစာရင်းကောက်ယူခြင်း၊ မြေယာသီးနှံလျော်ကြေးအတွက် ဈေးနှုန်းသတ်မှတ်ခြင်း၊ မြေဧက သတ်မှတ်ခြင်းများအား စနစ်တကျဆောင်ရွက်ခဲ့ပါကြောင်း၊ လျော်ကြေးပေးရာတွင် စိုက်ပျိုးသော သီးနှံအမျိုးအစားနှင့် သီးထပ်စိုက်ပျိုးနိုင်မှုအပေါ်မူတည်ပြီး လျော်ကြေးငွေ ကွာခြားမှုရှိပါကြောင်း၊ မြေယာလျော်ကြေး အနေဖြင့် ပျမ်းမျှ တစ်ဧကလျှင် ရခိုင်ပြည်နယ်မှာ ၂၁ သိန်း၊ သီးနှံလျော်ကြေးအနေဖြင့် ပျမ်းမျှ တစ်ဧကလျှင် ရခိုင်ပြည်နယ်မှာ ၃.၈၅ သိန်းဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းတွင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၀ မှ ၂၀၁၄ အထိ အမြဲတမ်းမြေယာသီးနှံလျော်ကြေးပေးအပ်မှုမှာ ကျပ်သန်းပေါင်း ၄၀၂၀.၂၃၄ ဖြစ်ပါကြောင်း၊ ယာယီ မြေယာသီးနှံလျော်ကြေးပေးအပ်မှုအနေဖြင့် ကျပ်သန်းပေါင်း ၆၂၃.၅၇ ပေးလျော်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အမြဲတမ်းနှင့် ယာယီမြေယာသီးနှံလျော် ကြေးစုစုပေါင်း ကျပ်သန်းပေါင်း ၄၆၄၃.၈၀၄ ပေးလျော် ခဲ့ပြီဖြစ် ပါကြောင်း ဖြေကြားပါသည်။
မေးခွန်း (၃)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အမြဲတမ်းသိမ်းဆည်းခဲ့သော လယ်မြေ ၁၈၉.၂၃ ဧက၊ ဥယျာဉ်မြေ ၁၃၀.၁၄ ဧက၊ တောင်ယာမြေ ဝ.၅၇ ဧက၊ ကိုင်းဓနိ ၂.၉၂ ဧကတို့အတွက် စုစုပေါင်းလျော်ကြေးငွေကျပ် ၁၂၁၁၀၆၁၉၅၄.၂၅ လည်းကောင်း၊ ယာယီဆိမ်းဆည်းခဲ့သော လယ်မြေ ၁၈.၅၀ ဧက၊ ဥယျာဉ်မြေ ၅၆.၉၉ ဧက၊ ဝတ္တကမြေ ၉.၃ ဧကတို့အတွက် စုစုပေါင်းလျော်ကြေးငွေကျပ် ၁၄၈၆၀၂၆၀၅.၂၅ ကိုလည်းကောင်း၊ တောင်သူတစ်ဦးချင်း၏ လက်ထဲကို စာချုပ်ချုပ်ဆိုပြီး သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှ အခမ်းအနားဖြင့် တိုက်ရိုက်ပေးလျော်ခဲ့ပါကြောင်း၊ လျော်ကြေးပေးအခမ်းအနားများကို ဗီဒီယိုမှတ်တမ်းတင်ခြင်း၊ ဓါတ်ပုံမှတ်တမ်းတင်ခြင်းတို့ဖြင့် စနစ်တကျဆောင်ရွက်ခဲ့ပါကြောင်း။
၎င်းအပြင် စီမံကိန်းလုပ်ငန်းများအတွက် မြေသိမ်းဆည်းခံရမှုမရှိသော်လည်း ပိုက်လိုင်းလမ်းကြောင်း တစ်လျှောက် ဖောက်လုပ်မှုနှင့် စက်ရုံတည်ဆောက်မှုများမှ ထွက်ရှိလာသော မြေစာများမှာ မိုးရာသီတွင် ရွံ့ရည်အဖြစ် အနီးဝန်းကျင်လယ်မြေအတွင်းသို့စီးဝင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တောင်သူလယ်သမားများ၏ လယ်မြေများအား ကွင်းဆင်းစစ်ဆေးပြီး ၂၀၁၂ ခုနှစ် မိုးရာသီအတွင်း ပျက်စီးခဲ့သော တောင်သူ ၃၉၁ ဦးအတွက် လျော်ကြေးငွေ ၈၅၄၅၀၃၈၀ တိတိအားပေးလျော်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းအပြင် ယခုနှစ် ၂၀၁၃ ခုနှစ် မိုးတွင်းကာလတွင် အလားတူထိခိုက်ခဲ့သော တောင်သူ ၅၁၁ ဦးအနက် ကျောက်ဖြူမြို့နယ်မှ တောင်သူ ၃၀၂ ဦး၏ လယ်ယာမြေ ၁၄၅.၅ ဧကအတွက် လျော်ကြေးငွေ ၆၃၉၂၃၃၇၂.၅ တိတိကို ယခုလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လျော်ကြေးငွေ ပေးအပ်ပြီး ကျန် အမ်းမြို့နယ်မှ တောင်သူ ၂၀၉ ဦး၏ လယ်ယာမြေ ၆၁.၁၁၂ ဧကအတွက် လျော်ကြေးငွေ ကျပ် ၃၇၄၃၄၅၇၄ တိတိကိုလည်း နိုင်ဝင်ဘာလ အတွင်း ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့အပြင် အမ်းမြို့နယ်မှ လယ်ယာမြေပျက်စီးကြောင်း ထပ်မံတင်ပြသော တောင်သူ ၂၆၇ ဦး၏ယာမြေ ၁၀၃.၁၂၂ ဧကအတွက် လျော်ကြေးငွေ ၁၀၂၁၈၂၉၆၉ တိတိကို စိစစ်ပြီး အမြန်ဆုံး ပေးလျော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
မီတာ ၃၀ အကျယ်ရှိ ရေနံနှင့်သဘာဝဓါတ်မြေ့ ပိုက်လိုင်းလမ်းကြောင်းမြေ (Right of Way) အား အမြဲတမ်း လျော်ကြေးပေး သိမ်းဆည်းထားသော်လည်း ပိုက်လိုင်းများ မြေပြန်လည်မြှုပ်ပြီးနောက်၊ ၎င်းမြေပေါ်တွင် အဆောက်အဦဆောက်လုပ်ခြင်းနှင့် နှစ်ရှည်သီးနှံပင်စိုက်ပျိုးခြင်းတို့မှလွဲ၍ စပါး၊ ပြောင်း၊ နှမ်းအစရှိသော ရာသီသီးနှံပင်များ စိုက်ပျိုးရန်လည်းခွင့်ပြုထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
မေးခွန်း (၄)
အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကျွမ်းကျင်မှုမလိုအပ်သော လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရန်၊ မြန်မာနိုင်ငံသားများ လုပ်ငန်းကျွမ်းကျင်မှုရှိရန်အတွက် သင်တန်းများ၊ လက်တွေ့လုပ်ငန်းများဆောင်ရွက် နိုင်ရေးစီစဉ်ပေးရန်၊ လုပ်ငန်းလုပ်ဆောင်သော ပထမ ၂ နှစ်တွင် ကျွမ်းကျင်မြန်မာနိုင်ငံသား ၂၅ ရာခိုင်နှုန်း ခန့်အပ်တာဝန်ပေးရန်၊ ဒုတိယ ၂ နှစ်အတွက် ကျွမ်းကျင် မြန်မာနိုင်ငံသားအနည်းဆုံး ၅၀ ရာခိုင်နှုန်း ခန့်အပ်တာဝန်ပေးရန်၊ တတိယ ၂ နှစ်တွင် ကျွမ်းကျင်မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်အပ်တာဝန်ပေးရန်ကို သက်ဆိုင်ရာကုမ္ပဏီများသို့ အသိပေး အကြောင်းကြား ထားပြီးလည်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီကလည်း ဒေသခံလုပ်သားများကို လုပ်ငန်းကျွမ်းကျင်မှု စံနှုန်းအပေါ်မူတည်ပြီး လက်ရှိအခြေအနေထိ အလုပ်သမား ၁၄၅၀ ဦးကို သုံးစွဲခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ရာတွင် ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည့်အတွက် ဒေသခံအလုပ်သမား ၁၃၇ ဦးသာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဒေးကျွန်းဒေသခံများ အလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာ ကုမ္ပဏီများ၊ ကျောက်ဖြူမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ မဒေးကျွန်းပေါ်ရှိ ဒေသခံအလုပ်သမား အဖွဲ့အစည်းများ ညှိနှိုင်းပြီး အခြေခံလုပ်အားခ တစ်နာရီလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် ကျပ် ၄၀၀၀ သတ်မှတ်ထားပြီး တစ်နေ့ အလုပ်ချိန် ၈ နာရီထက်မိနစ်အနည်းငယ် ပိုမိုလုပ်ကိုင်ရပါက ၁ နာရီစာ လုပ်အားခအပြည့် ပေးချေရန် သတ်မှတ် ထားပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ထပ်မံပေါ်ပေါက်လာပါက မဒေးကျွန်း ဒေသခံ အလုပ်သမားများအား ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ဒေသအတွင်းမှ ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာစေရေးအတွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ပိုက်လိုင်း သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါသင်တန်းဆင်း လုပ်သားများ အား ကျွမ်းကျင်လုပ်သားပညာရှင်များအဖြစ် ပိုက်လိုင်းစီမံကိန်းတွင် တာဝန်ပေးအပ်ခန့်ထား မည် ဖြစ်ပါ ကြောင်းနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသခံများအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးပြီး သင်တန်းဆင်းလုပ်သားများအား ကျွမ်းကျင်လုပ်သားပညာရှင်များအဖြစ် ပိုက်လိုင်း စီမံကိန်းတွင် တာဝန်ပေးအပ်ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းဆောင် ရွက် ပေးထားပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဖြေကြားချက်နှင့်စပ်လျဉ်း၍ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်မှ ထပ်ဆင့်မေးခွန်းမေးမြန်းရာ မေးခွန်း (၁) တွင်ပါရှိသော မဒေးကျွန်းဒေသရှိ ရေလမ်းကြောင်းများ၊ ငါးဖမ်းကွက်များပျက်စီးခြင်းနှင့်ပတ်သက်၍ အနည်းငယ်ပြန်လည် တင်ပြလိုပါကြောင်း၊ ရေလမ်းကြောင်းနှင့်ပတ်သက်၍ ရေလမ်းကြောင်းများ ရှင်းလင်းသည့် အတွက် မူလသဘာဝရှိ ငါးဖမ်းကွက်များတွင် တည်ရှိသော ကျောက်ဆောင်၊ ကျောက်တုံးကိုဖြိုခွဲပစ်ခြင်း၊ ပင်လယ်ကူး သင်္ဘောကြီးများ ယင်းငါးဖမ်းကွက်များတွင် အမြဲတမ်းလိုလို ဆိုက်ကပ်နေသည့်အတွက်ကြောင့် ငါးဖမ်းကွက်များအမှန်တကယ် ပျက်စီးဆုံးရှုံးသွားကြောင်းကို ဝန်ကြီးဌာနအနေဖြင့် လက်မခံလိုသည့် သဘောကို ဖြေကြားခြင်းဖြစ်သည်ဟု ယူဆမိသည့်အတွက် ပြန်လည်မေးမြန်းခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
ရေနံတင်ဆိပ်ကမ်းကို ဝင်ရောက်ဆိုက်ကပ်မည့်သင်္ဘောကြီးများမှာ ရေစူး ၂၇ မီတာရှိပြီး တန်ချိန် ၃၀၀၀၀၀ ဆံ့သော ရေနံတင်သင်္ဘောကြီးများ ဝင်ရောက်ခြင်းဖြစ်သောကြောင့် ရေလမ်းကြောင်းရှင်းလင်းသည့်နေရာတွင် ပင်လယ်ကြမ်းပြင် ရေစူး ၂၇ မီတာရောက်အောင်တူးဖော်ရမည်ဖြစ်ပြီး တူးဖော်ရာတွင် လိုအပ်သော နေရာများ ကိုသာ ရွေးချယ်တူဖော်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေလမ်းကြောင်းအတွင်း သင်္ဘောကြီးများဝင်ရောက် လာသည့်အတွက် ရေလုပ်သားများအနေဖြင့် အထိုက်အလျောက် အခက်အခဲရှိနိုင်ပါကြောင်း၊ သို့သော်လည်း လုပ်ငန်းများ ဆောင်ရွက်ရာ၌ သဘာဝအရ ဘေးအန္တရာယ်ကင်းရှင်းရေးသည်လည်း အလွန်အရေးကြီး ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သော လုပ်ငန်းများ၊ ရေလမ်းကြောင်း ပြင်ပများတွင် လွတ်လပ်စွာငါးဖမ်းနိုင်ရန်အတွက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခင်တင်ဒါ စနစ်များကို မဆောင်ရွက်တော့ဘဲ ဘုံငါးဖမ်းစနစ် မိမိကြိုက်နှစ်သက်သော နေရာများတွင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက်လည်း ဖြေလျော့ထားခဲ့ပြီး ဖြစ်ပါ ကြောင်းပြန်လည်ရှင်းလင်းဖြေကြားပါသည်။
