ရွာသစ်ကြီး အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)သည် ၁၉၇၀ ခုနှစ်က စတင်ဆောက်လုပ်ပြီး ၁၉၇၂ ခုနှစ်မှ ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ် စီမံကိန်း ကာလမှ စတင် တာဝန်ထမ်း ဆောင်နေကြသော ဝန်ထမ်းများသည် နီးစပ်ရာကျေးရွာများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဖြစ်ကြကြောင်း၊ အဆိုပါဝန်ထမ်းများသည် စက်ရုံတွင် တာဝန်ထမ်းဆောင်ပြီး ဝန်ထမ်းအိမ်ရာများတွင် မှီခိုနေထိုင်ကြ ပါကြောင်း၊ ၎င်းတို့၏ သားသမီးများသည်လည်း အလုပ်အကိုင်ရှားပါး မှု၊ နေထိုင်မှုအိမ်ရာပြဿနာများကြောင့် စက်ရုံတွင် ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့ကြပြီး စက်ရုံမှ အနားယူသွားသော ပင်စင်စားမိအိုဖအိုများ၊ ၎င်းတို့ သားသမီးများအတွက် စားဝတ်နေရေး အဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ရယူနေထိုင်ခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အထည်အလိပ် လုပ်ငန်းများကို ပုဂ္ဂလိကသို့ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင် ရွက်ခြင်း၊ ဖျက်သိမ်းခြင်းများ ဖြစ်ပေါ် လုပ်ဆောင်လျက် ရှိရာ အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)အား ဖျက်သိမ်းရပ်နား ဖြစ်ပေါ်ခဲ့ပါက နီးစပ်ရာကျေးရွာများမှ တာဝန်ထမ်း ဆောင်သောဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာတွင်နေ ထိုင်ရသော မိသားစု ၄၀၀ ခန့်၊ လူဦးရေ ၁၇၀၀ ယောက်ခန့်အတွက် စားဝတ်နေရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါကြောင်း ၊ ဝန်ထမ်းအများစု၏ ဝင်ငွေနည်းပါးမှုကြောင့် အခြားစက်ရုံ အလုပ်ရုံများသို့ မိသားစုလိုက်ပြောင်းရွှေ့ရန် မဖြစ်နိုင်သည့်အပြင် ဝန်ထမ်းအိမ်ရာများတွင် မှီခိုနေထိုင်သော အိမ်ထောင်စု ၄၀၀နှင့် မှီခိုသူ ၁၇၀၀ ခန့်သည် ဆက်လက်နေထိုင်စရာမရှိတော့သည့်အတွက် စက်ရုံရပ်နား ဖျက်သိမ်းပြီးပါက ဝန်ထမ်း မိသားစုများ၏စားဝတ်နေရေး အလုပ်အကိုင် အခွင့်အလမ်းများ အမြန်ဆုံး ဖန်တီးပေးနိုင်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း ၊ ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ကြားနိုင်ရေးအတွက် အ-လ-က အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း) ကျောင်းအား စက်ရုံဖျက်သိမ်းသော်လည်း ကျောင်းကိုမဖျက်သိမ်းပဲ ထားရှိရန် လိုအပ်လာမည် ပါဖြစ်ကြောင်း၊ ထိုသို့သော အခြေအနေများကြောင့် စက်ရုံအလုပ်သမားများသည် စက်ရုံဖျက်သိမ်းမည့်သတင်းများ ထွက်ပေါ် နေခြင်းအပေါ် စိုးရိမ် ပူပန်မှုများရှိလာပါကြောင်း၊ ထို့ကြောင့် အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)အား ရပ်နားဖျက်သိမ်းရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ယခုအချိန်တွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံပိုင် စီးပွားရေး ကဏ္ဍများကို လျှော့ချပြီးတော့ ပုဂ္ဂလိကပိုင်အခန်းကဏ္ဍများ တိုးမြှင့်ဆောင်ရွက်လျက်ရာ နိုင်ငံတော်မှ ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်သော စက်ရုံများမှအပ ကျန်စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်း နှင့် နှစ်တို/နှစ်ရှည်ငှားရမ်းခြင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ အထည်အလိပ်လုပ်ငန်းကြီးကြပ်မှုအောက်တွင်ရှိသော အထည် စက်ရုံများကို ပုဂ္ဂလိကများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ ငှားရမ်းခြင်းများကို သတင်းစာများတွင် ထည့်သွင်း တင်ဒါ ခေါ် ယူပြီးတော့ ဆောင်ရွက်လျက်ရှိရာ ချည်မျှင်နှင့် အထည်စက်ရုံ ၃ ရုံ၊ စက်ရုံခွဲ ၂ ရုံ၊ အထည်ချုပ်စက်ရုံ ၃ ရုံတို့ကိုလည်း ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်ပြီးဖြစ် ပါကြောင်း၊ အမှတ် (၃) အထည်စက်ရုံ(စစ်ကိုင်း)ကိုလည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် သတင်းစာတွင် ၃ ကြိမ်တိုင် တင်ဒါခေါ်ယူသော်လည်း ယနေ့အချိန်ထိ တင်ဒါပေးသွင်းသူ မရှိကြောင်းနှင့် တင်ဒါဆက်လက်ခေါ်ယူရန် အစီအစဉ်ရှိပါကြောင်း၊
အဆိုပါစက်ရုံတွင် အရာထမ်း၊ အမှုထမ်း၊ ယာယီ/နေ့စား စုစုပေါင်း ၁၂၆၉ ဦးနှင့် ဝန်ထမ်းအိမ်ရာ ၂၀၂ လုံးတွင် ၆၈၉ ဦး နေထိုင်လျက်ရှိကြပါကြောင်း၊ အမှတ် (၃) အထည်စက်ရုံ(စစ်ကိုင်း)ကို လက်ရှိအနေအထားအရ ပုဂ္ဂလိကက ငှားရမ်းခြင်းမရှိခြင်းကြောင့် လက်ရှိအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါသော်လည်း စီးပွားရေးအရ ရေရှည် တွက်ချေမကိုက်သည့်အတွက် အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)ကို တင်ဒါဆက်လက်ပြီး ခေါ်သွားမည်ဖြစ် ပါကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီကို ငှားမည်ဆိုလျှင်လည်း ပုဂ္ဂလိကကုမ္ပဏီကို လိုက်လိုသော ဝန်ထမ်းများက နိုင်ငံ့ ဝန်ထမ်းများ ရရှိခံစားနေသည့် လက်ရှိလစာ နှုန်းထားအတိုင်း အပို ထောက်ပံံ့ကြေးများကို ဆက်လက်ရရှိခံစားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏လစာနှစ်တိုးစရိတ်များနှင့် နိုင်ငံတော်ကချမှတ်ထားတဲ့ အမိန့်ညွှန်ကြားချက်များနှင့် အညီခွင့်ပြုထားသည့် နှုန်းထားများအတိုင်း စက်ရုံငှားရမ်းသူက ဆက်လက်လစာ များပေးရန်လည်း စာချုပ်များတွင် ထည့်သွင်းချုပ်ဆို ထားပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီသို့ လိုက်သွားလိုသောဝန်ထမ်း များကိုလည်း လက်ရှိနေထိုင်သောအိမ်ရာတွင် ဆက်လက် နေထိုင်ခွင့်ပြုမည်ဖြစ်သည့်အပြင် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကိုလည်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေအတိုင်း ရရှိခံစားမည် ဖြစ်ကြောင်း၊ ထိုနည်းအတူ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံဝန်ထမ်းဥပဒေ အခန်း ၁၂ အငြိမ်းစားယူခြင်း၊ ပုဒ်မ ၆၂ အရ အသက် ၅၅ နှစ်ပြည့်နှင့် လုပ်သက် နှစ် ၃၀ နှစ်ပြည့်သော လူများကိုလည်း လုပ်သက် နှစ်ပြည့်ခံစားလိုပါက ခံစားခွင့်ပြုမည်ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွင်လည်း လစာနှင့်စရိတ်များကို ဆက်လက် ခံစားရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများတွင် ဆက်လက်အမှုထမ်းဆောင်လိုသော ဝန်ထမ်းများအနေနှင့်လည်း နိုင်ငံတော်က ချမှတ်ပြဋ္ဌာန်းထားသည့် မြို့ပြဝန်ထမ်းစည်းမျဉ်းဥပဒေအပိုဒ် ၄၂၆ အရ လျော်ကြေးပင်စင်များ ရရှိခံစားရမည် ဖြစ်သကဲ့သို့ ငှားရမ်းကုမ္ပဏီမှပေးသော လုပ်ခ၊ လစာများကိုလည်း ရရှိခံစားရမှာဖြစ်သည့်နည်းတူ အစိုးရဝန်ထမ်းအဖြစ် ဆက်လက် လုပ်ကိုင်လိုသော ဝန်ထမ်းများကိုလည်း ဝန်ကြီးဌာနအတွင်း လစ်လပ်နေသော ရာထူးတူ/လစာနှုန်း တူနေရာများသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ပါကြောင်း၊ အခြားဝန်ကြီးဌာနများသို့ ကူးပြောင်းထမ်းဆောင်လို သော ဝန်ထမ်းများအတွက်လည်း ဝန်ကြီးဌာနအချင်း ချင်းညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)မှာရှိသော ဝန်ထမ်းမိသားစုများအနေနှင့်လည်း လက်ရှိ အားဖြင့်လည်းနေထိုင်လို့ရသလိုပဲ စက်ရုံအတွင်းမှာ ဖွင့်လှစ်ထားသော အလယ်တန်းကျောင်းမှာလည်း ပညာဆက်လက်ပညာသင်ကြားနိုင်ခွင့်လည်းရှိပါတယ်။ သို့ဖြစ်ပါ၍ အမှတ် (၃) အထည်စက်ရုံ (စစ်ကိုင်း)အား ဖျက်သိမ်းရန်အစီအစဉ်မရှိဘဲ နိုင်ငံတော်၏လိုအပ်ချက်အရ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ ငှားရမ်းခြင်းစသည်ဖြင့် ဆောင်ရွက်သွား မည်ဖြစ် သကဲ့သို့ ဝန်ထမ်းများအတွက်လည်း အခက်အခဲမရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိ ပါကြောင်း ပြန် လည်ဖြေကြားပါသည်။
