(ဂ)- ရန်ကုန်မြို့လမ်းမကြီးများပေါ်တွင်ရောင်း ချနေသော လမ်းဘေးဈေးသည်များကိုမည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက် သွားမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၉.၁၀.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ယခင်က မိမိတို့နိုင်ငံကို လာရောက်သောဧည့်သည် အနည်းငယ်သာရှိသော်လည်း ၎င်းတို့မှတဆင့် မြို့၏အနိဌာရုံများ ဖြစ်သော တိုက်အိုတိုက်ဟောင်းများ၊ ကျန်း မာရေးနှင့် မညီညွတ်သော အစားသောက်များရောင်းချနေသည့် လမ်းဘေး ဈေးသည်များကို နိုင်ငံတကာဂျာနယ်များတွင် ဓါတ်ပုံထည့်သွင်းဖြန့်ဝေ ခဲ့သဖြင့် မိမိတို့နိုင်ငံနှင့်လူမျိုုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ပါကြောင်း၊ ယနေ့ အချိန်တွင် နိုင်ငံရေး၊ စီးပွားရေးစနစ်များ ပြောင်းလဲလာပြီး နိုင်ငံတကာမှ ဧည့်သည်များလည်း ပိုမိုဝင်ရောက်လာသည့်အတွက် မြို့ကြီးများတွင် လမ်းဘေးဈေးသည်များ၏ဘဝကို ခေတ်စနစ်နှင့်လျော်ညီစွာ မြှင့်တင် ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ ကျန်းမားရေးနှင့် ညီညွတ်စေရန် ထုတ်ပိုးရောင်းချနိုင်ရေး အတွက် နိုင်ငံတော်မှလည်း ကူညီပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် သတင်းဂျာနယ်တစ်စောင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ် တထောင်မြို့နယ်တွင် နိုင်ငံခြားသား ၁၄ ဦး ပြင်ပ အစားအစာများ စားမိသည့်အတွက် အစာအဆိပ်သင့်သော သတင်းတစ်ပုဒ်ကို ဖတ်ရှုရသည့်အတွက် လမ်းမကြီးများပေါ်တွင်ရောင်းချနေသော လမ်းဘေးဈေးဆိုင်များနှင့် ပတ်သက်၍ စနစ်တကျ ဖြစ်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စေရန်၊ သန့်ရှင်းမှုနှင့်အမြင်တင့်တယ်စေရန်အတွက် စနစ်တကျစွာ တဲကလေးများအတွင်း ထည့်သွင်းရောင်းချ စေခြင်း၊ အမှိုက်များကို စနစ်တကျ သတ်မှတ်နေရာ များတွင် စွန့်ပစ်စေခြင်း၊ လမ်းဘေးတွင် ရောင်းချနေသော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို စနစ်တကျ ထုတ်ပိုးရောင်းချသောစနစ် အလေ့အကျင့်များလုပ်ဆောင် တတ်စေရန် ပညာပေး ဆောင်ရွက်စေခြင်းဖြင့် သန့်ရှင်းရေးကို အထောက်အကူပြုသကဲ့သို့ ကျန်းမာရေးကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြား ဧည့်သည်အမျိုးမျိုး အနက်မှ နိုင်ငံသူနိုင်ငံ သားများ ၏ လူနေမှုဘဝအဆင့်အတန်းကို လေ့လာသူများလည်းပါဝင်နိုင်ပါကြောင်း၊ အထူးသဖြင့်မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့၏ လူနေမှုဘဝကို တစ်နိုင်ငံလုံးအတွက် စံအဖြစ်သတ်မှတ်သွားမည်ဖြစ်ပါ၍ ရန်ကုန်မြို့ လမ်းမကြီးများပေါ်တွင် ရောင်းချနေသောလမ်းဘေးဈေးသည်များကို စနစ်တကျရောင်းချရန်၊ ကျန်း မာရေးနှင့် ညီညွတ်စေရန်အတွက် မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံး-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ
ဖြေကြားချက် 

ရန်ကုန်မြို့ရှိမြို့နယ်အသီးသီးတွင် ရောင်းချလျက်ရှိသည့်   လမ်းဘေးဈေးသည် များကြောင့် ယာဉ်သွားလာမှုပိတ်ဆို့ခြင်း၊ အမှိုက်နှင့် အညစ်အကြေးများ လမ်းပေါ်သို့စွန့်ပစ်ခြင်း၊ လမ်းသွားလမ်းလာများအား အနှောက်အ ယှက်ဖြစ်စေခြင်းနှင့် ပြည်သူလူထုစားသုံးရန် မသင့်တော်သော ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် အစားအသောက်များ ရောင်းချခြင်းစသည့် ဆိုးကျိုး များ ဖြစ်ပေါ်လျက်ရှိနေသည့်အတွက် အစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နှစ်စဉ်ရရှိနေသည့် လမ်းဘေးပျံ ကျ ဈေးကောက်ဝင်ငွေကျပ် ဝ.၈ ဘီလီယံအားအဆုံးရှုံးခံ၍  ၁-၆-၂၀၁၁ ရက်နေ့မှစ၍ ဈေးကောက်ကောက်ခြင်း မပြုတော့ဘဲ လမ်းဘေးဈေးသည်များ ရှင်းလင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းအတွက် အကောင်အထည်ဖော်နေသည့် ဆင်းရဲနွမ်းပါး မှု လျော့ချရေးအား ထိခိုက်ကြောင်း အဖွဲ့အစည်း အသီးသီးမှ ပြည်ထောင်စု အစိုရအဖွဲ့အထိ တင်ပြကြသဖြင့် အပြီးအပြတ်ရှင်းလင်းခြင်းအစား အချို့နေရာများတွင် အချိန်ပိုင်းသာ စည်းကမ်းထိန်းသိမ်းပြီး ကျန်အချိန်များတွင် တရားဝင် ခွင့်ပြုသတ်မှတ်ပေးခြင်းမဟုတ်ဘဲ ဖြေလျော့ပေးသည့် အနေဖြင့် ရောင်းချခွင့်ပေးထားရခြင်း ဖြစ်ပါကြောင်း၊ ယခုကာလတွင် မြို့တွင်း ၆ မြို့နယ်ရှိ အဓိကလမ်းမကြီး ၇ လမ်း၌ ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာန ၁၈ ခုမှဝန်ထမ်းများ၊ ခရိုင်မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေး မှူးရုံးမှ ဝန်ထမ်းများ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၃၀၀ ခန့်ဖြင့် နေ့စဉ်  ညနေ ၃ နာရီမတိုင်မီ လမ်းဘေးဈေးသည်များ ဈေးရောင်းချမှုမရှိစေရေးကို စည်းကမ်းထိန်း သိမ်းခြင်း ဆောင်ရွက်လျက်ရှိပြီး နံပါတ်တပ်လမ်းများအတွင်း၌ ပတ်ဝန်းကျင်မှကန့်ကွက်မှုမရှိပါက ညနေ ၃ နာရီမှ ည ၈ နာရီအထိ ရောင်းချခွင့်ပြုထားပါကြောင်း၊ ယင်းအချိန်‌နောက်ပိုင်းအား အလှည့်ကျဌာနမှူးများမှ သက်ဆိုင်ရာ ဌာန အင်အား၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးအင်အားနှင့် မြို့တော်ခန်းမ တာဝန်မှူးကြီးဦးစီးအင်အားများ ပါဝင်သောအဖွဲ့ဖြင့် ညစဉ် စည်းကမ်းထိန်းသိမ်းခြင်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ အခြားသောမြို့နယ်များနှင့်လည်း အဓိကလမ်းမကြီး တစ်လျှောက်ရှိ လမ်းဘေးဈေးသည်စည်းကမ်းထိန်းသိမ်းခြင်းအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းခြင်းဌာန၊ ဈေးများဌာန၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် လမ်းဘေးစားသောက်ဆိုင်များအား အစားအသောက်ရောင်း ချရာတွင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနသည် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံးများနှင့် ပူးပေါင်း၍ မြို့နယ်များအလိုက် အစားအသောက်များအား ဖုံးအုပ်၍ရောင်းချရန်၊ လက်အိတ်၊ တူ၊ ညှပ်များ အသုံးပြု၍ အစားအသောက်ကိုင်တွယ်ပြုပြင်ရန်၊ အိုး၊ ခွက်၊ ပန်းကန်များအား စနစ်တကျဆေးကြောဆောင်ရွက်ရန်၊ အမှိုက်သရိုက် စားကြွင်းစားကျန်များအား ကိုယ်ပိုင်အမှိုက်ပုံး သို့မဟုတ် အမှိုက်အိတ်များအတွင်းထည့်၍ စည်းကမ်းတကျစွန့်ပစ်ရန် စသည်တို့ကို စဉ်ဆက်မပြတ် ပညာပေးဟောပြောဆောင်ရွက်လျက်ရှိပါကြောင်း၊ အစားအသောက်များ ထုတ်ပိုးဆောင်ရွက်ရောင်းချရာတွင် ကျန်းမာရေးနှင့်မညီညွတ်သော ကြွပ်ကြွပ်အိတ်များဖြင့် ထုပ်ပိုးဆောင်ရွက်ခြင်း မပြုရန်နှင့် ပလပ်စတစ်အိတ်များသုံးစွဲရန် ပညာပေးဟောပြောလျက်ရှိသည့်အပြင် တစ်ခါ သုံးဖော့ဘူးများနှင့် ထည့်သွင်း ရောင်းချလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။