သာစည်မြို့နယ်တွင် လောပိတရေအားလျှပ်စစ်ဓာတ်အားခွဲရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိပြီး ၁၁ ကေဗွီ လိုင်း များကို ကွန်ကရစ်တိုင်များဖြင့် မီးကြိုးများလဲလှယ်တပ်ဆင်ပေးခဲ့သော်လည်း ၄၄၀ ဗို့အိမ်သုံး လိုင်းများတွင် ဓာတ်တိုင်များ၊ မီးကြိုးများ လဲလှယ်ပေးရန်လိုအပ်လျက်ရှိပါကြောင်း၊ ဓာတ်ကြိုးများ၊ မီးကြိုးများဟောင်းနွမ်း မှုကြောင့် မိုးရွာလေတိုက်ချိန်များတွင် ဓာတ်အားပျောက်ဆုံးခြင်းများနှင့်အတူ မကြာခဏမီးပျက်မှုများကြောင့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍သေဆုံးခဲ့ရ ပါကြောင်း၊ ထို့ကြောင့် သာစည်မြို့ပေါ် (၇) ရပ်ကွက်ရှိ ၄၄၀ ဗို့အိမ်သုံးလိုင်းများတွင် လိုအပ်လျက်ရှိသော မီးတိုင်များ၊ မီးကြိုးများကို ပြောင်းလဲတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သာစည်မြို့ပေါ်ရပ်ကွက်များတွင် ဓာတ်အားပေးစနစ် တိုးတက် ကောင်းမွန်စေရန် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမှတ်(၇)ရပ်ကွက်တွင် ရှိသော ၄၀၀ ဗို့ဓာတ်အားလိုင်း ၄၅၀၀ ပေအတွင်းရှိ ဆွေးမြေ့သစ်သားတိုင်များကို ၉ မီတာ ကွန်ကရစ်တိုင် ၃၆ တိုင်နှင့်လည်းကောင်း၊ ကြေးကြိုး နံပါတ်(၈)များကို ကြေးကြိုးနံပါတ်(၄) ကြိုးအကြီး များဖြင့်လည်း ကောင်း လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လဲလှယ် ရန် ဆွေးမြေ့သစ်သားတိုင် ၆၅ တိုင်ကျန်ရှိပါကြောင်း၊၊
သာစည်မြို့နယ်နည်းတူ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်လည်း ယခင် ၁၅ နှစ်ကျော် ကာလကတည်းက တည်ဆောက်ခဲ့သော ဓာတ်အားလိုင်းများသည် သစ်သားတိုင်၊ သံတိုင်များဖြစ်၍ ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် ခွဲဝေရရှိသောရန်ပုံငွေပေါ်မူတည်ပြီး နှစ်စဉ်အပိုင်းလိုက် အစီအမံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ထို့ကြောင့် သာစည်မြို့နယ်အတွင်း ကျန် ရှိသော ဟောင်းနွမ်းဆွေးမြေ့ သစ်သားတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်း များ၊ ကြိုးအသေးများကို ကြိုးအကြီးဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကို လာမည့်နှစ်မှ စတင် ကာ နှစ်အလိုက်ရ ရှိသော ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေပေါ်မူတည်ပြီး ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။
