(င)-စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ယဉ်ကျေးမှုဒေသမှ တစ်နှစ်လျှင်ဝင်ငွေမည်မျှရရှိ၍ ရရှိသော ဝင်ငွေအား မည်သို့ခွဲဝေသုံးစွဲသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၆.၆.၂၀၁၄)

ဦးခင်မောင်သိန်း (စစ်ကိုင်း)၁၉၉၆ ခုနှစ် ဧပြီလမှစ၍ မင်းကွန်းယဉ်ကျေးမှုဒေသကို လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားများအား မင်းကွန်းဒေသဖွံ့ဖြိုးရေးအစီအစဉ်နှင့် နိုင်ငံခြားသားတစ်ယောက်လျှင် နိုင်ငံခြားငွေ သုံးဒေါ်လာကို မင်းကွန်း စက်တော်ရာဘုရားအနီးတွင် ရုံးဖွင့်ပြီး စတင်ကောက်ခံခဲ့ကြပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်၌ ရန်ပုံငွေကို တစ်ဝက်စီခွဲဝေသတ်မှတ်၍ သဘောတူဆောင်ရွက်ခဲ့ရာ နှစ်နှစ်နီးပါးခန့် ကောင်းမွန်စွာဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၀၂-၂၀၀၃ ခုနှစ်မှစပြီး၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ အပြီးအပိုင်ကောက်ခံပြီး နိုင်ငံခြားငွေ သုံးဒေါ်လာမှ မြန်မာငွေကျပ် သုံးထောင်သို့ ပြောင်းလဲကောက်ခံခဲ့ပြီး ၂၀၁၄ ခုနှစ်သို့ ရောက်ရှိခဲ့သော်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ မင်းကွန်းဒေသ ဘက်စုံဖွံ့ဖြိုးရေးကို ထင်သာမြင်သာ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ မင်းကွန်းဒေသမှ နိုင်ငံခြားဝင်ငွေသည် နိုင်ငံတော်သို့ ရောက်/မရောက်ပင် မသိရှိရကြောင်း၊ မင်းကွန်းဒေသတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိသည့် အပြင် ယဉ်ကျေးမှုနယ်မြေဟု သတ်မှတ်သည့် ဧရိယာအတွင်း သန့်ရှင်းရေးများ မလုပ်နိုင်ဘဲ ခြင်္သေ့ကြီး၊ ပုထိုးတော်ကြီးတို့တွင် ချုံ၊ နွယ်၊ ပိတ်ပေါင်းများ ရှိနေပါသဖြင့် သန့်ရှင်းရေးလုပ်သား အင်အားတိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ မင်းကွန်းယဉ်ကျေးမှုဒေသ နိုင်ငံခြားသားများထံမှ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တစ်နှစ်လျှင် ဝင်ငွေမည်မျှရရှိ၍ ရရှိသောဝင်ငွေအား မည်သို့မည်ပုံခွဲဝေသုံးစွဲနေသည်ကို သိရှိလိုပါကြောင်းနှင့် ၎င်းဝင်ငွေအား မင်းကွန်းယဉ်ကျေးမှုသတ်မှတ်နယ်မြေအတွင်း ခွဲဝေသုံးစွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ
အဖြေ

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူစစ်ကိုင်းတိုင်း၊ မင်းကွန်းရှိ မြသိန်းတန်ဘုရား၊ မင်းကွန်းခေါင်းလောင်းရုံ၊ ပုထိုးတော်ကြီး၊ ခြင်္သေ့နှစ်ကောင်နေရာ၊ စက်တော်ရာဘုရား၊ ပုံတော်စေတီတို့ကို ၁၈-၅-၂၀၀၁ ခု ရက်စွဲပါ ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် (Ancient Monument Zone) အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စစ်ကိုင်း ဌာနခွဲ မင်းကွန်းတွင် ယဉ်ကျေးမှုဇုန် ဝင်ကြေးကောက်ခံရေးအတွက် ဝန်ထမ်း ၄ ဦးနှင့် အစောင့် ဝန်ထမ်းတစ်ဦးကိုသာ စစ်ကိုင်းရုံမှခွဲပြီး တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ မင်းကွန်းတွင် သီးသန့်ဖွဲ့စည်းပုံပါ ဝန်ထမ်းခန့်မထားနိုင်ခဲ့ပါကြောင်း၊ ဇုန်ဝင်ကြေးကောက်ခံမှုတစ်ခုတည်းကိုသာ တာဝန်ပေးဆောင်ရွက်ခဲ့ရာ (က) ၂၀၀၈-၂၀၀၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၁၅၃၁ ဒေါ်လာ၊ (ခ) ၂၀၀၉-၂၀၁၀ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၁၀၅၇ ဒေါ်လာ၊ (ဂ) ၂၀၁၀-၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၉၆၉၆၀ ဒေါ်လာ၊ (ဃ) ၂၀၁၁-၂၀၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၃၁၈၈၃ ဒေါ်လာ၊ (င)၂၀၁၂-၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၀၀၃၁၉ ဒေါ်လာနှင့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂၀၄၃၆ ဒေါ်လာနှင့် မြန်မာကျပ်ငွေ ၁၉၄၄.၃ သိန်းကျပ် ရရှိပါကြောင်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၂၁၈၆ ဒေါ်လာနှင့် မြန်မာငွေ ၁၉၄၄.၃ သိန်းကျပ်ရရှိခဲ့ပါကြောင်း၊ ၎င်းသတ်မှတ်ငွေများသည် ဇုန်ဝင်ကြေး ကောက်ခံရရှိငွေ ဖြစ်သောကြောင့် ဘဏ္ဍာရေးစည်းမျဉ်းအရ နိုင်ငံတော်အရငွေကို ပေးသွင်း ခဲ့ရပါကြောင်း၊ ထို့ကြောင့် ယနေ့အထိ အစိုးရ ရငွေ စာရင်းကို ဇုန်ကြေးရရှိမှု အားလုံးသွင်းလိုက်သည်မှအပ အခြားမည်သူ့ကိုမျှ ခွဲဝေမပေးခဲ့ပါကြောင်း၊ သာမန်အားဖြင့် မင်းကွန်းတစ်ရပ်လုံးနှင့် စစ်ကိုင်းတိုင်းအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သုံးစွဲခဲ့သည်မှာ စစ်ကိုင်းတိုင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန်အတွက်နှင့် ၂၀၀၂-၂၀၀၃ ခုနှစ်မှ ၂၆၅ သိန်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ၆၈၃.၆ သိန်း၊ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၆၈၀.၅ သိန်းနှင့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ၆၈၀.၆၇ သိန်း၊ ၂၀၁၂-၂၀၁၃ ခုနှစ် မှာ ၇၃၀ သိန်းနှင့် ၂၀၁၃-၂၀၁၄ ယခုနှစ်တွင် ၇ သိန်းခွဲဝေရရှိမှုနှင့်အတူ သုံးစွဲခဲ့ပါကြောင်း၊ ဝန်ထမ်းခန့်ထားခြင်းမှာ လတ်တလောအချိန်တွင် အင်အားနည်းပါးနေသောကြောင့် ဖွဲ့စည်းပုံအရသာ တာဝန်ပေးအပ်နိုင်ခြင်းဖြစ်ပြီး လက်ရှိလူအင်အားနှင့် မြန်မာနိုင်ငံအတွင်း ရှေးဟောင်း ယဉ်ကျေးမှုဇုန် ၄၆ ဇုန်နှင့် တိုင်းဒေသ၊ ခရိုင်ရုံးခွဲများ၊ ယဉ်ကျေးမှုအဆောင်အအုံ စီမံရန်တာဝန် ပေးအပ်ထားခြင်းကြောင့် အနည်းငယ် အခက်အခဲရှိပါကြောင်း၊ ဇုန်ဝင်ကြေးအသီးသီးမှ ရငွေများသည် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ အားလုံးနှင့်လုပ်ငန်းများအတွက် သာမန်အသုံးစရိတ်ကိုပင် ကိုက်ညီပြေလည်အောင် မရရှိနိုင်သည့်အတွက် ဖွဲ့စည်းပုံတိုးရေး၊ ယာယီ၊ နေ့စား၊ ပုတ်ပြတ် စသည်ဖြင့်ဝန်ထမ်းတိုးမြှင့်ရေး မရှိပါကြောင်း၊ မင်းကွန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် မင်းကွန်း(၄) ဌာန ဂေါပကအဖွဲ့၊ တစ်ဖွဲ့နှင့်  အလှူငွေကောက်ခံကြောင်း သိရှိရပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှ တိုက်ရိုက်ဆောင်ရွက်ခြင်း မဟုတ်သောကြောင့် စိစစ်မေးမြန်းခြင်းမရှိခဲ့ပါကြောင်း၊ တင်ပြပါ မင်းကွန်းလေးဌာန ဂေါပကအဖွဲ့မှ ဈေးဆိုင်များကို နေရာချထားပြီး ကောက်ခံရရှိသည့် အလှူငွေနှင့် သန့်ရှင်းရေးလုပ်သည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ကဏ္ဍခွဲ၍ ဖြေရပါလျှင် (၁) ဇုန်ဝင်ကြေးတစ်နှစ်ကို ပျမ်းမျှ ၈၇၀၀၀ ဒေါ်လာခန့်ရရှိပြီး နိုင်ငံတော် ရငွေပေးသွင်းပါကြောင်း၊ မည်သူနှင့်မည်သည့်အဖွဲ့အစည်းကိုမျှ ခွဲဝေပေးခြင်းမရှိဘဲ အသုံးလိုလျှင် ဘတ်ဂျက် တောင်းခံသုံးစွဲရမည်ဖြစ်ပါကြောင်း၊ (၂) ဝန်ထမ်းတိုးမြှင့်ခန့်ထားရန် မရှိသေးပါကြောင်း၊ (၃) သန့်ရှင်းရေး လုပ်ဆောင်မှုသည် မြို့ပြကျေးရွာ စီမံခန့်ခွဲမှုကိစ္စဖြစ်ပါ၍ လာမည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အခြားနည်းလမ်းတစ်ခုအနေဖြင့် ပုဂ္ဂလိက Tourism နှင့်ဆိုင်သော အဖွဲ့ အစည်းတစ်ခုခုကို လုပ်ငန်းအပ် ဆောင်ရွက်သွားစေပါလျှင် ကောင်းမည်ဟုကြံဆကြည့်မည့် ပါကြောင်းရှင်းလင်းဖြေကြားပါသည်။