မန္တလေးတိုင်းဒေသကြီး မြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် ၁၂၅၀/၂၀၁၀ တွင် တရားလို ဒေါ်မြနှင်းဝေ၏ ထွက်ဆိုချက်အရ ဦးမျိုးဆွေသိမ်းပိုင် မန္တလေးမြို့ ၂၈ လမ်း၊ ၈၀-၈၁ လမ်းကြားရှိ (၄) ထပ်တိုက်နှင့် ရေပိုင်ဆိုင်မှုစာရွက်စာတမ်းများကို တရားလိုထံ သို့ အာမခံအဖြစ်ပေးအပ်၍ ငွေချေးပေးခဲ့ကြောင်း ထင်ရှားပေါ်လွင်ပါလျက် သာမာန်ပဋိညာဉ်ချိုးဖောက်မှုကို တရားစီရင်ရေး ယန္တရားအား အလွဲသုံးစားပြု၍ ပြစ်မှုကြောင်းအရ စွဲဆိုထားသဖြင့် နိုင်ငံသားတစ်ဦး နစ်နာနေသည်ကို သိရှိမှု ရှိ/မရှိ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ဦးမျိုးဆွေသိမ်း၏ တင်ပြချက်အပေါ် ဥပဒေနှင့်အညီ ဆုံးဖြတ်ထားမှု မရှိကြောင်း ပုဒ်မ ၄၂၀ ဖြင့် ဦးမျိုးဆွေသိမ်းအား ရာဇဝတ်မှုအဖြစ် အရေးယူထားခြင်းသည် မှားယွင်းနေကြောင်း အာမခံထား၍ ငွေချေးယူထားရသည်မှာ ပေါ်လွင်ထင်ရှားနေကြောင်း သုံးသပ်တွေ့ရှိချက်ကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က မည်ကဲ့သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မေးခွန်းပါအမှုဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ၇ပ်ကွက်နေ ဒေါ်မြနှင်းဝေထံမှ ခင်မင်ရင်းနှီးသူ ဦးမျိုးဆွေသိမ်းက ငွေကျပ်သိန်း ၂၅၀၀ ချေးယူခဲ့ကြောင်း၊ ချေးယူရာတွင် ရွှေများကိုသာချေးရန်နှင့် ရွှေများအတိုင်း ပြန်ဆပ်မည်ဟု ပြော ဆိုပြီး ရွှေချောင်း ၄၄ ချောင်း၏ ရွှေချိန်စာရင်းမှတ်သားပြီး တန်ဖိုးငွေကျပ်သိန်း ၂၅၀၀ ကျပ်ကိုသတ်မှတ်၍ (၃)နှစ်အတွင်း ပေးဆပ်ရန် စာချုပ်တွင်လက်မှတ်ရေးထိုး၍ လက်ဗွေနှိပ်ကာယူသွားခဲ့ကြောင်း၊ (၃)နှစ်ပြည့်ရန် နှစ်လအလိုတွင် ရွှေချောင်းများ ကို ပြန်လည်ပေးရန် တောင်းခံရာ ဦးမျိုးဆွေသိမ်းသည် အတွေ့မခံဘဲ အကြောင်းအမျိုးမျိုးပြ တိမ်းရှောင်နေခဲ့ကြောင်း၊ ထို့နောက် ဦးမျိုးဆွေသိမ်းသည် ချမ်းအေးသာစံ မြို့နယ်တရားရုံး အချုပ်ခန်းတွင် အမှုနှင့် ရင်ဆိုင်ဖြေရှင်းနေရကြောင်းသိရ၍ သွားရောက်တောင်းခံသော်လည်း ငြင်းဆန်နေကြောင်း၊ ဇနီးဖြစ်သူကလည်း ရွှေချောင်းများ ချေးယူသည့်ကိစ္စမသိကြောင်း ငြင်းဆန်ခဲ့ပါကြောင်း၊ ဦးမျိုးဆွေသိမ်းသည် ရွှေချောင်းများ ကို ချေးယူစဉ်ကပင် ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ချက်မရှိဘဲ မရိုးမဖြောင့်သောသဘောဖြင့် လိမ်လည်သွားသောကြောင့် အရေးယူပေးပါရန် ဒေါ်မြင်နှင်းဝေက ၁၅-၁၂-၂၀၁၀ နေ့တွင် ချမ်းမြသာစည်မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထား ပြောဆိုသဖြင့် ချမ်းမြသာစည် မြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၁၂၅၀/၂၀၁၀ ဖွင့်လှစ်ဆောင်ရွက်ပြီး ဦးမျိုးဆွေသိမ်း အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ အရ အရေးယူခဲ့ပါကြောင်း၊ ဒေါ်မြနှင်းဝေမှ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းမပြုမီ ရဲစခန်းတွင် ရှေးဦးစွာ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာအရေးယူ ခဲ့ခြင်းမရှိခဲ့သဖြင့် တရားရုံးတွင် ဦးတိုင်လျှောက်ထား တရားစွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုပြီးနောက် ၂၈-၂-၂၀၁၁ နေ့တွင် ချမ်းမြသာစည်မြို့နယ်အမှတ် ၁၁ ရဲစခန်းက ဦးမျိုးဆွေသိမ်းအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် အရေးယူပြီး တရားစွဲတင်ပို့သဖြင့် ချမ်းမြသာစည်မြို့နယ်တရားရုံး၊ ပြစ်မှုကြီးအမှတ် ၂၆၀/၂၀၁၁ ဖြင့် လက်ခံဖွင့်လှစ်ခဲ့ပါကြောင်း၊ ယင်းအမှု (၂) မှုသည် အမှုအဖြစ်အပျက်နှင့် တရားလို၊ တရားခံတို့ တူညီနေသဖြင့် ပြစ်မှုကြီးအမှတ် ၂၆၀/၂၀၁၁ ကို ပိတ်သိမ်းပြီး အဆိုပါအမှုမှ စာရွက်စာတမ်းများကို ပြစ်မှုကြီးအမှတ် ၁၂၅၀/၂၀၁၀ သို့ ပြောင်းရွှေ့ပြီး တပေါင်းတည်း စစ်ဆေးခဲ့သောအမှုဖြစ်ပါကြောင်း၊ တရားလိုပြသက်သေ စစ်ဆေးနေစဉ် ဦးမျိုးဆွေသိမ်းက ၎င်းအပေါ် စွဲဆိုထားသည့်အမှုအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁-က အရ ချေဖျက်ပေးရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားရာ အောင်မြင်ခြင်း မရှိသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအဖြစ် ဆက်လက်တင်သွင်း လျှောက်ထားခဲ့ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်၏ အမိန့်ကို အတည်ပြုပြီး ပြင်ဆင်မှုကို ပလပ်ခဲ့ပါကြောင်း၊ ချမ်းမြသာစည်မြို့နယ်တရားရုံးက တရားလို ဒေါ်မြနှင်းဝေအပါအဝင်တရားလိုပြ သက်သေ (၉) ဦးစစ်ဆေးပြီးနောက် ၅-၇-၂၀၁၂ နေ့တွင် ဦးမျိုးဆွေသိမ်းအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် စွဲချက်တင်ခဲ့ပါကြောင်း၊ ဦးမျိုးဆွေသိမ်းက ၎င်းအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရ စွဲချက်တင်စစ်ဆေးခဲ့သည့် ချမ်းမြသာစည်မြို့နယ် တရားရုံး၏ အမိန့်ကိုမကျေနပ်၍ မန္တလေးခရိုင်တရားရုံးသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့လည်းကောင်း ပြင်ဆင်မှု များ အဆင့်ဆင့်တင်သွင်းလျှောက်ထားခဲ့သော်လည်း အောင်မြင်ခြင်းမရှိပါကြောင်း၊ မြို့နယ်တရားရုံး၏ အမိန့်များကို အခြားတရားရုံးများက အတည်ပြုခဲ့ပါကြောင်း၊ ချမ်းမြသာစည်မြို့နယ်တရားရုံး၊ ပြစ်မှုကြီးအမှတ် ၁၂၅၀/၂၀၁၀ အမှုတွင် တရားလို ဒေါ်မြနှင်းဝေအတွက် မြို့နယ်ဥပဒေအရာရှိ၏ ကြီးကြပ်မှုဖြင့် တရားလွှတ်တော်ရှေ့နေ ဦးသန်းနိုင်မှ လိုက်ပါဆောင်ရွက်ခဲ့ပြီး တရားခံဦးမျိုးဆွေသိမ်းအတွက် တရားလွှတ်တော်ရှေ့နေဦးသိန်းညွန့်(ကော့ကရိတ်) နှင့် အထက်တန်းရှေ့နေ ဒေါ်နွယ်၊ တရားလွှတ်တော်ရှေ့နေ ဦးကိုကိုလေး၊ တရားလွှတ်တော်ရှေ့နေ ဦးထိန်းလင်းတို့က ကိုယ်စားလှယ်စာ တင်သွင်း ဆောင်ရွက်ခဲ့ကြောင်း အမှုတွဲမှတ်တမ်းများအရ တွေ့ရှိရပါကြောင်း။
အဆိုပါအမှုကို ချမ်းမြသာစည်မြို့နယ်တရားရုံးက တရားခံနှင့်တရားခံပြသက်သေများအား ဆက်လက်စစ်ဆေးခဲ့ပြီးနောက် ၉-၄-၂၀၁၄ နေ့တွင် ဦးမျိုးဆွေသိမ်းအား အမှုမှ အပြီးအပြတ် (တရားသေလွှတ်) ကြောင်း စီရင်ချက်ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ချမ်းမြသာစည်မြို့နယ် တရားရုံးက ဦးမျိုးဆွေသိမ်းအား အမှုအပြီးအပြတ်လွှတ်သည့်အမိန့်အပေါ် တရားလိုမှမကျေနပ်ပါက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ အယူခံ တင်သွင်းခွင့် ရှိပါကြောင်း၊ ထိုသို့ အယူခံတင်သွင်းခွင့် ကျန်ရှိနေသည့်အမှုပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စကားဦးသန်း၍ သဘောထားထင်မြင်ချက်ပေးပါက အမှုအပေါ် ကြိုတင်ဆုံးဖြတ်ရန် ရောက်နိုင်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးမူကိုလည်း ထိခိုက်စေနိုင်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၉ (င) တွင် တရားရုံး (၁) ရုံးက ဆုံးဖြတ်ချက်မချမှတ်ရသေးသော မည်သည့်ကိစ္စကိုမျှ ရည်ညွှန်းထည့်သွင်းပြောဆိုခြင်းမရှိရန် တားမြစ်ထားပါအကြောင်း၊ ထို့အတူ ဦးမျိုးဆွေသိမ်း တင်ပြမှု အပေါ်ဥပဒေနှင့်အညီ ဆုံးဖြတ်ထားမှုမရှိကြောင်း၊ ပုဒ်မ ၄၂၀ ဖြင့်ဦးမျိုးဆွေသိမ်းအား ရာဇဝတ်ဖြင့် အရေးယူထားခြင်းမှာ မှားယွင်းနေကြောင်း အာမခံထားသည့် ငွေချေးယူထားသည်မှာ ပေါ်လွင်ထင်ရှားနေကြောင်း သုံးသပ်တွေ့ရှိလျက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မည်သို့သဘောထားပါသလဲဟု ထည့်သွင်းမေးမြန်းထားတာကို တွေ့ရပါကြောင်း၊ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၁၄၀ အပိုဒ်ခွဲ (ဂ) တွင် ကိစ္စတစ်ရပ်အတွက် ထင်မြင်ယူဆချက်ကို တောင်းဆိုခြင်းကို ဖော်ပြမေးမြန်းခြင်း မပြုရဟု ကန့်သတ်ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အပြီးသတ်ဆုံးဖြတ်ရခြင်း မရှိသေးသည့်အမှုအပေါ် သဘောထားပေးရန် မရှိပါကြောင်းနှင့် လက်အောက်တရားရုံးများက အပြီးသတ်ဆုံးဖြတ်ချက် မချမှတ်ရသေးသည့် အမှုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေပါ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးမူနှင့်အညီ သဘောထားမှတ်ချက်ပေးရန်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
