(ဃ)လွိုင်လင်၊ပင်လုံ၊မိုင်းပွန်၊နမ့်စမ်ဒေသများသို့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၃)

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်နှင့် နမ့်စန်ဒေသများမှာ နေထိုင်ကြသော တိုင်းရင်းသား မိဘပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်လည်းကောင်း၊ ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာစေရန်လည်းကောင်း၊ သဘာဝတောတောင် ရှုခင်းများကို အခြေခံလျက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို ကုန်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်းတို့မှ တရားဝင် လာရောက်ကြသော ကမ္ဘာလှည့်ခရီးသည်များနှင့် သံတမန်များ၊ နိုင်ငံတကာဆက်ဆံရေး လမ်းကြောင်းမှ လာရောက်ကြသော နိုင်ငံခြားဧည့်သည်များအတွက် ခရီးသွားလာမှုနှင့် ပတ်သက်သော နယ်မြေဒေသ သတ်မှတ်ချက်များကို နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားသားများ၏ လုံခြုံရေးတို့အရ ခရီးသွားလာခွင့်ပြုဒေသများကို ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာတွင် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

ယခုအခါ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ယခင်ကသတ်မှတ်ခဲ့သော သတ်မှတ်နယ်မြေဒေသများမှာ ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အပြင် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာမှုမှာလည်း တိုးတက်လာသည့်အတွက် ကမ္ဘာလှည့်ခရီးသည် များနှင့် နိုင်ငံခြားသားများအတွက် ပြည်တွင်းသွားလာမှု နှင့်ပတ်သက်သော နယ်မြေဒေသ သတ်မှတ်ချက်များကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၇/၂၀၁၃ နှင့် အသစ်ပြန်လည် သတ်မှတ် ခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ သံတမန်နှင့် နိုင်ငံတကာ ဆက်ဆံရေး လမ်းကြောင်းမှ လာရောက်ကြသည့် နိုင်ငံခြားဧည့်သည်များအတွက် ၎င်းတို့၏အစီအစဉ်ကို focal Point အဖြစ် တာဝန်ခံဆက်သွယ်ဆောင်ရွက်သော ဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးများကို တင်ပြခွင့်ပြုချက်ရယူပြီး ယင်းမှခွင့်ပြုသည့် ခရီးစဉ်အတိုင်း သွားလာခွင့်ပြုသွားမည်ဖြစ် ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၇/၂၀၁၃ အရ ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံခြားသားများအတွက် ပြည်တွင်းသွားလာမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ သွားလာခွင့်ပြုနယ်မြေများမှာ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲ၊ ကျိုင်းလပ်မြို့နယ်ခွဲ၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဆီဆိုင် မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံး ကြီးမြို့နယ်ခွဲ၊ ပင်းတယမြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲ၊ ဟိုပုံးမြို့နယ်၊ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ နှင့်လားရှိုးမြို့နယ်တို့ဖြစ်ပါသည်။

မြို့ပေါ်ကိုခွင့်ပြုပြီး မြို့ပြင်ကို ခွင့်ပြုချက်တောင်းခံရန် သတ်မှတ်ထားသောနယ်မြေများမှာ  ကွမ်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ မိုင်းလုံမြို့နယ်ခွဲ၊ နမ္မတူမြို့နယ်၊ နောင်ချိုမြို့နယ်၊ မဘိမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ သီပေါမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့နယ်ခွဲ၊ မိုင်းလားမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ် မြို့နယ်ခွဲ၊ မိုင်းပျင်းမြို့နယ်၊ တုံတာမြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ၊ မုံးထမြို့နယ်ခွဲ၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲ၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ သိန္နီမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့နယ်ခွဲ၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲ၊ နမ့်စန်မြို့နယ်၊ ခိုလံမြို့နယ်ခွဲ၊ လဲချားမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲနှင့် ဟိုပန်မြို့နယ်၊ နမ့်တစ်မြို့နယ်ခွဲ၊ ပန်လုံမြို့နယ်ခွဲတို့ ဖြစ်ပါသည်။

ခွင့်ပြုချက်တောင်းခံရမည့်နယ်မြေများမှာ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲ၊ မိုင်းပန်မြို့နယ်၊ မောက်မယ်မြို့နယ်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့နယ်ခွဲ၊ ကုန်းကြမ်းမြို့နယ်၊ မော်ထိုက်မြို့နယ် ခွဲ၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ မိုင်းကိုင်မြို့နယ်၊ မိုင်းရှူး မြို့နယ်၊ မိုင်းစံ(မုန်းဆန်း) မြို့နယ်ခွဲ၊  မက်မန်းမြို့နယ်၊ နားဖန်မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ ပန်ဆန်း (ပန်ခန်း) မြို့နယ်၊ မန်ကန်မြို့နယ်ခွဲနှင့် မိုင်းမောမြို့နယ်ခွဲများကို ခွင့်ပြုချက်တောင်းခံရမည်နယ်မြေအဖြစ် သတ်မှတ်ထားပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်မြို့သည် တောင်ကြီးမြို့နှင့် ၅၇ မိုင်အကွာတွင် တည်ရှိပြီး တောင်ကုန်းတောင် တန်းများ ထူထပ်ပေါများ သည့်အပြင် ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၄၇ ပေ အမြင့်တွင်တည်ရှိပါသည်။ ရာသီဥတုအနေအရ အေးမြသောရာသီဥတုဖြစ်ပြီး သဘာဝသစ်တောနှင့် ထင်းရှူးတောများအပြင် စိမ်းစိုအေးချမ်းသာယာလျက်ရှိပါသည်။ လွိုင်လင်မြို့၏ မြောက်ဘက် ၆ မိုင် ခန့်အကွာတွင်တည်ရှိသော ပင်လုံမြို့သည် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်များ က ပြည်မ တောင်တန်းပူးပေါင်းရေး သမိုင်းဝင်စာချုပ်ချုပ်ဆိုပြီး ပြည်ထောင်စုအုတ်မြစ်ချခဲ့သော ပြည်ထောင်စု စိတ်ဓာတ်တည်ရာဒေသလည်းဖြစ်ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် ပင်လုံမြို့နယ်ခွဲတို့ကို တောင်ကြီးမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် သွားရောက် လည်ပတ်နိုင်ပြီး ယခုအခါ ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေးနှင့် ညောင်ရွှေဒေသများတွင် နိုင်ငံခြားသားများ တည်းခိုနိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ရယူ ဆောင်ရွက်ထားသော ဟိုတယ် ၄၆ လုံးနှင့် တည်းခိုခန်း ၂၀ ခုရှိပြီး စုစုပေါင်းအခန်း ၁၈၃၇ ခန်းရှိကြောင်း သိရှိရပါကြောင်း၊ ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့စေရန်၊ ကမ္ဘာလှည့် ခရီးသည်များ ဆောင်ရန်/ ရှောင်ရန်နှင့် ခရီးသွားလုပ်ငန်းမှာ ဒေသခံပြည်သူများ ပါဝင်ဆောင်ရွက် နိုင်စေရန် ပြည်ပမှပညာရှင်များ၏ အကူအညီနှင့် Policy for Responsible Tourism, Do & Don't for International Visitor, Policy for Community Involvement in Tourism စာအုပ်၊ စာစောင် တွေကို ပြည်နယ်/ တိုင်းဒေသကြီးများအထိ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကိုလည်း ထုတ်ဝေဖြန့်ချီနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၃၇/၂၀၁၁ ဖြင့် နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းဒီကော်မတီက လုပ်ငန်းတာဝန်များသတ်မှတ်ပေးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်း / ပြည်ပလေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဝင်ပေါက်တို့မှာ လုံခြုံရေးနှင့် စည်းကမ်းတကျရှိစေရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်၏ လုံခြုံရေးအတွက် Black List စာရင်းဝင်နိုင်ငံခြားသားများ ဝင်ရောက်မှု မရှိစေရေး တားဆီးကာကွယ်ပူးပေါင်းဆောင်ရွက်ရန်တို့ကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။ အလားတူ သွားရောက်လည်ပတ်လိုသော နယ်မြေခရီးစဉ်များမှာ ကန့်သတ်ဒေသဖြစ်ပါက ခွင့်ပြုမိန့်မြန်ဆန်စွာရရှိရေး၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေလုံခြုံချော မွေ့စွာလည် ပတ်နိုင်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ဆိုသည့်အချက်ကို သက်ဆိုင်ရာ တိုင်း/ ဒေသကြီး/ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသော နိုင်ငံခြားဧည့်သည်များအနေဖြင့် ကန့်သတ်ဒေသ လမ်း ကြောင်းများအပြင် အခြားဒေသများကိုပါ သွားရောက်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များမှာရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများကို ဆက်သွယ်လာပါက ခွင့်ပြုချက်အမြန်ဆုံးရရှိရေး အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အကူအညီ တောင်းခံလာပါကလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာသော နိုင်ငံခြားသားဧည့်သည်များကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်ခွင့်ပြုပေးလျက်ရှိပြီး ယင်းနိုင်ငံခြားသားဧည့်သည်များ အတွက် နိုင်ငံတော်အစိုးရက သတ်မှတ်ကြေညာထားသောနာမည်ပျက် စာရင်းတွင် ပါဝင်ခြင်းရှိ/မရှိကို သတင်းတပ်ဖွဲ့မှ စိစစ်ပြီး နာမည်ပျက်စာရင်းမှာ မပါဝင်သူများကို သတ်မှတ်ဗီဇာ၊ စည်းကမ်းများနှင့် ညီညွတ်ပါက နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်၊ လှည့်လည်သွားလာ ခွင့်နှင့် ကြည့်ရှုလေ့လာခွင့်တို့ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါနိုင်ငံခြားသားဧည့်သည်များ မြန်မာနိုင်ငံအနှံ့ လှည့်လည်သွားလာရာတွင်လည်း မြန်မာ နိုင်ငံအနှံ့မှာရှိ ရဲတပ်ဖွဲ့စခန်းအသီးသီးမှ ရဲတပ်ဖွဲ့ဝင်များက နေ့/ည လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသော အခြေအနေများအရ မြန်မာနိုင်ငံ အတွင်းကို နိုင်ငံတကာမှ စီးပွားရေး ရင်းနှီးမြှုပ်နှံ လိုသူများ၊ မြန်မာနိုင်ငံရေမြေ သဘာဝနှင့် ရှေးဟောင်းအမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကို လေ့လာလိုသူ၊ ကမ္ဘာ လှည့်ခရီးသည်များ ဝင်ရောက်လာမှုမှာ နှစ်စဉ်တိုးတက်လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံခြားသား ဧည်‌့သည်များ မြန်မာနိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားလာ၊ ထွက်ခွာမှုများနှင့် ပတ်သက်၍ ကမ္ဘာလှည့်ခရီးသည်များကို လုံခြုံရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့အသစ်ကိုလည်း တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်နှင့် နမ့်စန်ဒေသများက ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲပါအမိန့်ကြေညာစာ အမှတ် ၇၇/၂၀၁၃ အရ မြို့ပေါ်ခွင့်ပြု၊ မြို့ပြင်ခွင့်ပြုချက်တောင်းခံရန် နယ်မြေထဲတွင်ပါဝင်သည့်အတွက် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မြို့ပေါ်သွားလာလိုပါက ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ မြို့ပြင်သွားလာမည်ဆိုပါက ခွင့်ပြုချက်တောင်းခံပြီး သွားလာနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။