၂၀၀၆ ခုနှစ်မတိုင်မီ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အရက်လိုင်စင်များကို ပုဂ္ဂလိကများသို့ ချပေးခဲ့သဖြင့် အရက်ဆိုင်များ စည်းကမ်းမဲ့ဖွင့်လှစ်ခြင်းကြောင့် အရက်သောက်သူများပြားခြင်း၊ အရက်ကြောင့် အသက်ဆုံးရှုံးသူများ၊ အိမ်ထောင်ရေး ပြဿနာများ၊ လူငယ်များ အကျင့်စာရိတ္တပျက်စီးခြင်း၊ ခိုးမှု၊ ဖောက်ထွင်းမှုများကြောင့် ရပ်ရွာအေးချမ်း သာယာမှုု ထိခိုက်ခြင်းများ ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြို့မိ မြို့ဖ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဘာသာရေးအဖွဲ့များ ပူးပေါင်း၍ အရက်လိုင်စင် ရယူခြင်းဖြင့် ပိတ်ပင်တားဆီးနိုင်ခဲ့ပြီး ပြဿနာ များ လျော့နည်းခဲ့သော် လည်း ၎င်းတို့အနေဖြင့် အရက်လိုင်စင်များ ရာသက်ပန် ယူရန် မဖြစ်နိုင်သောကြောင့် အရက်လိုင်စင်များ ကို ပုဂ္ဂလိကများသို့ ထပ်မံချပေးပါက ပြဿနာ များ ပြန်လည် ပေါ်ပေါက်လာ မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံဥပဒေပုဒ်မ ၁၈၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ဥပဒေပြုစာရင်းပါ ကိစ္စရပ် ၂၄ ရပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသ သော်လည်းကောင်း၊ အာဏာ သက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ အပိုဒ်(၁) ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍအောက်ရှိ အပိုဒ်ခွဲ(ဃ)ပါ ယစ်မျိုးခွန်ကို ထန်တလန်မြို့နယ်အတွက် တားမြစ် ပိတ်ပင်နိုင်ရန် လိုအပ်သော ဥပဒေကို ထုတ်ပြန်ပေးနိုင်ရန်နှင့် ထန်တလန်မြို့တွင် ၂၆-၃-၂၀၁၃ ရက်နေ့၌ ပြည်သူ လူထု ၂၀၀၀ ကျော်မှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ပြီး ယင်း အရက် လိုင်စင်များ ပိတ်ပင်ပေးပါရန် ဆန္ဒပြုပြည်သူ လူထု ၁၃၆၅ ၏လက်မှတ်ကို လည်း ရေး ထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ချင်းတိုင်းရင်းသားများသည် အရက်ကို စည်းကမ်း မရှိ သောက်သုံးသဖြင့် အထူး အလေးပေး ဆောင်ရွက်ပေးရန် မေးမြန်းပါသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်သည် ဟားခါးမြို့မှ ၂၄ မိုင် ကွာဝေးပြီး လူမှုရေးခက်ခဲသဖြင့် လူမှုရေး၊ စီးပွားရေးများ မြှင့်တင်ပေးရန် အထူးလိုအပ်သော ဒေသဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်မတိုင်မီ မြို့နယ်အတွင်း အရက်လိုင်စင်များကို ပုဂ္ဂလိကသို့ ရောင်းချခွင့်ပြုခဲ့သော်လည်း အရက်ဆိုင်များ စည်းကမ်းမဲ့စွာ ဖွင့်လှစ်ရောင်းချမှုကြောင့် ဒေသအတွင်း နေထိုင်သူများသည် အကျင့်စာရိတ္တပျက်ပြားပြီး ပညာရေးနိမ့်ကျသည့်အပြင် ရပ်ရွာအေးချမ်းသာယာရေးကိုလည်း ထိခိုက် လာနိုင်သောကြောင့် အရက်လိုင်စင်များကို တားမြစ်ပိတ်သိမ်းပေးရန် ဒေသခံပြည်သူများက သက်ဆိုင်ရာသို့ တင်ပြခဲ့သည့် အတွက် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် အဆိုပါလိုင်စင်များကို ပိတ်သိမ်းခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် ဘာသာရေးအသင်း အဖွဲ့များ ပူးပေါင်းပြီး ယစ်မျိုးလိုင်စင်ရယူခဲ့ပြီး ထိန်းသိမ်း ဆောင် ရွက် ခဲ့ခြင်းကြောင့် ဒေသအတွင်း လူမှုရေးပြဿနာများ လျော့နည်းကာ ရပ်ရွာအေးချမ်းသာယာရေး တိုးတက်ခဲ့သည် ကို သိရှိပါကြောင်း၊ သို့သော် မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဘာသာရေးအဖွဲ့များပူးပေါင်းပြီး ယစ်မျိုးလိုင်စင် ကို ရာသက်ပန် ယူရန် မဖြစ်နိုင်သောကြောင့် ထန်တလန်မြို့နယ်အတွက် ယစ်မျိုးလိုင်စင်ကို တားမြစ်ပိတ်သိမ်းရေး လိုအပ်သည့်ဥပဒေ ထုတ်ပြန်ပေးရန် ပြည်နယ်အစိုးရကို တင်ပြလာသည့် အတွက် ပြည်နယ်ဥပဒေချုပ်ရုံးမှတစ်ဆင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ၂၄-၅-၂၀၁၃ ရက်နေ့တွင် ဥပဒေ အကြံပြုချက် တောင်းခံခဲ့သည့်အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ၁၀-၆-၂၀၁၃ နေ့တွင် လမ်းညွှန်ပြန်ကြားခဲ့ ပါကြောင်း။
ထန်တလန်မြို့နယ်ရှိ ဒေသခံပြည်သူများသည် သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရက်ဆိုင်များ ဖွင့်လှစ်ရောင်းချ ပေးရန် တင်ပြလာသည့်အတွက် ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးစီးသောအဖွဲ့သည် ထန်တ လန်မြို့နယ်သို့ သွားရောက် စစ်ဆေးခဲ့ပြီး ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့မှ ထန်တလန်မြို့တွင် အရက်သောက် သုံးမှု ပပျောက်စေရန်နှင့် လူငယ်များ အကျင့်ပျက်မှု လျော့နည်းစေရန် ရည်ရွယ်ချက်ကောင်း မွန် စွာဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် အရက်သေစာသောက်စားမှု၊ မူးယစ်ရမ်းကားမှုနှင့် မှုခင်းဆိုင်ရာများ လျော့နည်း သွားသော် လည်း ယစ်မျိုးလိုင်စင် ရယူထားရှိပြီး ဖွင့်လှစ်ရောင်းချမှု မရှိသည့်အတွက် ယစ်မျိုးဥပဒေနှင့် ညီညွတ်မှုမရှိခြင်း၊ မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာခြင်း၊ အရက်သောက်သုံးလိုသူများ အနေနှင့် သာမန်ထက် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသောက်သုံးရခြင်းတို့ကြောင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ယစ်မျိုး လိုင်စင် လျှောက်ထား ရယူလိုသူများကိုစိစစ်ပြီး တစ်ဆိုင် သို့မဟုတ် နှစ်ဆိုင် ခွင့်ပြုပေးသင့်ကြောင်း၊ ခရစ်ယာန် ဘာသာရေး အသင်း အဖွဲ့များအနေဖြင့်လည်း အရက်သောက်သုံးမှုပပျောက်စေရန် လူငယ်များကို အသိပညာပေး စည်းရုံး ဟောပြောခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲကဲ့သို့ အကျိုး/အပြစ် ဖော်ထုတ်ချက် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ လူထုဆွေးနွေးပွဲများ ပြုလုပ်၍ ဘာသာရေး အဆုံးအမများဖြင့် စည်းရုံးသိမ်းသွင်းခြင်းများ ပိုမိုဆောင်ရွက်သင့်ကြောင်းနှင့် တရားမဝင် အရက် ရောင်းချမှု မရှိစေရေး သတင်းဖော်ထုတ်ပြီး တာဝန်ရှိသူများသို့ သတင်းပေး၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီး အရေးယူ ဆောင်ရွက်ခြင်းများကို ပြုလုပ်သင့်သည်ဟု အကြံပြုတင်ပြခဲ့ပါကြောင်း၊ စစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ၉-၄-၂၀၁၃ ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၃) ဆုံးဖြတ်ချက်အပိုဒ် (၁၄)ဖြင့် စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များအတိုင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်ကို သိရှိရပါကြောင်း။
ထို့အပြင် ထန်တလန်မြို့နယ်တွင် သတ်မှတ်စည်းကမ်းနှင့်အညီ အရက်ဆိုင်များ ဖွင့်လှစ်ရောင်းချပေးရန် တင်ပြလာခြင်း၊ ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များနှင့် မြို့မိမြို့ဖတို့မှ ထန်တလန်မြို့နယ်အတွင်း အရက်ဆိုင်များ ဖွင့်လှစ် ရောင်းချခြင်းကို ကန့်ကွက်ဆန္ဒပြခြင်းတို့ကြောင့် ၁၄-၅-၂၀၁၃ ရက်နေ့ တွင် ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၃) ဆုံးဖြတ်ချက်(၇)အရ လိုင်စင်မဲ့အရက်ဆိုင်များကို ဖမ်းဆီးပိတ်ပင် သွားရန် သဘောတူဆုံးဖြတ်ခဲ့သည်ကို သိရှိရပါကြောင်း၊ ထန်တလန်မြို့နယ်အတွင်း ယစ်မျိုးလိုင်စင်များ ချထားပေး ရန်နှင့် ယစ်မျိုးလိုင်စင်များ ချထားပေးခြင်းမပြုရန် တင်ပြချက်များနှင့် စပ်လျဉ်း၍ ချင်းပြည်နယ် ဥပဒေချုပ်ရုံးမှ တစ်ဆင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေပြု အကြံဉာဏ်တောင်းခံခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ချင်းပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ အရ ယစ်မျိုးခွန် အပါအဝင် ဇယား(၂)ပါ ဥပဒေများကို ချင်းပြည်နယ် တစ်ဝန်းလုံးအတွက်ဖြစ်စေ၊ တစ်စိတ် တစ်ဒေသအတွက်ဖြစ်စေ ဥပဒေပြုခွင့်ရှိကြောင်း၊ ယစ်မျိုးခွန် ဥပဒေနှင့် စပ်လျဉ်း၍ ချင်းပြည်နယ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅၄ ပုဒ်မခွဲ(က)အရ ချင်းပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းနိုင်ရေးအတွက် ဥပဒေနှင့်အညီ ကောက်ခံသော အခွန်အခဖြစ်စေရန် ယစ်မျိုးခွန် ဥပဒေကို ပြင်ဆင်ခြင်း၊ အသစ်ပြန်ဋ္ဌာန်းခြင်းများ ပြုလုပ်ရန်လိုအပ်ခြင်း ရှိ/မရှိကို လည်းကောင်း၊ ထန်တလန်မြို့နယ် အတွက် ယစ်မျိုးခွန်ကို တားမြစ်ပိတ်ပင်သော ဥပဒေအဖြစ် ပြဋ္ဌာန်းရန် သင့်/မသင့်ကို ချင်းပြည်နယ်လွှတ်တော်သို့ တင်သွင်းဆောင်ရွက်သင့်ပါကြောင်း၊ ယစ်မျိုးခွန်သည် ဥပဒေနှင့်အညီ ကောက်ခံသော အခွန်အခဖြစ်သောကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နှစ်စဉ် ယစ်မျိုးလိုင်စင်များကို ခွင့်ပြုပေး လျက်ရှိရာ သက်ဆိုင်ရာမြို့နယ်များ အလိုက် ယစ်မျိုးလိုင်စင်လျှောက်ထားပါက ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုချ ထား ပေးလျက်ရှိပါကြောင်း။ ထန်တလန်မြို့နယ်သာမက ချင်းပြည်နယ်တစ်ခုလုံးတွင် ယစ်မျိုးလိုင်စင်ရရှိ သူများကို သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချစေရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယစ်မျိုးလိုင်စင်ချထားခြင်းသည် ချင်းပြည်နယ် တစ်ခုလုံးနှင့် သက်ဆိုင်သော အခွန်ရရှိရေးကိစ္စရပ် ဖြစ်ပါသဖြင့် ထန်တလန်မြို့နယ် တစ်ခုတည်းအတွက် ပိတ်ပင်ပေးရန် လတ်တလော အခြေအနေတွင် မဖြစ်နိုင်ပါကြောင်းနှင့် ယခုအခါ ချင်းပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးချက် အရ ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယစ်မျိုးခွန် ဥပဒေမူကြမ်း ကို ရေးဆွဲခဲ့ပြီးဖြစ်ရာ ချင်းပြည်နယ်လွှတ်တော်တွင် တင်ပြဆွေးနွေးပြီး ဥပဒေပြဋ္ဌာန်းခွင့် ရရှိရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
ဒေါ်ဇာတလဲမ်း (ထန်တလန်)မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရမှ ပြည်နယ်အစိုးရသို့ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းပေးစေ လိုကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ချင်းပြည်နယ်အစိုးရသည် ဥပဒေမူကြမ်းကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရေးဆွဲပြီး ယခုလာမည့် ချင်းပြည်နယ်လွှတ်တော်တွင် တင်ပြကာ အတည်ပြုပြီးလျှင် ယင်းသတ်မှတ်ချက်များကို ဥပဒေအပေါ်မူတည်ပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
