(ခ)နိုဇုံဘော်တိုင်နယ်ဆေးရုံ ယိုယွင်း ပျက်စီးနေသော အဆောက်အဦးအား လာမည့်ဘဏ္ဍာရေးနှစ် (၂၀၁၄-၁၅)ခုနှစ်တွင် အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၃)

ဦးဇုံးတိန့် (ချီဖွေ)ချီဖွေမြို့နယ်ရှိ ငဇွန်ပေါ်တိုက်နယ်ဆေးရုံသည် ထွက်‌ခေါ်၊ ချီမော်နှင့် နိုဇုံဘော်ကျေးရွာ အနီးရှိ ရွာပေါင်း ၂၈ ရွာမှ ပြည်သူများ၏ ကျန်းမာရေး ကို စောင့်ရှောက်ပေးနေသော တိုက်နယ်ဆေးရုံကြီးဖြစ်ပါသည်။ ထိုတိုက်နယ်ဆေး ရုံရှိသော ဒေသသည် ယခင် ကချင်အထူးဒေသ(၁)ကို ယုံကြည်မှုတည်ဆောက်၍ ငြိမ်းချမ်းရေးရယူကာ အသွင်ကူးပြောင်းထားသော ဒေသတစ်ခုဖြစ်ပြီး ယခင် အစိုးရမှလည်း ဒေသလိုအပ်ချက်ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားရန် တာဝန်ခံခဲ့ပါကြောင်း၊ ထို့ကြောင့် နိုဇုံဘော်တိုက်နယ်ဆေးရုံရှိ ယခင်ကချင် အထူးဒေသ(၁)မှ တည်ဆောက်ပေးခဲ့သော အဆောက်အဦသည် ယခုအချိန်အထိ တည်ရှိနေသော်လည်း ယင်းအဆောက်အဦသည် သက်တမ်းကုန်ဆုံး၍ ယိုယွင်း ပျက်စီးနေ ပါသဖြင့် ဆက်လက်၍အသုံးပြုရန် မသင့်တော်သည့် အခြေအနေတွင် ရှိပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါ နိုဇုံဘော်တိုက်နယ်ဆေးရုံ အဆောက်အဦအား အသစ်ပြန်လည် တည်ဆောက်ပေးရန် လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
အဖြေ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် နိုဇုံဘော်တိုက်နယ်ဆေးရုံတွင် ယိုယွင်းပျက်စီးနေသော အဆောက်အဦအား အသစ်ပြန် လည် တည်ဆောက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ အဆိုပြု လျာထားပြီး ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။