(က)-ရန်ကုန်မြို့နှင့် မန္တလေး မြို့ရှိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများ၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများမှာ အားနည်းချက် များရှိနေသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၆.၆.၂၀၁၄)

ဦးတင်မောင်ဦး (ရွှေပြည်သာ)နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲသည့်ကဏ္ဍတွင် ဥပဒေပြုရေးတာဝန်ယူထားသော မိမိတို့ လွှတ်တော်များအနေဖြင့် နိုင်ငံတော်/နိုင်ငံသားများအကျိုးအတွက် ခေတ်စနစ်နှင့်လျာ်ညီမည့် ဥပဒေများ ထွက်ပေါ်လာရန် ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်းများ၊ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အုပ်ချုပ်ရေးပိုင်းအနေဖြင့် ပြည်သူများ ဥပဒေ၏ အကျိုးသက်ရောက်မှုကို လက်တွေ့ကျကျဖြင့် လျင်လျင်မြန်မြန် ခံစားရစေရန် သတ်မှတ်ထားသည့် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေများကို ထုတ်ပြန်ပေးရန် တာဝန်ရှိပါကြောင်း၊ ယနေ့အချိန်သည် သတ်မှတ်ကာလပြည့်ပြီး မထုတ်ပြန်ရသေးသည် နည်းဥပဒေများကိုလည်း ပြည်သူများက စောင့်မျှော်နေသည့်အချိန်ကာလ ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍတွင် Double D ပြောသည့် Democracy နှင့် Development နှစ်ခုသည် တွဲ၍မရဘဲ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ရေချိန်အရ ရှေ့/နောက်အလှည့်ကျ သွားရသည့်ကာလဖြစ်ပါကြောင်း၊ ဥပဒေနှင့် နည်းဥပဒေများ ရှိသော်လည်း အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အားနည်းမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေသေးမှုစသည့် အားနည်းချက်များရှိနေသေးသည့် စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရုံးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသော မြေအဆောက်အဦပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် Special Power, General Power ဆောင်ရွက်ပေးသည့်ရုံး ဖြစ်ပါကြောင်း၊ ထိုရုံး၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ယနေ့အတိုင်းပဲ ထားပြီးတော့ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက (၁) တရားမဝင်ငွေကြေးပေးဆောင်ရမှု၊ (၂) ရက်ပေါင်းများစွာ ကြာမြင့်သည့်အတွက် အချိန်တိုအတွင်း လုပ်ငန်းပြီးစီးစေရန် ရုံးအတွင်းရ့ ပွဲစားများစွာနှင့် အခကြေးငွေပေးပြီး လုပ်ဆောင်ရမှု၊ (၃) နေ့လည် ၁၂ နာရီနောက်ပိုင်းတွင် VIP ချိန်သတ်မှတ်ထားသည့်အတွက်ကြောင့် ပြည်သူများကို ဝန်ဆောင်မှု မပေးမှု၊ (၄) Special Power, General Power များကို သတ်မှတ်ကာလပြည့်သော်လည်း ပါဝါလွှဲပြောင်းမှု မပြုခြင်းများဖြစ်ပေါ်နေမှု၊ (၅) Special Power သက်တမ်းတိုးသည့်ကိစ္စများတွင် မူလပိုင်ရှင် သို့မဟုတ် ကြားခံများကို ဆောင်ရွက်ပေးနေမှု၊ (၆) အမည်ပေါက်ရယူရန်အတွက် ဂရန်ထုတ်မည့်ကိစ္စများတွင် မြေအဆောက်အအုံကို မျက်မြင်မရှိဘဲ ဆောင်ရွက်သည့် ရာဖြတ်များ၏ အားနည်းမှုကြောင့် နိုင်ငံတော်၏အခွန်များ များစွာနစ်နာနေမှု၊ (၇) ပိုင်ဆိုင်မှု ကိစ္စများတွင် အခက်အခဲတွေ့ကြုံမှု စသည့်အားနည်းချက်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရုံး၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍများကို ပြန်လည်စိစစ်ပြီး လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲခြင်း၊ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ၁၉၀၈ ခုနှစ်၊ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေအရ ရန်ကုန်မြို့နှင့် မန္တလေးမြို့များ နယ်နိမိတ်အတွင်း ချုပ်ဆိုသောစာချုပ် စာတမ်း မှတ်ပုံတင်သွင်းနိုင်ရန် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသောရုံးများ ဖြစ်ပါကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေတွင် ၁၉၀၈ ခုနှစ် ဗြိတိသျှကိုလိုနီခေတ်ကာလတွင် ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်ပြီး ယင်းဥပဒေအရ မှတ်ပုံတင်သွင်းလာသော စာချုပ်များကို မှတ်ပုံတင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါ လုပ်ငန်းရပ်များကို ဆောင်ရွက်ပေးကြရပါကြောင်း -

(က) မှတ်ပုံတင်သွင်းလာသော စာချုပ်များကို လက်ခံမှတ်ပုံတင်သွင်းနိုင်ရန် စစ်ဆေးခြင်း

(ခ) မှတ်ပုံတင်သွင်းရန် လက်ခံနိုင်သော စာချုပ်များကို ထပ်ဆင့်ရေးမှတ်ချက်များ အစီအစဉ်တကျရေးသားခြင်း

(ဂ) စာချုပ် ချုပ်ဆိုမှတ်ပုံတင်သွင်းလာသူများ၏ လက်ဗွေလက်မှတ်များရယူခြင်း

(ဃ) မှတ်ပုံတင်သွင်းသော စာချုပ်များကို သက်ဆိုင်ရာ မှတ်ပုံတင်စာအုပ်များတွင် ရေးကူးခြင်း

(င) ရေးကူးပြီးသော စာချုပ်များကို ရေးကူးခြင်း မှန်ကန်မှုရှိ/မရှိ ပြန်လည်စစ်ဆေးခြင်း

(စ) စာချုပ်များအား လုပ်ထုံးလုပ်နည်းအညီ ပြန်လည်ထုတ်ပေးခြင်း တို့ဖြစ်ပါကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေတွင် ဗြိတိသျှကိုလိုနီအစိုးရ၏ ဗြူရိုကရေစီ အငွေ့အသက်လွှမ်းမိုးမှုများစွာရှိနေပြီး ယနေ့ခေတ်ကာလ အချိန်ကာလနှင့် ကိုက်ညီမှုမရှိသော လုပ်ထုံးလုပ်နည်းများ    များစွာပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊

          စာချုပ်စာတမ်းများရေးသားချုပ်ဆိုခြင်း၊ တင်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် စာချုပ် ချုပ်ဆိုရေးသားသူများမှ ကိုယ်တိုင်လာရောက်ဆောင်ရွက်ခြင်းများ လွန်စွာနည်းပါးပြီး၊ ဥပဒေ တတ်ကျွမ်းနားလည်သူများ၊ ရုံးဌာနသို့ လာရောက်ရန် ကိုယ်စားလှယ် လွှဲအပ်ဆောင်ရွက်မှုများရှိသဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများ၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ ဥပဒေအရ ထိုက်သင့်သည့် အခကြေး ငွေများကို စာချုပ်စာတမ်းချုပ်ဆိုသူများမှ နားလည်သဘောပေါက်မှု အားနည်းချက်များရှိနေသည်ကို တွေ့ရှိရပါကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်ရန် တင်သွင်းကြရာတွင် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရသာမက မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၃ ဇယား(၁) တွင် ဖော်ပြထားသော တန်ဖိုးအတိုင်း ပြည့်စုံစွာ တံဆိပ်ခေါင်း ထမ်းဆောင်ထားခြင်း ရှိ/မရှိကို အခြေခံပစ္စည်းများ တန်ဖိုးစိစစ်သတ် မှတ်ရေးအဖွဲ့၏ တန်ဖိုးသတ်မှတ်မှုအရ ဆောင်ရွက်ရပါသဖြင့် ဆောင်ရွက်မှုများကို စာချုပ်ချုပ်ဆိုသူများမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှုပ်ထွေးပြီး နားလည်မှု လွဲမှားချက်များလည်း ရှိနေသည်ကို တွေ့ရှိရပါကြောင်း။

မရွှေ့မပြောင်းနိုင်သော  အိမ်ခြံမြေပစ္စည်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကာလတန်ဖိုး စိစစ်ရေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနပါဝင်သည့် သတ်မှတ်နှုန်းထားအပေါ် မူတည်ပြီး မှတ်ပုံတင်ခများကောက်ခံပြီး စာချုပ်များ မှတ်ပုံတင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့၏ သတ်မှတ်နှုန်းထားသည် လက်တွေ့ကျသည့်နှုန်းထားများနှင့် ကွာဟမှုနည်းစေရန်အတွက် လက်တွေ့ဖြစ်ပေါ်နေသော ဈေးနှုန်းများအား သိရှိစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး စိစစ်သင့်ပါကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော ယနေ့ကာလအခြေအနေအရ စာချုပ်စာတမ်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအင်အားနှင့် ဆောင်ရွက်ရသည့် လုပ်ငန်းပမာဏ မမျှတသည့် အခြေအနေတွင် ဥပဒေအရ ဆောင်ရွက်ရသည့် ဆင့်များ မှာ နှစ်ပေါင်းများစွာထိန်းသိမ်း သက်သေခံရသောကိစ္စများဖြစ်၍ မှားယွင်းမှုမရှိစေရန် အထူးဂရုပြုဆောင်ရွက်ရပါကြောင်း၊ အကျင့်ပျက်သောဝန်ထမ်းများကိုလည်း ထိရောက်သော အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှလည်း နိုင်ငံံ့ဝန်ထမ်းဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၅) နှင့် သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက ၈-၃-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီး ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများကို  ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရေးအတွက် ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင်  သင်ခန်းစာများ ပို့ချခြင်းအတွက်လည်း  ထည့်သွင်းဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုအခါ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများတွင် လုပ်ငန်းဆောင်ရွက်ရန် လွယ်ကူလျင်မြန်စေရေး အတွက် ကွန်ပျူတာဖြင့် မှတ်တမ်းထိန်းသိမ်းခြင်း ဆောင်ရွက်ရန် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၁၉၀၈ ခုနှစ်၊ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော်မှ ဥပဒေဟောင်းကိုရုပ်သိမ်းပြီး၊ အသစ်ရေးဆွဲရန် သဘောထားပြုလာသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အကြောင်းကြားချက်အရ ဥပဒေအသစ် ကို ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေတွင် ဗြိတိသျှကိုလိုနီခေတ် ၁၉၀၈ ခုနှစ်မှ စတင်ပြဋ္ဌာန်းခဲ့၍ ယနေ့အထိ တည်မြဲလျက်ရှိပြီး၊ ဥပဒေပါ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်လျက်ရှိခြင်း၊ အခြားသော တည်ဆဲဥပဒေများနှင့် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ၊ ပစ္စည်းလွှဲပြောင်းမှုအက်ဥပဒေ၊ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုငသော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ၊ ပဋိညာဉ် အက်ဥပဒေများနှင့် ဆက်စပ်နေသည့်အတွက်  ဥပဒေကြောင်းအရခိုင်မာပြီး၊ လုပ်ထုံးလုပ်နည်း ရှင်းလင်းလွယ်ကူသည့် ဥပဒေဖြစ်ရေးအတွက် ဥပဒေပညာရှင်များနှင့်  ရေးဆွဲလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။