ကျိုင်းတုံ-မိုင်းခတ် ကားလမ်းဘေးတစ်လျှောက် ၂၄ မိုင်၊ ၂၆ မိုင်၊ ၂၇ မိုင်၊ ၂၈ မိုင်နှင့် ဟွေဟုတ်ရွာ၊ ဟွေဖားရွာ၊
ဝမ်ထန်လုရွာနှင့် နမ့်ကာရွာတို့တွင်နေ ထိုင်ကြသော ပြည်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိကြသည့် အတွက် မိုင်းခတ်သို့လည်းကောင်း၊ ကျိုင်းတုံသို့လည်းကောင်း ခရီးသွားလာခွင့် မရနိုင်ပါကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ခရီးသွားလာနိုင်ခြင်း မရှိသည့်အတွက် ၎င်းတို့၏ စားဝတ်နေရေးအတွက် သော်လည်းကောင်း၊ လယ်ယာ လုပ်ငန်းခွင် သွင်းရန်အတွက် သော်လည်းကောင်း၊ လိုအပ်သောပစ္စည်း ကိရိယာများကို ဝယ်ယူရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများမရခြင်းမှာလဲ ၂၀၀၇ ခုနှစ်တွင် အထက်ပါရွာများကို မိုင်းလတ်အထူးဒေသအုပ်စုထဲသို့ ထည့်သွင်းဖွဲ့စည်းလိုက်ရာ မိုင်းလတ် အထူးဒေသတွင် အစိုးရရုံးများ၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လဝကများ မရှိကြသည့်အတွက် မှတ်ပုံတင်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ မရခြင်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အထက်ပါ ၈ ရွာတွင်နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြု လုပ်ပေးနိုင်ခြင်း ရှိ/မရှိ၊ ပြုလုပ်ပေးနိုင်မည်ဆိုပါက မည်သည့်ကာလတွင် ပြုလုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့် ပြုလုပ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက် ပြုလုပ်ပေးနိုင်ခြင်းမရှိကြောင်းကို သိရှိလိုပါကြောင်း။
ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေးရပ်နားထားချိန်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး ကျိုင်းတုံသို့ ရောက်ရှိခဲ့ပြီး ၃-၉-၂၀၁၃ ရက်နေ့ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ တွင် ဤမေးခွန်းအား နှုတ်ဖြင့်တင်ပြခဲ့ရာမှာ ဥက္ကဋ္ဌကြီးမှ လမ်းညွှန်မှာကြားခဲ့သည်များလဲ ရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားရှိသည်ကို လည်းကောင်း၊ မည်သည့် အဆင့်အထိ ဆောင်ရွက်ထားရှိသည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
ဦးစတီဖန် မေးမြန်းသည့် ကျေးရွာ ၈ ရွာသည် ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၅-၇-၂၀၀၂ ရက်နေ့တွင် မိုင်းလားမြို့ နယ်ခွဲအဖြစ် ဖွဲ့စည်းသတ်မှတ်ပေးသည့် ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာများတွင် လည်းကောင်း၊ ၁၄-၁-၂၀၀၄ ရက်နေ့တွင် မိုင်းလားမြို့နယ်အဖြစ် ဖွဲ့စည်းသတ်မှတ်သည့် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉ စု၊ ကျေးရွာပေါင်း ၁၃၇ ရွာတွင်လည်းကောင်း ပါဝင်သည့်ကျေးရွာအုပ်စု/ကျေးရွာ များဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့နယ်၊ တာပုံကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာများ ဖြစ်ပါသည်။ အဆိုပါ တာပုံကျေးရွာအုပ်စုရှိ ကျေးရွာ ၈ ရွာတို့တွင် ရုံးမှတ်တမ်းများအရ အိမ်ခြေပေါင်း ၁၃၃ အိမ်၊ အိမ်ထောင်စုပေါင်း ၉၉ စုနှင့် လူဦးရေပေါင်း ၇၁၄ ဦးရှိပြီး အာခါ၊ လွယ်၊ လားဟူနှင့် ဗမာစသည့် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ကြ သည့် ကျေးရွာများဖြစ်ပါသည်။ အဆိုပါ မိုင်းလား မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု/ကျေးရွာများ အနက် တာပုံကျေးရွာ အုပ်စုတွင် ပါဝင်သော ကျေးရွာ ၈ ရွာသို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုနိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲဆောင်ရွက်နိုင်ရန် မိမိဝန်ကြီးဌာနမှ နိုင်ငံသား စိမံချက်အဆင့်-၂ ဖြင့် ၁-၃-၂၀၀၈ ရက်နေ့မှ ၉-၅-၂၀၀၈ ရက်နေ့အထိ E သင်္ကေတ အမှတ်အသားပါ ယာယီအိမ်ထောင်စုလူဦးရေစာရင်း ၁၃၃ စုနှင့် E သင်္ကေတပါ ယာယီသက်သေခံလက်မှတ် ၁၇၂ ဦးတို့အားထုတ်ပေးခဲ့ပြီး ၂၆-၂-၂၀၀၉ ရက်နေ့မှ ၁၄-၆-၂၀၀၉ ရက်နေ့အထိ E သင်္ကေတပါ ယာယီအိမ်ထောင်စုလူဦးရေစာရင်းများကို စိစစ်၍ လက်ရှိအသုံးပြုနေသည့် အိမ်ထောင်စုလူဦးရေစာရင်း ၉၉ စုအားလည်းကောင်း၊ ယာယီသက်သေ ခံလက်မှတ်ကိုင်ဆောင်သူများအား စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပေါင်း ၁၃၈ ဦးကို လဲလှယ် ဆောင်ရွက်ပေးခဲ့ပါသည်။
အထက်တင်ပြပါအတိုင်း ၂ ကြိမ်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးခဲ့သော်လည်း အထူးဒေသတွင် ပါဝင်နေပြီး မိမိဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးရုံး ဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် ယင်းနောက်ပိုင်းတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ၃-၉-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ယခုမေးခွန်းမေးမြန်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်မှ အထက်ဖော်ပြပါ ကျေးရွာ ၈ ရွာအား ကျိုင်းတုံမြို့နယ်အတွင်းသို့ ထည့်သွင်း ပေးပါရန်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးရန် တင်ပြမှုအပေါ် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှမ်းပြည်နယ်အစိုးရအနေနှင့် ပြည်ထဲရေးဝန်ကြီး၊ လဝကဝန်ကြီးတို့မှ ယခုတင်ပြချက်အား အထူးကိစ္စအဖြစ်သဘောထားပြီး ညှိနှိုင်းဆောင်ရွက်ရန် မည်ကဲ့သို့ ဆောင်ရွက် သွားမည်ကို ပြန်လည် တင်ပြရန်နှင့် အလားတူ ကျိုင်းတုံဒေသတွင်ရှိနေသေးသူများ ယခုမတင်ပြသော်လည်း ထပ်ပြီး စာနှင့် သော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း တင်ပြရန်နှင့် တင်ပြချက်ကို အမြန်ဆုံးအရေး ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ရာ မှာချက်နှင့်အညီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန် မေးမြန်းသည့် တာပုံကျေးရွာအုပ်စုရှိ ကျေးရွာ ၈ ရွာအပြင် တာပုံ ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၁၆ ရွာတို့တွင် အိမ်ထောင်စုလူဦးရေစာရင်း ဆိုင်ရာလုပ်ငန်းများ ကို ဆောင်ရွက်ပြီး၊ ယင်းအိမ်ထောင်စု လူဦးရေး စာရင်းကို အခြေခံ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိ သေးသော ဒေသခံတိုင်းရင်းသားများအား ဆောင်ရွက်ပေးရန် အစီအမံရေးဆွဲ ဆောင်ရွက်ထား ပါကြောင်း၊ ရေးဆွဲထားသော အစီအမံနှင့်အညီ ကျိုင်းတုံမြို့နယ်ဦးစီးဌာနမှူး ဦးစိုင်းရှဲန်တွီ ဦးစီးသော ကွင်းဆင်းအဖွဲ့သည် ၂၃-၉-၂၀၁၃ ရက်နေ့မှ ၂၆-၉-၂၀၁၃ ရက်နေ့အထိ တာပုံကျေးရွာအုပ်စုရှိ ၂၄ မိုင်ရွာ၊ ၂၆ မိုင်ရွာ၊ ၂၇ မိုင်ရွာ၊ ၂၈ မိုင်ရွာ၊ နမ့်ကာရွာ၊ ဟွေဖားရွာ၊ ဟွေဟုတ် ရွာနှင့် ထမ်ထန်လုရွာများသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းနှင့် အိမ်ထောင်စု လူဦးရေ စာရင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ တာပုံကျေးရွာအုပ်စု၏ ကွင်းဆင်းဆောင်ရွက်ပေးမှုမှာ E သင်္ကေတပါ အိမ်ထောင်စုလူဦးရေးစာရင်း ထုတ်ပေးထားသော အိမ်ထောင်စု ၁၄ စုအား အိမ်ထောင်စုလူဦးရေ စာရင်းအဖြစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု ၈ စုအား အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စု ၉ စု အားခွဲထွက်မှု ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု ၈ စုအား အိမ်ထောင်စု လူဦးရေစာရင်းအသစ် ထုတ်ပေးခြင်းနှင့် မွေးဖွားသောကလေး ၁၂၄ ဦးအား အိမ်ထောင်စုလူဦးရေ စာရင်းတွင် မွေးတိုး ထည့်သွင်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ တာပုံကျေးရွာအုပ်စုတွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန်အတွက် အသက် ၁၀ နှစ်ပြည့်ပြီးသူ ၁၃၅ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၈၅ ဦး၊ လဲလှယ် ၁ ဦး၊ ကတ်ပြား ပျောက်ဆုံးမိတ္တူ ၆ ဦး၊ စုစုပေါင်း ၂၂၇ ဦးတို့အား နိုင်ငံသားကိုယ်ရေး မှတ်တမ်းပုံစံ နိုင်-၂ များ ဖြည့်သွင်းကောက်ယူခဲ့ပြီး လိုအပ်သော ရုံးမှတ်တမ်းများ ဖြည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးစီးပါက နိုင်ငံသားစိစစ်ရေးကတ်ပြားအား ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
