ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများသည် လမ်းမကြီးများ၊ လမ်းကျယ်များတွင် တည်ရှိနေပြီး ရဲစခန်းအဆောက်အဦများမှာ နှစ်ပေါင်း ၁၀၀ နီးပါး ကြာမြင့်နေပြီးဖြစ်သောကြောင့် ခိုင်ခံ့မှုအားနည်းနေပြီး အခန်းဖွဲ့စည်းပုံများ၊ စြင်္ကံလမ်းများသည်လည်း ယိုယွင်းပျက်စီးနေသောကြောင့် ပြန်လည် တည်ဆောက်ရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် အလွန်ဝမ်းသာမိပါကြောင်း၊ ရဲစခန်းများသည် တရားဥပဒေစိုးမိုးရေးအတွက် အားကိုးအား ထားပြု ရာနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသော နေရာ များဖြစ်သည့် အပြင် လူဆိုးလူမိုက်များအတွက် ပညာပေးသော နေရာ များဖြစ်သောကြောင့် ရဲစခန်းအဆောက်အဦများသည် ခန့်ညားထည်ဝါမှုရှိရန် လိုအပ်ပါကြောင်း၊ ကန်ထရိုက်တိုက်ပုံစံ အခန်းများမဖြစ်ရန်လည်း လိုအပ် ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခင်က နာမည်ကြီးခဲ့သော လမ်းမတော်ဖိုးတုတ်၏ ဘုန်းကြီးလမ်းကပ်သည် ယခုအချိန်တွင် ကန်ထရိုက်တိုက် အခန်း အဆင့်လောက်သာရှိသောကြောင့် ရန်ကုန်မြို့တွင် ပြည်သူများ အားကိုးအားထား ရာဖြစ်သော ပြည်သူ့ရဲစခန်းများကို ခိုင်ခန့်ထည်ဝါပြီး လုံခြုံမှုရှိသောရဲစခန်းများ အဖြစ် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုကြောင်းမေးမြန်းပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် အ ညီ ခေတ်မီရဲတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ မှ ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ဖွဲ့စည်းပုံများကို ပြုပြင်ပြောင်းလဲတိုးချဲ့မှု များ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းခဲ့သည်နှင့်အညီ လိုအပ်သော အဆောက်အဦများ ဆောက်လုပ်နိုင်ရေး၊ သက်တမ်း ကြာမြင့်နေပြီဖြစ်သော ရဲတပ်ဖွဲ့ပိုင်အဆောက်အဦများကိုအကြီးစားမွမ်းမံပြင်ဆင်ရေးနှင့် ခေတ်နှင့် လျော် ညီသော အထပ်မြင့် အဆောက် အဦများ ပြန်လည် တည်ဆောက်ပေးခြင်း တို့အတွက် ဘဏ္ဍာရေးနှစ် အလိုက် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေ ထည့်သွင်းတောင်းခံပြီး ခွင့်ပြုသော ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေပေါ် မူတည်ပြီး ဦးစားပေး အစီအစဉ်ဖြင့် လိုအပ်သောအဆောက်အဦများ ကို ဆောက်လုပ်လျက် ရှိ ပါကြောင်း၊ ရန်ကုန်မြို့လယ်ရှိ သက်တမ်းကြာမြင့်နေပြီဖြစ်သော ရဲစခန်းအဆောက်အဦများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အဦ)ကို တင်ပြစစ်ဆေးမှု ခံယူခဲ့ပြီး အကြီးစား မွမ်းမံပြင် ဆင်ခြင်း၊ ခေတ်နှင့်လျော်ညီသော အဆင့်မြင့်အဆောက်အဦ သစ် ပြန်လည် ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့လယ်ရှိ ရဲစခန်းအဆောက်အဦများ အနက် လမ်းမတော်၊ မင်္ဂလာတောင်ညွန့်မြို့ နယ် ရဲစခန်းအဆောက်အဦတို့ကို အသစ်တည်ဆောက်ပြီး ကျောက်တံတားရဲစခန်း၊ ပန်းဘဲတန်း ရဲစခန်း၊ လသာရဲစခန်း၊ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းအဆောက်အဦတို့ ကျန်ရှိနေပြီး ရဲစခန်း အဆောက်အဦများကို ၈ ထပ် (၁၀၀x၆၀) ပေ သံကူကွန်ကရစ် အထပ်မြင့် အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေး အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံခဲ့ ပါကြောင်း၊ နိုင်ငံတော်မှခွင့်ပြုနိုင်သော ဘဏ္ဍာငွေအခြေအနေအရ အထက်ပါအဆောက်အဦ များ ပြန်လည်ဆောက်လုပ်ရေး လုပ်ငန်း ၄ ခုမှ လုပ်ငန်းများလျှော့ချရာတွင် ပါဝင်ခဲ့သောကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေရရှိရေးကို ထပ်မံထည့်သွင်း တင်ပြ ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်မြို့လယ်ရှိ အိုမင်းဟောင်းနွမ်းနေသော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် ဗိုလ်တထောင်မြို့နယ်များရှိ ရဲစခန်း ၄ ခုကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေရရှိပါက ၈ ထပ်သံကူကွန်ကရစ် အဆောက်အဦများဖြင့် အစားထိုးဆောက်လုပ်ပေးသွားရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားပါသည်။
