(ဈ)အင်းမမီးသတ်စခန်းတွင်ရေတွင်း၊ရေစင်၊ ရေကန်များ တည်ဆောက်ပေးရန်၊ဆင်မြီးဆွဲ၊ပုတီးကုန်း၊သဲကုန်း မီးသတ်စခန်းတွင်ရေစုပ်စက်များ ဖြည့်ဆည်းပေး ရန်နှင့် ဝက်ပုတ်၊ ဆင်မြီးဆွဲမီးသတ်စခန်းတွင် မီးသတ် ကားတစ်စီးဝယ်ယူရန် မည်သို့ စီစဉ်ပေး မည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁.၁၀.၂၀၁၃)

အင်းမမီးသတ်စခန်းတွင် ရေစက်၊ ရေစင်၊ ရေကန် များတည်ဆောက်ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ၊ ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ သဲကုန်းမီးသတ်စခန်းတွင် လိုအပ်နေသော ရေစုပ်စက်များ ထပ်မံဖြည့်ဆည်းပေးရန် အစီ အစဉ်ရှိ/မရှိနှင့် ဝက်ပုတ်၊ ဆင်မြီးဆွဲမီးသတ်စခန်းများတွင် မီးသတ်ကား သို့မဟုတ် အသေးစား ရေသယ်ယာဉ် ရရှိရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင်  မြို့ပေါ်ရပ်ကွက်  ၄ ရပ်ကွက်၊ အိမ်ခြေ ၁၈၀၀ လုံး၊ အိမ်ထောင်စု ၁၉၄၉ စု၊ လူဦးရေ ၇၉၅၂ ဦး၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၂ လုံးရှိပါသည်။ အဆိုပါမြို့နယ်တွင် ၁၀ နှစ်အတွင်း မီးလောင်မှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆၅၄၅၀၀ ကျပ် ဆုံးရှုံးခဲ့ပါသည်။ သဲကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းသည် ၃ ယူနစ်အဆင့် ဖွဲ့စည်းပြီး ခွင့်ပြုထား ရှိသော ဒုတိယမီးသတ်ဦးစီးမှူး ၁ ဦး၊ မီးသတ်တပ်ကြပ် ၁ ဦး၊ မီးသတ်ဒုတပ်ကြပ် ၃ ဦး၊ မီးသတ်တပ်သား ၄ ဦး စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၁၀ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၄၇ ဦး၊ ဗွီအိပ်ခ်ျမီးသတ်ရေသယ်ယာဉ် ၁ စီး၊ အေရိုး လပ်မီးသတ်ယာဉ် ၁ စီး၊ ၁၉၉၄ ခုနှစ်တွင် ပြည်သူလူထုမှလှူဒါန်းသည့် တီအီးမီးငြိမ်း သတ်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၃ စီး၊ ဌာနပိုင် အပေါ့စားမီးသတ်စက် ၂ လုံးရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်၊ အိမ်ခြေ ၁၉၃၃ လုံး၊ အိမ်ထောင်စု ၂၀၀၃ စု၊ လူဦးရေ ၈၀၄၃ ဦး၊ ဌာနဆိုင်ရာအဆောက်အဦ ၁၀ လုံးရှိပါသည်။ ၁၀ နှစ်အတွင်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆၃၀၆၀၀၀ ကျပ် ခန့်ဆုံးရှုံးခဲ့ပါသည်။ ပုတီးကုန်း အရန်မီးသတ် စခန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား  ၁၈၇ ဦး၊ ဗွီအိပ်ခ်ျမီးသတ်ရေသယ်ယာဉ် ၁ စီး၊ ချက်ပလက် မီးသတ်ရေသယ်ယာဉ် ၁ စီး၊ ဟီးနိုးမီးငြိမ်းသတ်ယာဉ် ၁ စီး စုစုပေါင်း မီးသတ် ယာဉ် ၃ စီး၊ ဌာနပိုင်အပေါ့စား မီးသတ်စက် ၁ လုံး၊ ကိုယ့်အားကိုယ်ကိုး အပေါ့စားမီးသတ်စက် ၂ လုံး ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်တွင် အိမ်‌ခြေ ၁၆၈၉ လုံး၊ အိမ်ထောင်စု ၁၇၈၉ စု၊ လူဦးရေ ၅၈၂၁ ဦး၊ အခြေခံပညာအထက်တန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၃၁ ကျောင်းနှင့် တိုက်နယ်ဆေးရုံ တစ်ခုရှိပါသည်။ အဆိုပါတိုက်နယ်တွင် ၁၀ နှစ်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၃၂၀၀ ကျပ် ခန့်ဆုံးရှုံးခဲ့ပါသည်။ အင်းမအရန် မီးသတ်စခန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၄၆ ဦး၊ တိုယိုတာ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ဌာနပိုင်အပေါ့စား မီးသတ်စက် ၂ လုံးရှိပါသည်။ အင်းမတိုက်နယ်သည် ပေါင်းတည်မြို့နှင့် ၁၁ မိုင်ကွာဝေးပြီး ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးတည်ရှိကာ အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက ပေါင်းတည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီးက အချိန်တိုအတွင်း ရောက်ရှိပြီး မီးငြိမ်းသတ်နိုင်မည်ဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲတိုက်နယ်တွင် အိမ်ခြေ ၈၃၈ လုံး၊ အိမ်ထောင်စု ၈၅၈ စု၊ လူဦးရေ ၃၁၇၀ ဦးရှိပါသည်။  ၁၀ နှစ်အတွင်း မီးလောင်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၅၀၀၀၀ ကျပ် ဆုံးရှုံးခဲ့ပါသည်။ ဆင်မြီးဆွဲအရန်မီးသတ်စခန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၅ ဦး ရှိပါသည်။ ဆင်မြီးဆွဲတိုက်နယ်သည် သဲကုန်းမြို့နှင့် ၉ မိုင်ခန့်ကွာဝေးပြီး သဲကုန်း-ပြည် ကတ္တရာ လမ်းမကြီး ဘေး တည်ရှိပြီး အရေးပေါ် မီးလောင် မှုဖြစ်ပွားပါက သဲကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ် ၃ စီးက အချိန်တို အတွင်း ရောက်ရှိ မီးငြိမ်းသတ် နိုင်မည်ဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်တိုက်နယ်တွင် အိမ်ခြေ ၁၃၆၆ လုံး၊ အိမ်ထောင်စု ၁၃၈၉ စု၊ လူဦးရေ ၅၉၈၀ ဦးရှိပါသည်။ ၁၀ နှစ်အတွင်း မီးလောင်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၈၀၀၀၀၀ ဆုံးရှုံးခဲ့ပါသည်။ ဝက်ပုတ်အရန်မီးသတ်စခန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၇ ဦး၊ ကိုယ့်အားကိုယ်ကိုး အပေါ့စား မီးသတ်စက် ၁ လုံးရှိပါသည်။ ဝက်ပုတ်တိုက်နယ်သည် ပေါင်းတည်မြို့နှင့် ၅ မိုင်သာကွာဝေးပြီး ရန်ကုန်-ပြည် ကတ္တရာလမ်းမကြီးဘေးတွင် ရှိသောကြောင့် အရေးပေါ် မီးလောင်မှု ဖြစ်ပွားပါက ပေါင်းတည်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ် ၃ စီးက အချိန်တိုအတွင်း ရောက်ရှိပြီး မီးငြိမ်းသတ်နိုင်မည်ဖြစ်ပါကြောင်း။

မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များဖြည့်တင်းရေး ဦးစားပေးအဆင့် သတ်မှတ်ရာတွင် မြို့တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ ကျေးရွာအုပ်စု စသည့် အပြင် အိမ်ခြေနှင့် လူဦးရေထူထပ်မှု၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံ များ တည်ရှိမှု၊ ၁၀ နှစ်အတွင်း မီးလောင်မှု အကြိမ်အရေအတွက်နှင့် ဆုံးရှုံးမှုတန်ဖိုး၊ မီးသတ်ယာဉ် ဝင်/ထွက် နိုင်သောလမ်းများ စသည့်အချက်များပေါ်မူတည်ပြီး ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သဲကုန်းမြို့နယ် မီးသတ်စခန်းကို ဝန်ထမ်းအင်အား ၃၁ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မီးသတ်စက် ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၄ စီး ပါဝင်သော မြို့နယ် မီးသတ်စခန်း ဖွဲ့စည်းပုံအသစ်ဖြင့်လည်းကောင်း၊ ပုတီးကုန်းမြို့နယ် အရန်မီးသတ်စခန်းကို ဝန်ထမ်းအင်အား ၁၀ ဦး၊ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၂ စီးပါဝင်သော နယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံအသစ်ဖြင့်လည်းကောင်း တိုးချဲ့နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်သို့ ဖွဲ့စည်းပုံ ခွင့်ပြုမိန့် တင်ပြတောင်းခံထားရှိပြီးဖြစ်ပါကြောင်း၊   ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပါက သဲကုန်းမြို့နယ်နှင့် ပုတီးကုန်းမြို့တို့ကို ဖွဲ့စည်းပုံအသစ်အတိုင်း ဖြည့်တင်းရန် လိုအပ်ချက်များအတွက် ဘဏ္ဍာငွေ ခွင့်ပြုမိန့် တင်ပြတောင်းခံပြီး နိုင်ငံတော်မှ ခွင့်ပြုမိန့်ရရှိပါက ထပ်မံဖြည့် တင်းဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ရှိ အင်းမအရန်မီးသတ်စခန်း၊ ဆင်မြီးဆွဲအရန်မီးသတ်စခန်းနှင့် ဝက်ပုတ်အရန်မီးသတ် စခန်းတို့ တွင် ရေတွင်း၊ ရေစင်၊ ရေကန်များတည်ဆောက်ပေးရန်၊ ရေစုပ်စက်များ ထပ်မံဖြည့်ဆည်းပေးရန်နှင့် မီးသတ်ကား သို့မဟုတ် အသေးစား ရေသယ်ယာဉ်များကို ဖြည့်ဆည်းပေးရန် လတ်တလောအခြေအနေတွင် အစီအစဉ်မရှိသေး ပါကြောင်း ဖြေကြားပါသည်။

ဦးရဲထွဋ်ဦး (နတ်တလင်း)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

မီးသတ်ကားဝယ်ယူရန်အတွက် ဝက်ပုတ်ပြည်သူများ စုဆောင်းထားသော သိန်း ၇၀ ကျပ်ကို မြန်မာ့စီးပွားရေး ဘဏ်တွင် ထည့်သွင်းထားပြီးဖြစ်သောကြောင့် လိုအပ်သောငွေကြေးကို ဝန်ကြီးဌာန အနေဖြင့် ဖြည့်ဆည်း ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိကြောင်း ထပ်မံမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

ဘဏ္ဍာငွေ သုံးစွဲမှုအစီအစဉ်ကို မိမိအနေဖြင့် ပြန်လည်မေးမြန်းတင်ပြရမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။