(ဇ)ဝှေနောင်ရွာကိုမြေလွတ်မြေရိုင်းဟု သတ်မှတ်နိုင် ပါသလား၊သတ်မှတ်နိုင်ပါလျှင် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကိုသိရှိလို ပါကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁.၁၀.၂၀၁၃)

ဦးစိုင်းသန်းနိုင် (ဖာပွန်)ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ၊်၊ ဇာတမြို့နှင့် ၂ မိုင်ခန့် အကွာတွင် ဒေသခံ ကယားလူမျိုးများ နေထိုင်သော အိမ်ခြေ ၄၀ ခန့်နှင့် မူလ တန်းကျောင်း တစ်ကျောင်း၊ ရွာဦးဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စေတီ တစ်ဆူ တည်ရှိသော ကရင်နီရွာ (ခေါ်) ဝှေနောင်ရွာ ရှိပါကြောင်း။ ယင်းရွာ သည် ၁၉၇၂ ခုနှစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြန်တမ်းတွင် အမည်ပေါက်ခဲ့သော ရွာတစ်ရွာဖြစ်ခဲ့သော်လည်း ၁၉၉၁ ခုနှစ်တွင် ယင်းရွာမြေအားလုံးကို တပ်ပိုင်မြေ အဖြစ် သိမ်းယူရာတွင် ပြည်ထဲရေးဝန်ကြီးဌာန မှ မြေလွတ်မြေရိုင်း အဖြစ် ဖော်ပြ၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့ လွှဲပြောင်းပေးခဲ့သည် ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။

ယင်းရွာသူရွာသားများအနေဖြင့် မြေလွတ်မြေရိုင်းအဖြစ်ဖော်ပြခြင်း၊ လွှဲပြောင်းပေးခြင်း ခံရသည့်အတွက်မည့် သည့် မြေလျော်ကြေး၊ ပြောင်းရွှေ့ကြေး၊ နစ်နာကြေးကိုမျှ မရရှိခဲ့ဘဲ ချောင်းကမ်း နဘေး မြေနိမ့်ရှိ ၎င်းတို့ပိုင်ယာခင်း၊ ကိုင်းခင်းများတွင် အိမ်ရာတည်ဆောက်၍ နေထိုင်ခဲ့ကြရပါကြောင်း၊ နှစ်စဉ် မိုးကြီးပြီး ချောင်းရေများလျှံ တက်လာသည့် အခါ ရေဘေးဒုက္ခကို တွေ့ကြုံခံစားနေရပါကြောင်း၊ ထို့ကြောင့် ရှေးနှစ်ပေါင်းများစွာကတည်း က ကျေးရွာ တည်ထောင် နေထိုင်လျက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ် ပြန်တမ်းတွင် အမည်ပေါက် လျက်ရှိသော ဝှေနောင်ရွာကို မြေလွတ်မြေရိုင်းဟု သတ်မှတ်နိုင်ခြင်းရှိ/မရှိနှင့်  သတ်မှတ်နိုင်ပါက ယင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မည်သို့ရှိသည်ကို သိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ မဲသလွတ်ကျေးရွာ အုပ်စု၊ ဝှေနောင်ကျေးရွာသည် ယခင်ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၄ ခုနှစ်၊ ဧပြီလ  ၁၇ ရက်စွဲပါ စာအမှတ်၊ ၃/၂၁၅/ အထ (၂) ဖြင့် ထုတ်ပြန် ထားသော အမိန့်ကြော်ငြာစာအရ ရှေ့နောင်ကျေးရွာအဖြစ် အမည်ပေါက် သည့် ကျေးရွာ ဖြစ်ပါကြောင်း၊ မြေစာရင်းဦးစီးဌာန မှတ်တမ်းများ အရ ယခင်က နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကွင်းဖွဲ့ တိုင်းတာနိုင်ခြင်းမရှိသည့် အတွက် ရှေ့နောင် ကျေးရွာ(ဝှေနောင်ကျေးရွာ)မြေအဖြစ် စာရင်းဖော်ပြထားခြင်း မရှိဘဲ မြေလွတ်၊ မြေရိုင်းအဖြစ်သာ စာရင်းပြုစု သတ်မှတ်ထားကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသော ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးထား သည်ဆိုသော အထောက်အထားကို မိမိတို့ထံတွင် ရှာဖွေတွေ့ရှိခြင်း မရှိပါကြောင်း၊ ရှေ့နောင်ကျေးရွာသည် လက်ရှိ အခြေအနေ တွင် ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက်ကျေးရွာစာရင်း၌ ပါဝင်သော်လည်း မြေလွတ်၊ မြေလပ်၊ မြေရိုင်း အမျိုးအစား သတ်မှတ်ထား သည့်မြေကို ကျေးရွာမြေ အဖြစ် ပြန်လည်သတ်မှတ်ရန်အတွက်  မြေလွတ်၊ မြေလပ်၊ မြေရိုင်းစာရင်းမှ ပယ်ဖျက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ပယ်ဖျက်ခွင့်ရရှိရေးအတွက် ဖာပွန်မြို့နယ် မြေစာရင်းဦးစီးဌာနမှ ကျေးရွာမြေအဖြစ် သတ်မှတ် အသုံးပြု မည့် မြေဧရိယာကို ကွင်းဆင်းတိုင်းတာစစ်ဆေး၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအဖြစ် ပယ်ဖျက်ခွင့်ရရှိရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ပြီး ကျေးရွာမြေဧရိယာအား မြေစာရင်းဦးစီးဌာန၏ မှတ်တမ်းတွင် ရေးသွင်း မှတ်သား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

ဦးစိုင်းသန်းနိုင်(ဖာပွန်) မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ယင်းရွာမြေကို မြေလွတ်၊ မြေရိုင်းအဖြစ် လွှဲပြောင်းပေးအပ်ကြောင်း အထောက်အထား မရှိပါဟု ဖြေကြားသွားသော်လည်း မိမိအနေဖြင့် တပ်ပိုင်းဆိုင်ရာတင်ပြသည့် တင်ပြစာတွင် မြေ လွတ်၊ မြေရိုင်း ဟု ဖော်ပြပြီး လွှဲပြောင်းထားသော အထောက်အထားများကိုလည်းကောင်း၊  ၎င်းမြို့ နယ် ထွေ/အုပ်ရုံး ရှိ  အထွေထွေအုပ်စုဌာနမှ တဆင့်  ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပြန်တမ်းများ တွင်  ရွာမြေကို လည်းကောင်း တွေ့ရှိရပါကြောင်း။

ဝန်ကြီးဌာနရှိ ရှေ့နောင်ရွာဟုဖော်ပြခံထားရခြင်းမှာလည်း ဒေသအရ တိုင်းရင်းသားအမည်နာမများဖြင့် ကျေးရွာ အမည်ဖွဲ့ထားသည့်အတွက် စာရိုက်ရာတွင် လွဲချော်နိုင်သည့်အပြင် မူလကပင် တည်ရှိသည့်ရွာများဖြစ်ပြီး နယ်မြေလုံခြုံရေးအခြေအနေအရလည်း အခြေစိုက်တပ်ရင်းဖြစ်သည့် (ခလရ-၁၇)နှင့်လည်း တစ်မိုင်သာ ကွာဝေးပါကြောင်း၊ ကားလမ်းမကြီးဘေးတွင် ကပ်လျက်ရှိနေပြီး လွတ်လပ်ရေးမရမီ နှစ်ပေါင်းရာချီပြီး တည်ရှိလာသော ရွာဖြစ်ပြီး တပ်နှင့် ကပ်လျက်ရှိသောကြောင့် လုံခြုံရေး အခြေအနေအရ စစ်ဆေးတိုင်းတာခြင်း မပြုနိုင်သည်မှာ အကြောင်းပြချက် ခိုင်လုံမှုမရှိဟု ထင်မြင်ယူဆပါကြောင်း။ ယင်းကျေးရွာအနေဖြင့် ယနေ့ချိန်ထိ နစ်နာနေဆဲဖြစ်နေပါသောကြောင့် ဆက်စပ်မေးခွန်းအနေဖြင့် ပြန်တမ်းထဲရှိ ရှေ့နောင်ရွာကို ဝှေနောင်ရွာဟု ယူဆ၍ ရပါသလား။ ဝှေနောင်ရွာသူ/ရွာသားများ အမှန်တကယ် နစ်နာဆုံးရှုံးခဲ့သည်ကို လက်ခံ သဘောတူနိုင်ပါသလား။ လက်ခံသဘောတူပါက ယင်းရွာသူ/ရွာသားများ အတွက် မည်ကဲ့သို့ ကူညီဆောင် ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း                                                  

ဖာပွန်ခရိုင်၊ ဖာပွန်မြို့၊ ကမာမောင်မြို့ ကျေးရွာအုပ်စုတွင် မဲသလွတ်ကျေးရွာအုပ်စုရှိ မဲသလွတ်ရွာ၊ ကလက်ကိုင်းရွာ၊ ရှေ့နောင်ရွာ၊ နေပူခံရွာ၊ ပနွယ်ပူရွာ၊ မော်ပုရွာ၊ မဲသရူကီးရွာများ ပါဝင်သည်ဟု စာရင်းအရ သတ်မှတ်ထားသောကြောင့် ရှေ့နောင်ရွာကို လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသော ဝှေနောင်ရွာအဖြစ် မိမိတို့အနေဖြင့် ယူဆထားပါကြောင်း၊ ယခင်တင်ပြသော မေးခွန်းတွင် ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်း ထားသည်ဟု ပါရှိခြင်းမရှိပါကြောင်း၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို မေးမြန်း ထားသော ဖြစ်စဉ်များကိုလည်း တင်ပြထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တင်ပြလိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသောနေရာနှင့် မိမိတို့ ဖြေဆိုသောနေရာသည် မြေပြင်ကွဲလွဲမှုများ ရှိ/မရှိ ကို ပြန်လည်စိစစ်၍ တင်ပြမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။