ရခိုင်ပြည်နယ်မြို့နယ်များအတွင်း NGO, INGOနှင့် အချို့အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း
မောင်တော၊ ဘူးသီးတောင်မြို့နယ် များတွင် နှစ်ပေါင်းကြာမြင့်စွာ လူ့အဖွဲ့အစည်းများတွင် ဝင်ရောက်လှုပ်ရှားလျက် ရှိခဲ့ကြသည့်အပြင် ရှိနေဆဲပင်ဖြစ်ပါကြောင်း၊ UNHC အဖွဲ့အစည်းသည် ၁၉၇၈-၁၉၇၉ ခုနှစ်မှ ယခုအချိန်အထိ နှစ်ပေါင်း ၃၅ နှစ်ကျော် ဝင်ရောက်လုပ် ကိုင် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ နှစ်ပေါင်း ၃၅ နှစ်အတွင်း လုပ်ကိုင်ခဲ့သည့်အပေါ် ရခိုင်ပြည်နယ်၏ကောင်းကျိုး၊ ဆိုးကျိုးများကို မိမိတို့ အနေဖြင့် မည်သည်ကိုမျှ သိခွင့်မရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် ၏ ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အစိုးရအဖွဲ့အစည်းများသာမက တစ်ခြားအကူ အညီပေးနိုင်သော NGO အဖွဲ့အစည်းများပါ ပါဝင်ကူညီလုပ်ဆောင်မှု လို အပ်ပါကြောင်း၊ သို့ရာတွင်အချို့သော NGO အဖွဲ့အစည်းများအနေဖြင့် လူမှုရေး လုပ်ငန်းများ ကျော်လွန်ပြီး မလိုလားအပ်သော ပဋိပက္ခများဖြစ်ပေါ် သည့် ဖြစ်စဉ်များတွင် ၎င်း NGO အဖွဲ့အစည်းများမှ ဝန်းထမ်းအချို့ ပါဝင်ပတ်သက်ခဲ့ကြောင်းကို သက်ဆိုင်ရာမှဖော်ထုတ်နိုင်ခဲ့ပြီး အရေးယူ အပြစ်ပေးခံရသည်အထိ ရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို အကြောင်းပြုပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ လူသားချင်း စာနာမှုကို အကြောင်းပြ၍ လူ့အခွင့်အရေးများနှင့် ဆက်စပ်ပြီး သင်ကြားပို့ချနေ သည်ကို လည်း ပြင်ပသတင်းများ အရ သိရှိနေရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဝင်ရောက်လှုပ်ရှားလျက်ရှိကြသော NGO, INGO များကို အထူးကြပ်မတ် စိစစ်ပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ပါဝင်ဆောင်ရွက်နေကြသော NGO, INGO အဖွဲ့အစည်းအရေအတွက် မည်မျှရှိသည်၊ မည်သည့် စည်းကမ်း ချက်များနှင့် စိစစ်၍ မည်သည့်ဝန်ကြီးဌာနမှ ခွင့်ပြုချက်ပေးသည်၊ အချိန်ကာလသတ်တမ်းကို မည်သို့သတ်မှတ်ပြီး မည်မျှလုပ်ကိုင်ခွင့်ပေးသည်၊ ကိုင်တွယ်သုံးစွဲနေသော ဘတ်ဂျတ်ငွေ အသုံးစရိတ်များကို အခြေခံအရင်း အမြစ်များနှင့် လားရာများကို စုံစမ်းစိစစ်မှုရှိ/မရှိနှင့် လက်ရှိလူသားချင်း စာနာမှုလုပ်နေသော အဖွဲ့အစည်း အချို့သည် လူ့အခွင့်အရေးများကို အကြောင်းပြ၍ ဆောင်ရွက်လုပ်ကိုင် ပတ်သက်နေမှုများအပေါ် စိစစ် စစ်ဆေးမှု များ ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
ပြ
ည်ထဲရေးဝန်ကြီးဌာနမှ ၁၉၈၈ ခု စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၆/၈၈ ဖြင့် ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေကို ကိုင်တွယ်ကျင့်သုံးပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါအဖွဲ့အစည်းမှ ခွင့်ပြုခဲ့သော ပြည်တွင်းလူမှုရေး အသင်း အဖွဲ့ NGO (၄၆၁)သင်းအနက် ရခိုင်ပြည်နယ် တွင် NGO(၄)သင်းရှိပြီး အသင်းအဖွဲ့များအနေဖြင့် လူမှုရေး လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများနှင့် နာရေးကူညီမှုလုပ်ငန်းများ ဆောင်ရွက်ရန်ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ပြုထားသော INGO(၆၈)သင်းအနက် ရခိုင်ပြည်နယ်တွင် ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကလေးသူငယ် ကာကွယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ၊ ရေကောင်းရေသန့်ရရှိရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြု ထားသော INGO (၁၃)သင်းရှိပြီး တရားဝင်မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက်နေစဉ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့် INGO(၂)သင်းမှလည်း ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင်စုစုပေါင်း INGO(၁၅)သင်းရှိပါကြောင်း။
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ NGO, INGO များမှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လိုသော လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအဆိုပြုချက်၊ အခြေခံ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ မူကြမ်းများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြပြီး မိတ္တူကို သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ ပေးပို့ရပါကြောင်း၊ ယင်းအဆိုပြုချက်များကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးများ၏ သဘောထားမှတ်ချက်များရယူပြီး နိုင်ငံခြားရေးရာ မူဝါဒကော်မတီ၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့များဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့မှ ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုသော အသင်းအဖွဲ့များကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် အတွက် ပြက္ခဒိန်နှစ် သက်တမ်း ၅နှစ် သတ်မှတ်ပေးထားပါကြောင်း၊ ဆက်လက်၍ INGOအဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းများအပေါ် ငွေကြေးသုံးစွဲမှုများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီး ဌာနမှ နားလည်မှုစာချွန်လွှာရေးထိုးစဉ်ကပါရှိသော ငွေကြေးဆိုင်ရာ သဘောတူညီချက်များအရလည်းကောင်း၊ ရရှိလာသောရန်ပုံငွေ(နိုင်ငံခြားငွေ)များကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ပြီး ရန်ပုံငွေခွဲဝေသုံးစွဲရေးကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနများက INGOများနှင့် ကြိုတင်ညှိနှိုင်း၍ လည်းကောင်း ဆောင်ရွက်ပါကြောင်း၊ ဖွဲ့စည်းခွင့်ပြုထားသော NGO, INGO အသင်းအဖွဲ့များအနေဖြင့် ရန်ပုံငွေရယူသုံးစွဲမှု စနစ်တကျဖြစ်စေရန်နှင့် အခြားမလိုအပ်သော တရားမဝင်ငွေကြေးရရှိမှု မရှိစေရန်အတွက် အသင်းအဖွဲ့များက တိုင်ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အသင်းအဖွဲ့များ၏ ငွေစာရင်းရှင်းတမ်းကို လစဉ်တင်ပြ ရပါကြောင်း၊ NGOအသင်းအဖွဲ့များအနေဖြင့် မိမိတို့ဆောင်ရွက်သော လုပ်ငန်းစီမံချက်များနှင့်စပ်လျဉ်း၍ လစဉ် အစီရင်ခံ စာများ နှင့် လေးလတစ်ကြိမ် အစီရင်ခံစာများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့သို့ အစီရင်ခံတင်ပြရသည့်နည်းတူ INGOများအနေဖြင့် လည်း ဆောင်ရွက်သည့် လုပ်ငန်းစီမံချက်များနှင့်စပ်လျဉ်း၍ လစဉ်အစီရင်ခံစားများနှင့် ၃ လတစ်ကြိမ် အစီရင်ခံစာများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့သို့ပေးပို့ဆောင်ရွက်ရပါကြောင်း၊ နောက်ဆုံးမေးခွန်းနှင့် စပ်လျဉ်း၍ NGO, INGO အဖွဲ့များသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သော လုပ်ငန်းလမ်းညွှန်တွင်ပါရှိသော စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ၊ နားလည်မှုစာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို သက်ဆိုင်ရာဝန်ကြီးများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ ထိန်းသိမ်းကြပ်မတ် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုဖောက်ဖျက်ပါက ထိရောက်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်လင်းဖြေကြားပါသည်။
ဒေါ်ခင်စောဝေ (ရသေ့တောင်) မှ ဆက်စပ်မေးခွန်း မေးခွန်းမေးမြန်းပါသည်။
မိမိတို့အနေဖြင့် NGO အဖွဲ့အစည်း ၆၀ ကျော်ရှိသည်ဟု သိရသော်လည်း မိမိတို့ရခိုင်တိုင်းရင်းသားများ မိသားစုဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဘက်မှ NGO ၈၀နီးပါးခန့် ရှိသည်ဟု တင်ပြသွားပါသဖြင့် စိစစ်ပေးစေချင်ပါကြောင်း၊ ထို့အပြင် ယနေ့ခေတ်သည် ပွင့်လင်းမြင်သားမှုရှိသဖြင့် NGO,INGO များ၏ လုပ်ဆောင်ချက်များ၊ အကျိုးသက်ရောက်မှုများ၊ ဆိုးကျိုးသက်ရောက်မှုများအား ရခိုင်ပြည်သူပြည်သားများကို ချပြစေလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသော NGO, INGO ၆၈ သင်းအနက် ၁၃ သင်း ဆောင်ရွက်ပြီး မှတ်ပုံတင်ဆဲ ၂ သင်း အပါအဝင် ၁၅ သင်းရှိပါကြောင်း၊ NGO ၄ သင်းရှိပြီး ဆောင်ရွက်နေသော အသင်းအမည်စာရင်းများ လည်း မိမိတို့ထံတွင် အသေးစိတ်မှတ်တမ်းတင်းထားမှုရှိပါကြောင်း၊ ထို့ကြောင့် NGO,INGO များ၏ ဆောင်ရွက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးများရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် ၎င်းတို့၏ လစဉ်ဆောင်ရွက်ချက်နှင့် ၃ လ တစ်ကြိမ်၊ ၄ လတစ်ကြိမ် ဆောင်ရွက်ချက်အစီရင်ခံစာများလည်း ရှိပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာမှ သိရှိလိုသော အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ဆက်သွယ်မေးမြန်းဆောင်ရွက် နိုင်ပါကြောင်းဖြေကြားပါသည်။
