ဟိုနမ့်နှင့် ပန်းသာကျေးရွာအုပ်စုနှစ်စုဖြင့် စုစည်းထားသော ဟိုနမ့်ဒေသတွင် ပအိုဝ်တိုင်းရင်းသားအများဆုံး မှီတင်း နေထိုင်ကြပြီး လူ
ဦးရေ ၈၀၀၀ နှင့် ၁၀၀၀၀ အကြားရှိပြီး အ.ထ.က (ခွဲ) တစ်ကျောင်း၊ ရဲစခန်းနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံတည်ရှိပါသည်။ မောက်မယ်နှင့် ဆီဆိုင်မြို့နယ်အကြား ပွန်ချောင်းအရှေ့ဘက်အခြမ်း တောင်ပေါ်ဒေသတွင် တည်ရှိပြီး ၎င်းမြို့ နယ်နှစ်မြို့နယ်၏ ဆက်သွယ်ရေး ဧရိယာပြင်ပတွင်ရောက်ရှိနေပါသည်။ IP Star ဖုန်းနှစ်လုံး တပ်ဆင်ထားပါသော်လည်း အဝင်ဖုန်းသာရရှိပြီး အထွက် ဖုန်းပြန်လည်ခေါ်ဆို၍ မရရှိနိုင်ပါ။ ဟိုနမ့်ဒေသ လက်ကိုင်ဖုန်း ကိုင်ဆောင်ခွင့် ရရှိရေးအတွက် ယခင်နှစ်သိန်းခွဲတန်ဖုန်းများ ခေတ်စားချိန်တွင် တင်ပြတောင်းဆိုခဲ့ ဖူးပြီး ဟိုနမ့်ဒေသတွင် သီးသန့်ဖုန်းလိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖြေကြား စာ ပြန်လည်ရရှိခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်မှ ဆက်သွယ်ရေး ကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတကာအဆင့်မီ သုံးစွဲခွင့်ရရှိရန် စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ပါသည်။ ကျေးလက်နှင့်မြို့ပြ ကွာဟချက် နည်းနိုင်သမျှနည်းပါးအောင် ကြိုးပမ်းဆောင်ရွက်နေချိန် လည်းဖြစ်ပါသောကြောင့် ဟိုနမ့်ဒေသ ပအိုဝ်းတိုင်းရင်းသားများနှင့် ဝေးလံခေါင်သီသောဒေသတွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်း ပေါင်းစုံတို့၏ ကိုယ်စား အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း -
(၁) တိုးတက်ခေတ်မီသော အစိုးရသစ်လက်ထက်တွင် ဟိုနမ့်ဒေသ၌ တန်ဖိုးနည်းလက်ကိုင်ဖုန်းများ အသုံးပြုခွင့်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ။
(၂) အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက အဘယ်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်းပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတို့၌ GSM လိုင်းအသစ်(၁)သန်းနှင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း(၃)သန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းကို ဆောင် ရွက်သွား မည်ဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်များတွင် GSM ရေဒီယိုစခန်း(၉)ခု ထပ်မံတည်ဆောက်သွားရန် လျာထားပြီး ဖြစ်ပါသည်။ အဆိုပါစီမံကိန်း ဆောင်ရွက်ရန်အတွက် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ရာ စိစစ်ရွေးချယ်ပြီး လုပ်ငန်း ဆောင်ရွက်ခွင့် ရသည့် ကုမ္ပဏီများမှ မောက်မယ်မြို့နယ်ရှိ ဟိုနမ့်ဒေသအပါအဝင် သက်ဆိုင်ရာမြို့နယ် များသို့ ကွင်းဆင်း တိုင်းတာမှုများပြုလုပ်ပြီး GSM ရေဒီယိုစခန်းများ ထပ်မံ တည်ဆောက်၍ တန်ဖိုးနည်း GSM မိုဘိုင်း တယ်လီဖုန်းများ အသုံးပြုနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
