(စ)နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စု စာရင်းပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များ အတိုင်းမြန်ဆန်စွာနှင့်သတ်မှတ်နှုန်းထား အတိုင်းဖြစ်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၈.၁၀.၂၀၁၃)

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မိုးပွင့်စီမံချက်များသည် ဦးမြင့်ဦး (သနပ်ပင်)ရည်ရွယ်ချက် ကောင်းမွန် သော်လည်း ပြည်သူများအတွက် လက်တွေ့ အကျိုးသက်ရောက်မှုမရှိဘဲ ဖြစ်နေပါသည်။ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေးအတွက် ငွေကျပ် ၁၀၀၀၀ ကနေ ၄၀၀၀၀ ထိ ပြောင်ပြောင် တင်းတင်း တောင်းခံနေကြသည့်အတွက် လက်လုပ်လက်စား ပြည်သူများ အနေဖြင့် ပေးဆောင်နေရဆဲဖြစ်ပါသည်။ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မရှိသော မွေးရာပါ နိုင်ငံသားများမှာလည်း တစ်မြို့တည်းတွင်ပင် ထောင်ချီပြီး ရှိနေပါသည်။ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်က ရှေ့ပြေးဖောင်ဖြည့်ပေးခြင်း၊ အကြိုအပို့လုပ်ပေးခြင်း၊ စားစရိတ်နှင့် လိုအပ်သည်များအားလုံးကို ပံ့ပိုးပေးမည်ဟု တင်ပြပြီး နိုင်ငံသား စိစစ်ရေးကတ် မရှိသော လူဦးရေ စာရင်းနှင့်တကွ မြို့နယ်လဝကကို တင်ပြသော်လည်း အကြောင်းမပြန်၊ စာတင်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသည့်အတွက် လဝကပြည်ထောင်စုဝန်ကြီး၏ မိုးပွင့်စီမံချက် ကြော်ငြာများမှာ အလွန်ကောင်းမွန်သော်လည်း အခြေခံပြည်သူများ အတွက် ငွေများများပေးနိုင်မှ ရရှိနိုင်မည့် စီမံချက်ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဟု မည်မျှပင် ပြောကြားစေကာမူ၊ ပြည်ထောင်စုလွှတ်တော်က ကောင်းမွန်သောဥပဒေများ မည်မျှပင်ပြဋ္ဌာန်းစေကာမူ အောက်ခြေအုပ်ချုပ်ရေး အဆင့်များတွင် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများမှာ ယနေ့တိုင်ပြောင်းလဲမှု မရှိသေးပါကြောင်း၊ ပြည်သူများအနေဖြင့် အထက်လူကြီး၊ တာဝန်ရှိများအား သံသယမျက်လုံးများဖြင့် ယခင်အစိုးရကဲ့သို့ပင် အယုံအကြည် ကင်းမဲ့လျှက်ရှိနေကြပါကြောင်း၊ သို့ပါ၍ ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုသည်မှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာနှင့် သတ်မှတ် ထားသည့် နှုန်းထားအတိုင်းဖြစ်အောင် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ပေးရန် အစီအစဉ်များနှင့် ပတ်သက်၍ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်အား ဖြေကြားရပါက လွှတ်တော် ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့် အလားတူ ၂၇-၃-၂၀၁၂ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပထမ အကြိမ်ပြည်ထောင်စုလွှတ်တော် ၁၆ ရက်နေ့ ပုံမှန်အစည်းအဝေးတွင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း မေးမြန်းခဲ့သည့် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသား များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းအား သက်သာသော စရိတ်နှုန်းထားဖြင့် မြန်ဆန်စွာထုတ်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းသည်   လွှတ်တော်များ၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ” ဆိုသကဲ့သို့ ပြည်သူ့ဆန္ဒအဖြစ် မှတ်ယူခဲ့ပါသည်။

၁၁-၃-၂၀၁၃ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး တွင်လည်း ဤဝန်ကြီးဌာနမှ နိုင်ငံအဝှမ်း ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း မိုးပွင့်စီမံချက်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။ မိမိဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး ၃ ရပ်အနက် ဒုတိယလုပ်ငန်းဖြစ်သော အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်ရေး လုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြေလျော့ရေး နည်းလမ်းဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်း မိုးပွင့်စီမံချက်များကို ၁-၇-၂၀၁၁ မှစတင်ဆောင်ရွက်ပေးခဲ့ရာ မိုးပွင့်အဆင့် (၅) အထိ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မိုးပွင့်စီမံချက် အဆင့် (၁)မှ အဆင့်(၅) အထိ ဆောင်ရွက်ပြီးခဲ့သော အိမ်ထောင်စု  လူဦးရေစာရင်းလုပ်ငန်းပေါင်း ၄၈၆၇၀၇ ခုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း ၃၄၃၁၈၂၃ ခု ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်း မိုးပွင့်အဆင့် (၁)မှ (၅)အထိ ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းမှာ ၁၁၈၇ ခုဖြစ်ပြီး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း ၆၄၇၂ ခုဖြစ်ပါသည်။

ထိုကဲ့သို့ ဖြေလျော့ရေးနည်းလမ်းဖြင့် မိုးပွင့်စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားခြင်းအတွက် လိုအပ်သောအထောက်အထားများ ပြည့်စုံမှန်ကန်စွာ ပါရှိပါက အခမဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးပြီး၊ ကွင်းဆင်းဆောင်ရွက်သည့် အခါတွင်သာမကဘဲ သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် သွားရောက်ဆောင်ရွက်ပါကလည်း  နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်း အတွက် နိုင်ငံတော်မှသတ်မှတ်သည့် အခနှုန်းထားအတိုင်း အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လျှောက်ထားခြင်းအတွက် ၆ ကျပ်၊ အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့်လဲလှယ်ခြင်းအတွက် ၃ ကျပ်၊ ပျောက်ဆုံး/ ပျက်စီးမိတ္တူ လျှောက်ထားခြင်းအတွက် ၁၀ ကျပ်သာ ကောက်ခံပြီး ၂၈ ရက်အတွင်းအပြီး ဆောင်ရွက်ပေးရန် လမ်းညွှန်ထားသကဲ့သို့ ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေးအတွက် မြို့နယ်ဦးစီးဌာနမှူးရုံးများတွင် Venyl များဖြင့် ချိတ်ဆွဲထားရှိပါသည်။ အပိုငွေကောက်ခံခြင်း လုံးဝမပြုလုပ်ရန်၊ ပြည်သူလူထုကို ကောင်းမွန်သော ဆက်ဆံရေးဖြစ်သည့် အသွင်သစ်ဖြင့်ဆက်ဆံရန်၊ လာဘ်ပေးလာဘ်ယူမပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန် ကြားရေးမှူးချုပ် တို့မှ ဝန်ထမ်းများအား အမြဲမပြတ် ကြပ်မတ်သွန်သင်လျက်ရှိပါသည်။

မိမိတို့ဝန်ကြီးဌာနမှ မိုးပွင့်စီမံချက်များကို ဖြေလျော့ရေးနည်းလမ်းဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားခြင်းအတွက် နိုင်ငံတော်မှ သတ်မှတ်အခနှုန်းထားနှင့် ကာယကံရှင်များ ကိုယ်တိုင် ဆောင်ရွက်ရမည့် ဓါတ်ပုံရိုက်ခ၊ စာရွက်စာတမ်းများ မိတ္တူကူးခ၊ သွေးစစ်ခ၊ ထောက်ခံချက်များရယူခ စသည့် ကိစ္စများကို ကွဲကွဲပြားပြား ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် နည်းလမ်းမျိုးစုံဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ရာ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားအစီအစဉ်များတွင် တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်ပြသခြင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးများတွင် လုပ်ငန်းအမျိုးအစားအလိုက် ဆိုင်းဘုတ်များချိတ်ဆွဲထားရှိခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ရှင်းလင်းဖော်ပြပေးခြင်း၊ ရပ်ကွက်/ကျေးရွာ၊ အထက်တန်း၊ အလယ်တန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ရာ၌ အသိပညာပေး ရှင်းလင်းပြောကြားခြင်း များကို ထင်သာမြင်သာရှိရှိ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် ပြည်သူတစ်ဦးချင်း ကုန်ကျရသည့် ဓါတ်ပုံဖိုး၊ သွေးစစ်ခ၊ မိတ္တူကူးခ၊ ထောက်ခံစာ စသည့် ကိစ္စရပ်များအတွက် ကုန်ကျစရိတ် သက်သာစေရေး ဒေသအာဏာပိုင်များမှ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

စီမံချက်လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ရာ ဗဟို လေ့လာသုံးသပ်ရေး အကြံပြုရေးကော်မတီနှင့် ပြည်နယ်/တိုင်းဒေသကြီး လေ့လာသုံးသပ်ရေး၊ အကြံပြုရေး ကော်မတီများကို ဖွဲ့စည်းပြီး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။ ဗဟိုအဆင့်မှ ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးဌာနမှူးများ ကွင်းဆင်းရောက်ရှိဒေသတို့အား အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းထားလျက် အစဉ်ကြပ်မတ် ကွပ်ကဲခြင်း၊ နေ့စဉ်လုပ်ငန်းတိုးတက်မှု အခြေအနေများကို မှတ်တမ်းရယူခြင်း၊ နေ့စဉ်ပြည်သူ့တုံ့ပြန်မှုများကို စောင့်ကြည့်လေ့လာသုံးသပ်ခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ ကွင်းဆင်းရာသို့ လိုက်ပါကြည့်ရှုအားပေးမှု အခြေအနေများကို မှတ်တမ်းထားခြင်း၊ ဗဟိုလေ့လာသုံးသပ်ရေး အကြံပြုရေး ကော်မတီနာယက ပြည်ထောင်စု ဝန်ကြီး အပါအဝင် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ ကလည်း ပြည်နယ်/တိုင်းဒေသကြီးအနှံ့ ကွင်းဆင်းစစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။

ထိုကဲ့သို့ နိုင်ငံတစ်ဝှမ်းလုံးတွင် မိုးပွင့်စီမံချက်များကို အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုတွင် အဆင်မပြေမှုများရှိပါကလည်း နေပြည်တော်ဦးစီး(ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားပေးနိုင်ကြောင်း၊ ၃၁-၁-၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာနှင့် ၂၃-၂-၂၀၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာများတွင် ပြည်သူလူထုထံ အသိပေးအကြောင်းကြားခြင်း ခေါင်းစဉ်ဖြင့် မိမိဝန်ကြီးဌာန (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန)မှ ကြေညာပေးခဲ့ပြီး ၃၀-၆-၂၀၁၃ ရက်နေ့ထိ ပြည်သူများမှ ကြန့်ကြာမှုများအတွက် မကျေနပ်၍ တိုင်ကြားမှု ၆၃ မှုအနက်  ၄၅ မှုအား ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ကျန် ၁၈ မှုအား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။

ထို့အပြင် မိမိဝန်ကြီးဌာန၏ လုပ်ငန်းများအပေါ် မကျေနပ်၍ စာဖြင့်ရေးသားတိုင်ကြားလာမှုများ ရှိလာပါကလည်း အရာရှိကြီးများ၊ ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် စုံ/ခုံအဖွဲ့များ ဖွဲ့စည်းကွင်းဆင်းစစ်ဆေးစေပြီး မှန်ကန်ပါက ကျူးလွန်သည့် အပြစ်အပေါ်မူတည်ပြီး ထုတ်ပစ်ပြစ်ဒဏ်၊ ရာထူးလျော့ခြင်း၊ ဝေးလံဒေသပြောင်းရွှေ့ခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း ပြစ်ဒဏ်များကို မူဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ယခု သနပ်ပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းနှင့် ပတ်သက်ပြီး လက်မှတ်ရေးထိုးတိုင်ကြားသူများနှင့် တွေ့ဆုံပြီး သနပ်ပင်မြို့နယ် ဝန်ထမ်းများအား ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို အမြန်ပြုလုပ်သွားပြီး မှန်ကန်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူများအလွယ်တကူ အဆင်ပြေစေရေးအတွက် ရည်ရွယ်လျက် တိုင်းရင်းသားများအား ဖြေလျော့ရေးနည်းလမ်းဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းအား နောင်တွင်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်သူ့ကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ မိမိတို့ဌာန၏ လုပ်ငန်းများအား ပိုမိုတိုးတက် ကောင်းမွန်စေရေး အပြုသဘောဖြင့် တင်ပြပေးခြင်းအတွက် များစွာကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း ဖြေကြား ပါသည်။

သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက နောက်ဆက်တွဲမေးခွန်းဆက်လက်မေးမြန်းရာ

မိမိတို့မြို့နယ်တွင် တိုင်တန်းမှုများနှင့် ပတ်သက်၍ မြို့နယ်အဆင့်စုံစမ်းရေး ခုံအဖွဲ့ဖွဲ့ပြီး စစ်ဆေးရာ အတိုင်ခံရသူမှာ စစ်ဆေးရေးအဖွဲ့ဝင်အဖြစ် ပါဝင်နေသည့်အတွက် စစ်ဆေးရာတွင် ငေါက်ငန်းစစ်ဆေးခြင်းနှင့် ယခင်အတိုင်းပင် ငွေတောင်းယူပြီး ရယူနေဆဲဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် နောက်ဆက်တွဲမေးခွန်း ဆက်လက်မေးမြန်း လိုပါကြောင်း၊ မိုးပွင့်စီမံချက်တွင် ညွှန်ကြားချက်အတိုင်းမလုပ်ဘဲ အဂတိလိုက်စားသည့် အတွက် အရေးယူ အပြစ်ပေးခဲ့သည်မှာ မည်မျှရှိပါသနည်း။ တိုင်ကြားခြင်းမရှိပဲ အောက်ခြေတွင် ဖြစ်ပျက်နေသည် များကို ဌာနမှ စုံစမ်းပြီး တည့်မတ်ပေးမည့် အစီအစဉ်များရှိပါသလား။ မိုးပွင့်စီမံချက်အရ မွေးရာပါနိုင်ငံသားများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ၂၀၁၄ ခုနှစ်တွင် ပြီးစီးအောင်မဆောင်ရွက်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိအောင် လုပ်ဆောင်မည့် အစီအစဉ်များကို သိလိုပါသည်။ ထို့ပြင် မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ကူညီရန် ကမ်းလှမ်းခြင်းများကို လိုလိုလားလား လက်ခံရန်အတွက် ညွှန်ကြားရန် အစီအစဉ်ရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ထပ်ဆင့်မေးခွန်းများအားဖြေကြားရပါက-

(၁)     စုံစမ်းစစ်ဆေးရေးခုံရုံးကို မိမိတို့ဆောင်ရွက်နေသည်များရှိပါကြောင်း၊ ဤကိစ္စနှင့်ပတ်သက်ပြီး တင်ပြချက်များအပေါ် မရှင်းလင်းမူများ ရှိသည့်အတွက် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းတင်ပြချက်များကိုလည်း ဥပဒေကြောင်းအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း။

(၂)     မိုးပွင့်စီမံချက်နှင့် ပတ်သက်ပြီး အရေးယူမှုများအနေဖြင့် မိုးပွင့်စီမံချက်တွင် တိုင်ကြားမှုများရှိပါက ရှိသည့် အလျောက် မှတ်တမ်းတင်ထားသည်များရှိပါသည်။ သို့သော် တိုင်ကြားချက်များအတွက် အရေးယူသည့် အရေအတွက် လောလောဆယ်တွင် မပါလာသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးထံ သီးသန့် အကြောင်းပြန်ကြားပေးပါမည်။

(၃)     ၂၀၁၄ ခုနှစ် မတိုင်ခင် ၂၀၁၅ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲတွင် အဆင်သင့်ဖြစ်စေရန် မှတ်ပုံတင်ထုတ်ပေးရန်နှင့် ပတ်သက်၍ နှစ်စဉ် အတတ်နိုင်ဆုံးနှင့် အပြည့်ဝဆုံးဖြစ်စေရန် ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။ မိုးပွင့်စီမံချက်အားလုံးပေါင်း (၁) မှ (၅) ထိ စုစုပေါင်း ၃၄ သိန်းကျော် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။ လာမည့်ရွေးကောက်ပွဲအတွက်ကိုလည်း အတတ်နိုင်ဆုံးအပြည့်အဝ ရရှိအောင်လည်း ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ဖြေကြားအပ်ပါသည်။

 (၄)    သက်ဆိုင်ရာမြို့နယ်များမှ ပုဂ္ဂိုလ်များက မိမိတို့လဝကဝန်ထမ်းများအနေနှင့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှုရှိ/မရှိကို ညွှန်ကြားမှုရှိ/မရှိဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ‌ဖြေကြားရပါက သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းပြီး မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်သာမက မိုးပွင့်စီမံချက်ကဲ့သို့ ကတ်ပြားများထုတ်ပေးရာတွင် အားလုံးဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ရန်ဆိုသည့် ညွှန်ကြားချက်များကို ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ မိုးပွင့်စီမံချက် လုပ်သည့်ကာလအတွင်း၌ လွှတ်တော်ကိုယ်စားလှယ်များမှ လေ့လာ ကြည့်ရှုပြီး ဆောင်ရွက်ရ သည့် အချက်များ ရှိပါကြောင်း၊ ကတ်ပြားများထုတ်ပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ သာမက၊ သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့များကပါ ကူညီဆောင်ရွက်ပေးကြ သည်ဖြစ်ရာ နောက်ဆုံး မေးခွန်းကို အတိုချုပ် ဖြေကြားရပါက သက်ဆိုင်ရာအောက်ခြေမြို့နယ်များအားလုံးConcept ညှိနှိုင်းဆောင်ရွက်နိုင်ရန် ညွှန်ကြားပြီးဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။