(က)ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်မည်သို့ ညှိနှိုင်းဆောင်ရွက်နေသည်နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၈.၁၀.၂၀၁၃)

ဦးစိုးဝင်း (ကျောက်တံတား)မိမိတို့နိုင်ငံတွင် သယံဇာတ ထုတ်ယူရောင်းချခြင်းများကို လျှော့ပေါ့ပြီး ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း၍ ခရီးသွား လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ သဘာဝအလှကို နိုင်ငံ တကာက သိအောင် ပြသနိုင်ရေးအတွက် မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊  မိမိတို့၏ ပတ်ဝန်းကျင်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံတွင် ၎င်းတို့၏ကျွန်း နိုင်ငံလေးတွင် ရှိသော Santosa ကျွန်းကိုပြုပြင်ပြီး ငါးပြတိုက်များ၊၊ Dolphin ပြခန်းများအပြင် ညဘက် သဲသောင်ပြင်အလှအပများ စသဖြင့် နိုင်ငံခြားဝင်ငွေ ရရှိရန် ဆောင်ရွက် ထားတာတွေကို တွေ့ရှိရပါကြောင်း၊ မလေးရှားနိုင်ငံတွင် ဂျစစ်ဟိုင်း လစ်တောင်ပေါ်ဒေသ၏ ပတ်ဝန်းကျင်သစ်တောကို ပြုပြင်ပြီး သစ်တောကြီးပမာ ထိန်းသိမ်းကာ နိုင်ငံတကာ စိတ်ဝင်စားဖွယ် အားကစားနည်းများ ဖန်တီးခြင်း၊ ထိုင်းနိုင်ငံတွင် Bangkok Garden  ကဲ့သို့ နေရာမျိုးများတွင် တိရိစ္ဆာန်ပြပွဲများ၊ ပန်းအလှပြပွဲများဖြင့် နိုင်ငံတကာမှ စိတ်ဝင်စားအောင် လုပ်ဆောင် ပြသခြင်း များကို တွေရှိရပါကြောင်း၊ အထူးသဖြင့် အဆိုပါ နေရာများတွင် ပြခန်းများကို တာဝန်ပြုလုပ်ကိုင်နေသော အလုပ်သမား ၁၀၀၀ ကျော်အနက် ထားဝယ်ဘက်က မြန်မာအလုပ်သမား ၆၀၀ ကျော်ရှိသည်သာမက Japanနိုင်ငံ၊ နာတွတ်တွင်လည်း  မြန်မာအလုပ်သမား အများအပြားရှိနေပါကြောင်း၊  အဆိုပါ အလုပ်သမား‌များ သည် လုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများဖြစ်သည့်အတွက်   မိမိတို့နိုင်ငံတွင် ၎င်းလုပ်ငန်းများ ထူထောင်ပေးရန်သာ လိုအပ်မည်ဖြစ်ရာ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ပေးရန် အရေးကြီးပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့့်် ပတ်သက်၍လည်း မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအလှတရားများ၊ သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို  နိုင်ငံတကာမှလည်း အသိအမှတ်ပြုလာပြီ ဖြစ်ပါကြောင်း၊  နှစ်ပေါင်း ၂၅၀ ကျော်ရှိ ဗြိတိန်၏ သက်တမ်းရင့် ခရီးသွား လုပ်ငန်းစုက မြန်မာ၏ ထိပ်တန်းခရီးစဉ် ၆ ခု ကြေညာထားသည်ကို သိရှိရပါကြောင်း၊  ပတ်ဝန်းကျင်နိုင်ငံများတွင် ခရီးသွားလုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိရာ၌ ခရီးသွားများ စိတ်ချမ်းမြေ့စွာ သွားလာ လည်ပတ်နိုင်ရေး၊  ဒေသန္တရဗဟုသုတရရှိရန် ထင်ရှားသည့်နေရာများနှင့်  ဒေသထွက်ကုန် အရောင်းဆိုင်များသို့ ပို့ဆောင်ပေးခြင်း စသည့် အစီအစဉ်များကို ခရီးစဉ်များတွင် ထည့်သွင်းထားသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ နိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနမှ မည်ကဲ့သို့သော အစီအစဉ်များကို မည်သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း
အဖြေ

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှရောက် ရှိလာကြမည့် နိုင်ငံခြားသား ခရီးသွား ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းဧည့်သည်များအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက် များ အပါအဝင် ထင်ရှားသော ခရီးစဉ်ဒေသနေရာများတွင် သတင်းနှင့်ပြန် ကြားရေး ကောင်တာများ ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ ခရီးသွား ဧည့်သည်များ၏ ခရီးစဉ်လိုအပ်ချက်များအပေါ် မေးမြန်း စုံစမ်းမှုများ အား ပြန်လည်ဖြေကြားခြင်း၊ အခြားသော အခက်အခဲများ ကူညီဖြေရှင်းပေးခြင်း၊ ခရီးစဉ်များရောင်းချပေးခြင်း၊ လိုအပ်လျှင် ဧည့်လမ်းညွှန်များနှင့် မော်တော်ယာဉ်များ ငှားရမ်းပေးခြင်း၊ ဟိုတယ်အခန်းများနှင့် လေယာဉ်လက်မှတ်များရောင်းချပေးခြင်း၊ အဆင်ပြေ လွယ်ကူစွာ ဝင်/ထွက် သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊  ခရီးစဉ်နှင့် ဟိုတယ်ဆိုင်ရာ လက်ကမ်းစာစောင်များ၊ လမ်းညွှန်မြေပုံများ ဖြန့်ဖြူးပေးခြင်း စသည့်  ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် တိုးတက်ဝင်ရောက်လာမည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှု အဆင့်အတန်းမီသော ဟိုတယ်များတိုးချဲ့တည်ဆောက်နိုင်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ကူညီဆောင်ရွက် ပေးခြင်း၊ ဝန်ကြီးဌာနမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ဟိုတယ်လုပ်ငန်းလိုင်စင်များကို အဆင်ပြေမြန်ဆန်စွာ ထုတ်ပေးခြင်း၊ ကန့်သတ်ခရီးစဉ်များအတွက် ဖြေလျော့မှုများ ဆောင်ရွက်ပေးနိုင်ရန်တင်ပြပေးခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်ဒေသ အသစ်များ တိုးတက်ဖော်ထုတ်နိုင်ရေးကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက် ရှိသည်သာမက ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း နယ်ပယ်တွင် ဝန်ဆောင်မှု ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၄) မျိုးနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းများ ကို နေပြည်တော်၊ ပုဂံ၊ ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ မန္တလေး၊ ပြင်ဦးလွင်၊ ထားဝယ်၊ လွိုင်ကော်၊ တာချီလိတ်၊ ကျိုင်းတုံ၊ စစ်တွေ၊ မိုးကုတ်နှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး  ဆက်လက်၍လည်း အလားတူသင်တန်းများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းတွင်လည်း အခြေခံ ဧည့်လမ်းညွှန်သင်တန်းများကို ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာဘာသာရပ်ကို တက္ကသိုလ် အဆင့်ဖြင့် ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တို့တွင် B.A (Tourism) ဘာသာရပ်ကို သင်ကြားပေးလျက်ရှိရာ ဤဝန်ကြီးဌာနမှ လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးလျက်ရှိခြင်းတို့အပြင် ဝန်ကြီးဌာန၏  Website တစ်ခုကိုလည်း လွှင့်တင်ကာ ဌာန၏ လှုပ်ရှားမှုသတင်းများ၊ မှတ်တမ်းများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် သတင်းများထုတ်ပြန်ခြင်း၊ ဟိုတယ်များ၊ ခရီးသွား ကုမ္ပဏီများနှင့် ဆက်သွယ်ရန်လိပ်စာများ၊ ဓာတ်ပုံများ၊ e-mail လိပ်စာများ ထုတ်ပြန်ပေးခြင်း၊ ဘာသာအလိုက် ကျွမ်းကျင်သော ဧည့်လမ်းညွှန်များ၏ အမည်စာရင်းနှင့် ဆက်သွယ်ရန်လိပ်စာများကို ထုတ်ပြန်ပေးခြင်း၊ ဝန်ကြီးဌာနမှ ထုတ်ဝေထားရှိသော လက်ကမ်းစာစောင်များ၊ ဂျာနယ်များ၊ ခရီးစဉ်ဒေသအလိုက် မြှင့်တင်ကြော်ငြာထားသည့် စာအုပ်များကို ထုတ်ဝေပေးခြင်း၊ မြန်မာ့ခရီးသွားလုပ်ငန်းမှ ဝန်ဆောင်မှုပေးနေသော ခရီးစဉ်များကို ထည့်သွင်းကြော်ငြာပေးခြင်း၊ ဝန်ကြီးဌာနမှ စီစဉ်ထုတ်ပေးလျက်ရှိသော လုပ်ငန်း လိုင်စင် (၄) မျိုးနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအား သိရှိနိုင်စေရန် ထုတ်ပြန်ခြင်းများအပြင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ရိုးရာပွဲတော်များ၊ မှီတင်းနေထိုင်ကြသော လူမျိုးစုများနှင့် ရိုးရာယဉ်ကျေးမှုများအား ထုတ်ပြန်ခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  

ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများအနေဖြင့် ယင်းလုပ်ငန်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်များကို ပြည်ပမှပညာရှင်များ၏ အကူအညီဖြင့် Myanmar Responsible Tourism Policy, Policy on Community Involvment in Tourism, Dos and Don'ts for Tourists စာအုပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ထုတ်ဝေဖြန့်ချီပြီး ပညာပေး ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည့် မဟာဗျူဟာ အစီအစဉ်(၆) ခုနှင့် ကဏ္ဍအလိုက်ဦးစားပေး စီမံကိန်း ၃၈ ခုပါဝင်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စံမံကိန်း Myanmar Tourism Master Plan ကိုလည်း မကြာမီ ထုတ်ပြန်သွားမှာ ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ လူနေမှုစရိုက်နှင့် ရိုးရာယဉ်ကျေးမှုများ၊ ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသနေရာများ၊ တိုးတက်ပြောင်းလဲဖြစ်ထွန်းနေမှု အခြေအနေများကို နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဇွန်လတွင် ကျင်းပခဲ့သော World Economic Forum နှင့်ချိန်ကိုက်၍  Nation Branding Campaign TV Commercial အစီအစဉ်ကို Channel News Asia နှင့် BBC Channel တို့မှာ ထုတ်လွှင့်ပြသနိုင်ခဲ့ပြီး ဆက်လက်၍ CNN Channelတွင် လွှင့်တင် ပြသလျက်ရှိပါကြောင်း။

၎င်းအပြင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာအနေဖြင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှု အောက်ရှိ တရားဝင်ဖွဲ့စည်းထားရှိပြီးဖြစ်သော  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် MTFနှင့် ၎င်းအဖွဲ့ချုပ်အောက်ရှိ လုပ်ငန်းကဏ္ဍ အလိုက် ဖွဲ့စည်းထားရှိသော

(၁)      မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊

(၂)      မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊

(၃)      မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးကော်မတီ၊

(၄)      မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊

(၅)      မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊

(၆)      မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊

(၇)      မြန်မာနိုင်ငံ အမှတ်တရပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအသင်း၊

(၈)      မြန်မာနိုင်ငံ ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊

(၉)      မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျန်းမာရေးနှင့် အထွေထွေဝန်ဆောင်မှုအသင်း၊

(၁၀)    မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းများအသင်း၊

(၁၁)    မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ထမ်းများအသင်းတို့နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှ မြန်မာ့လက်မှုအနုပညာများကို အမှတ်တရဝယ်ယူလိုပါက အလွယ်တကူဝယ်ယူနိုင်ရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ထင်ရှားသောခရီးစဉ် ဒေသနေရာများ ဟိုတယ်ကြီးများတွင်  အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွာလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းကို ဝန်ကြီးဌာမှ ကြီးကြပ်လမ်းညွှန်ပြီး ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍနှင့်ဒေသအလိုက် အလုပ်ရုံဆွေးနွေး ပွဲများ ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ ပုဂံ၊ အင်းလေး၊ ငပလီ ဒေသများတွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ဝန်ကြီး ဌာနရုံးချုပ်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတွေက ဖော်ထုတ်ရရှိသော လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နယ်မြေဒေသ ၁၅ ခုသတ်မှတ်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေအလိုက် Working Group များဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သော နိုင်ငံခြားသားများ သွားရောက်လည်ပတ်ရန် ခွင့်ပြုသော နယ်မြေသတ်မှတ်ချက်များအရ ယခင်ကထက် ခရီးစဉ်ဒေသနေရာအနှံအပြားများကို သွားလာခွင့်ပြုခဲ့ပြီးဖြစ် ပါကြောင်းနှင့် မိမိတို့ ပြည်ထောင်စု ဝန်ကြီးအနေနှင့်လည်း ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် မြဝတီမြို့၊ ဘားအံမြို့၊ ချင်းပြည်နယ် ကလေး၊ ဟားခါး၊ ရိခေါဒါမြို့နယ်များ၊ မွန်ပြည်နယ် မော်လမြိုင်၊ မန္တလေးတိုင်းဒေသကြီး မန္တလေး၊ မိုးကုတ်မြို့နယ်များ၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များ၊ ဧရာဝတီတိုင်း ချောင်းသာ၊ ငွေဆောင်၊ ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်တုံဒေသများနှင့် နိုင်ငံခြားသားများ အများဆုံးလာရောက်ကြသော ပုဂံ၊ အင်းလေး၊ ငပလီဒေသများသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဒေသခံ မြို့မိမြို့ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်ရေး ကိစ္စရပ်များ ကို ညှိနှိုင်း ဆွေးနွေးအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကမ္ဘာလှည့် ခရီးသည်များသည် မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်မှစပြီး တိုးတက် ဝင်ရောက်လာကြလျက်ရှိရာ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် စုစုပေါင်း ၁.၀၆ သန်းထိ လည်းကောင်း၊  ယခုနှစ်တွင် ခရီးသွားဧည့်သည် ၁.၈ သန်းမှ ၂ သန်းအထိ တိုးတက်လာရောက်လိမ့်မည်ဟု ခန့်မှန်းထားပါကြောင်း၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည်များကို မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ၊ ဂေဟစနစ်များ၊ သားငှက်တိရစ္ဆာန်များ၊ သစ်တောများနှင့် ဒေသခံပြည်သူတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ များကို လေ့လာကြည့်ရှုနိုင်ရန်  စီစဉ်ဆောင်ရွက်ပေးလျက်ရှိခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိသော သင်တန်းများတွင်လည်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ရေး (The Sustainable Ecotourism Development) ဟူ၍ ဘာသာရပ် ခေါင်းစဉ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားပေးခြင်း၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှ ရန်ကုန်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဝင်/ထွက်သွားလာမှု အဆင်ပြေချောမွေ့လွယ်ကူစေနိုင်ရန် ဆိုက်ရောက်ကောင်တာ၊ ထွက်ခွာကောင်တာများ တိုးချဲ့ခြင်း၊ တာဝန်ကျ ဝန်ထမ်း အင်အားများ တိုးချဲ့ဖွဲ့စည်းပေးခြင်း၊ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ ထားရှိပေးခြင်း၊ တင်းကြပ် နေသော စည်းကမ်းများ လျော့ပေါ့ပေးခြင်း၊ ဗီဇာစနစ်ပုံစံ ပြောင်းလဲပေးခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူများစွာဖြစ်စေသောကြောင့် လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာများ ဆိုက်ရောက်ဗီဇာစနစ်ဖြင့် နိုင်ငံပေါင်း ၅၁ နိုင်ငံကို ပြည်ဝင်ခွင့်ပေးနိုင်ခဲ့ပါကြောင်း၊  နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အပြည်ပြည်ဆိုင်ရာ ရေလမ်း ခရီးမှ ဝင်ရောက်ခြင်းနှင့် ပတ်သက်၍လည်း ကမ္ဘာလှည့် အပျော်စီးသင်္ဘောကြီးမှ ရေကြောင်းခရီးဖြင်‌့ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မှုတွင် အဆိုပါ ခရီးသည်များအတွက် သင်္ဘောပေါ်တွင်ပင် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

သာသနာရေးဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့်လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အများဆုံး လာရောက်ကြသော ဘုရားစေတီများတွင် ဓာတ်လှေကားများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက ဂေါပကအဖွဲ့ ဝင်များမှ ရှင်းလင်းပြသ ပေးခြင်းဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိခြင်း၊ ယခင်ခွင့်ပြုချက်ရရှိမှ ဝင်/ထွက် သွားလာခွင့်ရရှိခဲ့သော နယ်စပ်ဂိတ်များတွင်လည်း ခရီးသွား ဧည့်သည်များ အလွယ်တကူ ဝင်/ထွက်နိုင်စေရန် ၂၈-၈-၂၀၁၃ ရက်မှစတင်ပြီး မြန်မာ-ထိုင်း နယ်စပ် ဝင်/ထွက်ပေါက်များကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်များအဖြစ် အဆင့်တိုးမြှင့်၍ နိုင်ငံခြားသား များအား ပြည်တင်ဗီဇာဖြင့် စနစ်တကျ ဝင်/ထွက်ခွင့် ခွင့်ပြုပေးခဲ့ခြင်း၊  မကြာမီ မြန်မာ-တရုတ်နယ်စပ် ဝင်ပေါက်ဖြစ်သော မူဆယ် ဝင်ပေါက်ကိုလည်း ခွင့်ပြုပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိခြင်းတို့အပြင် နိုင်ငံခြားသားများ၊ ခရီးသွား ဧည့်သည်များ ပိုမိုလွယ်ကူများပြားစွာ ဝင်ရောက်နိုင်စေရန် e-Visa စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် တစ်နှစ်ထက်တစ်နှစ် ဆက်လက်ဖွံ့ဖြိုးလာမည်ဖြစ်သည်နှင့် အမျှ နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်၊ ခရီးစဉ် ဒေသအလိုက် စနစ်တကျ ဖွံ့ဖြိုး တိုးတက်နိုင်စေရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို အချိန် နှင့် တပြေးညီ ကြိုးစားလုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ လုပ်ကိုင်ဆောင်ရွက်သည့် နေရာတွင်လည်း အစိုးရအဖွဲ့အစည်းတစ်ခု၊ ဝန်ကြီးဌာနတစ်ခုတည်း သာမက ပုဂ္ဂလိကအဖွဲ့အစည်း၊ တစ်ဦးချင်း လုပ်ငန်း ရှင်များနှင့် ပြည်သူများပါ ပါဝင်ပူးပေါင်း လာစေရေးအတွက် ပညာပေးလုပ်ငန်းများ ကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။