ယခု မိမိမေးမည့် မေးခွန်းသည် ယခင်သတ္တမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သမဝါယမ ဝန်ကြီးဌာန၊ ဒုတိယ
ဝန်ကြီး ဖြေဆိုချက်အပေါ် ကာယကံရှင်များက မရှင်းလင်းသည့် ကိစ္စများ၊ နားမလည်သည့်ကိစ္စများကို ထပ်မံ၍ မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ ယင်းဖြေကြားချက် တွင် ပြဿနာဖြစ်နေသော ကိစ္စကို ပွင့်လင်းမြင်သာစွာ နှစ်ဦးနှစ်ဖက် ကြားနာ စုံစမ်းစစ်ဆေးခဲ့ခြင်း မရှိခဲ့သည့်အတွက် လွှတ်တော်တွင် လာရောက်ဖြေဆိုသော အဖြေမှာ မှန်ကန်မှုမရှိသည့်အပြင် လုပ်အားရတနာသမဝါယမ အသင်းကို လေလံတင်ရောင်းချရသည့် ငွေများကို ခွဲဝေမပေးခြင်းနှင့်ပက်သက်၍ ကိုးကားထားသောဥပဒေမှာ ဖျက်သိမ်းပြီး ဥပဒေဖြစ်နေပါကြောင်း၊ ထို့ကြောင့် လုပ်အားရတနာဖိနပ်ချုပ်သမဝါယမအသင်း ဖျက်သိမ်း ခံရပြီး လေလံတင်ရောင်း ချရငွေ များကို အသင်းသားများ အား ပြန်လည်ခွဲဝေမပေးခြင်းနှင့် ပက်သက်၍ ပြဿနာများဖြေရှင်းရန် ဝန်ကြီးဌာနသည် အောက်ခြေအထိဆင်း၍ ပွင့်လင်းမြင်သာစွာ နှစ်ဦးနှစ်ဖက်အကြား မျှတသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသလား၊ အသင်းပိုင်မြေနှင့် အဆောက်အအုံ လေလံပစ်ရောင်းချရငွေများကိုလည်း ၁၉၇၀ ခုနှစ် ဥပဒေအရ CRF ရန်ပုံငွေသို့ ထည့်သွင်းခဲ့သည်ဆိုကာ ကိုးကားခဲ့သည့် ဥပဒေမှာ ၁၉၉၂ ခုနှစ်က ထုတ်ပြန်ခဲ့သော နိုင်ငံတော် ငြိမ်ဝံ့ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၉၂ ၊ သမဝါယမအသင်း ဥပဒေ ပုဒ်မ ၃၉ ဖြင့် ဖျက်သိမ်းပြီးဖြစ်သည် ဆိုသည်မှာ မှန်ကန်ပါသလား။ မှန်ကန်သည်ဟု ဆိုပါလျှင် ထိုရောင်းချရငွေများကို အသင်းသားများအား မည်သည့် အချိန်ခန့်တွင် ပြန်လည်ခွဲဝေပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် လုပ်အားရတနာဖိနပ်ချုပ် ကုန်ထုတ်သမဝါယမအသင်း၏ အသင်းသား ၂၆ ဦးမှ အသင်းဥက္ကဋ္ဌအား အရေးယူဆောင်ရွက်ပေးရန် ၃၀.၆.၂၀၀၈ ရက်စွဲဖြင့် တိုင်ကြားခဲ့သည့်အတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်၍ အောက်ခြေအထိ ကွင်းဆင်းပြီး ပွင့်လင်းမြင်သာစွာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်စေခဲ့ပါကြောင်း။ အဆိုပါ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်သေ ၁၉ ဦးအား ခေါ်ယူ၍ ပွင့်လင်း မြင်သာစွာ နှစ်ဦးနှစ်ဖက်အကြား မျှတသော စစ်ဆေးမှုများ ကို ပြုလုပ်ခဲ့ပါကြောင်း၊ ၁၉၉၂ သမဝါယမအသင်း ဥပဒေပုဒ်မ ၃၉ တွင် ၁၉၇၀ သမဝါယမအသင်းဥပဒေ၊ ၁၉၇၇ သမဝါယမအသင်းနည်းဥပဒေ၊ အရေးယူနည်း ဆိုင်ရာ နည်းဥပဒေများကို ရုတ်သိမ်းခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ CRF ဆိုသည့်စကားရပ်သည် ၁၉၇၀ ခုနှစ် သမဝါယမအသင်း ဥပဒေ အရ ပေါ်ပေါက်လာခြင်းမဟုတ်ပါကြောင်း၊ ၁၉၉၂ ခုနှစ်သမဝါယမအသင်း ဥပဒေပြဌာန်းပြီးနောက် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့သော အရင်းအနှီးပစ္စည်းများ မပျောက်ပျက်စေရေး ထိမ်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ သမဝါယမဝန်ကြီး ဌာနတွင် CRF ရန်ပုံငွေပေါ်ပေါက်လာ ရခြင်းပဲဖြစ် ပါကြောင်း။ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေပုဒ်မ ၃၇ တွင် ၁၉၇၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေအရ တည်ထောင်ခဲ့သောအသင်းများကို
(က) ဤဥပဒေအရ မှတ်ပုံတင်ထားသောအသင်းများ ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။
(ခ) သတ်မှတ်သည့်ကာလအတွင်း ဤဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်များနှင့်အညီ ၁၉၇၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်း ထားသော သမဝါယမအသင်းများကို စည်းကမ်းအသစ်များဖြင့် ပြန်လည်ဖွဲ့စည်းရေးအတွက် သမဝါယမဦးစီးဌာန၏ ၁၁-၂-၁၉၉၃ ရက်စွဲပါ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ဥပဒေအမှတ် ၉/၉၂ ဖြင့် ထုတ်ပြန်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သမဝါယမအသင်း ဥပဒေအရ ပြန်လည် ဖွဲ့စည်းရေးလုပ်ငန်းအစီအစဉ်နှင့် ၅-၄-၁၉၉၄ ရက်စွဲပါ သမဝါယမအသင်းများရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ရှင်းလင်းရေးလုပ်ငန်းအစီအစဉ်တို့ဖြင့် ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ရှင်းလင်းပြီး ဖြစ်ပေါ်လာသည့် အသားတင်ပိုလျှံငွေနှင့်ပစ္စည်းများကို လေလွင့်ပျောက်ဆုံးမှုမရှိစေရန် ပြန်လည်ဖွဲ့စည်းထားသော သမဝါယမ အသင်းများ၏ လုပ်ငန်းများစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန်ရည်ရွယ်၍ သမဝါယမအသင်းများနှင့် ဆိုင်သော ပြန်လည်ဖွဲ့စည်းရေးရန်ပုံငွေ Common Restructuring Fun (CRF) အဖြစ်သတ်မှတ်၍ ပြန်လည် ဖွဲ့စည်းသည့်အသင်းတွင် အပ်နှံသုံးစွဲခွင့်ပြုခဲ့ပါကြောင်း၊ ထို့အပြင် အသင်းအား သမဝါယမအသင်းဥပဒေပုဒ်မ ၂၅ အရ စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါ စာရင်းရှင်းပိုလျှံငွေများကိုလည်း CRF ရန်ပုံငွေသို့ပေးသွင်းရပါကြောင်း၊ သမဝါယမအသင်းများက အသုံးပြုလျက်ရှိသောပစ္စည်းများမှာ CRF များသာဖြစ်၍ မပျောက်ပျက်ဘဲ သမဝါယမ လှုပ်ရှားမှုတွင်သာသုံးစွဲရန်အတွက် ၁၃-၁၁-၁၉၉၇ ရက်နေ့တွင် ကျင်းပသော သမဝါယမဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီတွင် CRF ပိုင်အခန်းများကို သမဝါယမအသင်းများ၏ လှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းများတွင်သာ အသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာန များသို့ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်ရှိ ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော လုပ်အားရတနာဖိနပ်ချုပ်ကုန်ထုတ် သမဝါယမအသင်းအား ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ ၁၀-၉-၁၉၉၃ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ပါကြောင်း ပြန်လည်ဖွဲ့စည်းထားသော သမဝါယမအသင်းတစ်သင်းဖြစ်သည့် အတွက် အသင်းရှိမြေနှင့် အဆောက်အဦသည် အသင်းသားများပိုင်မဟုတ်ပါကြောင်း၊ CRF ပိုင်ငွေနှင့် ပစ္စည်းများကို အသင်း၏လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန်အတွက် အသင်းသို့ဆက်လက်သုံးစွဲခွင့်ပေးထားခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တိုင်ကြားမှုအပေါ် စစ်ဆေး တွေ့ရှိချက်များအရ အသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းသင့်ပါကြောင်း တင်ပြခဲ့မှုအပေါ် မြို့နယ်/တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မရှင် အဖွဲ့ခွဲတို့၏ ထောက်ခံချက်ဖြင့် လုပ်အားရတနာဖိနပ်ချုပ်လက်မှု ကုန်ထုတ် သမဝါယမအသင်း လီမိတက်အား သမဝါယမအသင်းဥပဒေပုဒ်မ ၂၅ အရ စာရင်းရှင်းလင်းဖျက်သိမ်းမိန့် ထုတ်ပြန် ခဲ့ပြီး စာရင်းရှင်းတာဝန်ခံ အောင်မြေသာဇံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ သမဝါယမအသင်း၏ စာရင်းရှင်းလုပ်ငန်းများ ပြီးပြတ်ရေးအတွက် ပေးရန်၊ရရန်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ရာ စာရင်းရှင်း လုပ်ထုံးလုပ်နည်းအရ အသင်း၏လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ပိုင်ခွင့် ပေးထားသော CRF ပိုင်မြေနှင့် အဆောက်အဦအား သမဝါယမဦးစီးဌာနအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့် လေလံကြီးကြပ် အဖွဲ့ဖွဲ့၍ သတင်းစာတွင် ကြေညာ၍ လေလံတင်ရောင်းချခဲ့ပါကြောင်း၊ လေလံတင် ရောင်းချရငွေ ကျပ် သိန်း ၃ ထောင်မှ ဝင်ငွေခွန် ကျပ် သိန်း ၃ ရာကို ပေးဆောင်ပြီးနောက် အသင်း၏လက်ကျန်ရှင်းတမ်းပါ အသင်းသား ၅၄ ဦးအား ပေးရန်ရှိသောအစုငွေများနှင့် အသင်းသားတစ်ဦးလျှင် ပံ့ပိုးငွေ ၁၀၀၀၀ ကျပ်အား ထုတ်ပေးပြီးနောက် ပေးရန် ရရန်များကိုရှင်းလင်းပြီး စာရင်းရှင်းပိုလျှံငွေများအား CRF ရန်ပုံငွေ များသို့ ပေးသွင်း ခဲ့ပြီး လုပ်အားရတနာဖိနပ်ချုပ် ကုန်ထုတ်သမဝါယမအသင်းလီမိတက်အား သမဝါယမ အသင်းဥပဒေပုဒ်မ ၃၁ အရ သမဝါယမအသင်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့ပါကြောင်း၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမအသင်းများ အကျိုးစီးပွား ပိုမိုဖြစ်ထွန်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် သမဝါယမဝန်ကြီးဌာနသည် CRF ရန်ပုံငွေများကို ဗဟိုသမဝါယမ အသင်းမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းအဆင့်ဆင့်သို့ ၁၉-၆၂၀၁၁ ရက်နေ့ မြန်မာ့အလင်း သတင်းစာ တွင် ကြော်ငြာ၍ ပြန်လည်လွှဲပြောင်းခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လုပ်အားရတနာဖိနပ်ချုပ်ကုန်ထုတ်သမဝါယမအသင်းသည် ၁၉၇၀ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းခဲ့သော်လည်း ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေပုဒ်မ ၃၇ (ခ) အရပြန်လည်ဖွဲ့စည်းထားခြင်း၊ CRF ပိုင် အဆောက်အဦငှားရမ်းခ ရငွေများအား အသင်းအမှုဆောင်အဖွဲ့သာ အကျိုးအမြတ်ခံစားခဲ့ခြင်း၊ အသင်းအား ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေပုဒ်မ ၂၅ အရ စာရင်းရှင်းလင်း ဖျက်သိမ်းခဲ့ရာတွင် စာရင်းရှင်း တာဝန်ခံမှ လေလံတင် ထုခွဲရောင်းချခဲ့သော ပစ္စည်းများသည် အသင်းသားပိုင် မဟုတ်ဘဲ CRF ပိုင်ဖြစ်သဖြင့် စာရင်းရှင်းပိုလျှံငွေများအား CRF ရန်ပုံငွေသို့ ပေးသွင်းခဲ့ခြင်း၊ CRF ရန်ပုံငွေများကို လည်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ဗဟိုသမဝါယမအသင်းမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းများသို့ ပြန်လည်ပေးအပ်ပြီး ဖြစ်ခြင်း၊ အဆိုပါ သမဝါယမ အသင်း လီမိတက်အား သမဝါယမအသင်းမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်ခြင်းတို့ကြောင့် ပြန်လည်ပေးအပ်ရန် မရှိပါကြောင်း ဖြေကြားပါသည်။
