စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သည် ရပ်ကွက်/ကျေးရွာပေါင်း ၁၆၂ ရွာ၊ လူဦးရေ ၃ သိန်းကျော်ရှိပြီး
ဗမာနှင့်ချင်းတိုင်းရင်းသားများ နေထိုင်ကြသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ မွေးမြုရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နှစ်စဉ် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ပေးနေခြင်းကြာင့် အောက်ပါလုပ်ငန်းများကိုပါဆောက်ရွက်ပေးနိုင်ရန် ပြည် သူများ ကိုယ်စား မေးမြန်းလိုကြောင်း
(က) ကျေးလက်လမ်းများသည် ဒေသတွင်း ကျေးရွာများ ဆက်သွယ်သွားလာမှု လွယ်ကူစေရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးအတွက် အရေးပါသဖြင့် (၁) လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရေရှင်ကျေးရွာနှင့် ကြံ့သာကျေးရွာ ၃ မိုင် ၁ ဖာလုံကို ကိုယ့်အားကိုယ်ကိုး မြေသား လမ်းမှ ကျောက်ချောလမ်းခင်းပေးပါရန်၊ (၂) ပေါက်တောကျေးရွာနှင့် အင်းဒင်ကျေးရွာ ၂ မိုင်ကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချော လမ်းခင်းပေးရန်၊ (၃) တင်သားကျေးရွာမှ ကုက္ကိုကျေးရွာ ၃ မိုင်ကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချောလမ်းခင်းပေးပါရန်၊ (၄) ကလေး-တမူးလမ်းမှ ကံကြီးကျေးရွာသို့ သွားသော ၁ မိုင် ၅ ဖာလုံကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချောလမ်း ခင်းပေးရန်၊ (၅) ကလေး-တမူးလမ်းမှ မော်လိုက်-ကလေး(တောင်)ရွာ ၂ မိုင်ကို ကိုယ့်အားကိုယ်ကိုး မြေသားလမ်းမှ ကျောက်ချော လမ်းခင်းပေးပါရန်၊
(ခ) အောက်ပါ ရေရှားပါးခက်ခဲသော ကျေးရွာများတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးနှင့် ပတ်သက်၍ (၁) ကံကြီး ကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာ စိမ့်စမ်းရေသွယ် ဆောင်ရွက်ပေးရန်လိုအပ်မှု၊ (၂) စခန်းကြီးအုပ်စု၊ လမ်းဗဟို ကျေးရွာ လက်နှိပ်တုံကင်တွင်းများ လိုအပ်မှုရှိကြောင်း၊ ထို့ကြောင့် အထက်ဖော်ပြ ပါ ကျေးရွာများအတွက် လမ်း တံတားနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ၂၀၁၃-၁၄ ဖြည့်စွက် ရန်ပုံငွေတွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့် ဘဏ္ဍာနှစ်တွင် ထည့်သွင်းဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ၃မိုင် ၄ ဖာလုံရှိသော ရေရှင်-ကြံ့သာ မြေသားလမ်း ကို ကျောက်ချောလမ်း ခင်းရန်အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ၁၀၆.၈၉ သန်း၊ ၂ မိုင်ရှိသော ပေါက်တော-အင်းဒင် မြေသားလမ်းကိုလည်း ကျောက်ချောခင်းရန်အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ၆၁.၀၈ သန်း၊ အရှည် ၃ မိုင်ရှိသော တင်သား-ကုက္ကို မြေသားလမ်းကို ကျောက်ချောခင်းရန်အတွက် ကုန်ကျစရိတ်မှာ ၉၁.၆၂ သန်း၊ ၁ မိုင် ၄ ဖာလုံရှိသော ကလေး-တမူးလမ်းမှ ကံကြီး ကျေးရွာကိုသွားသည့် မြေသားလမ်းကို ကျောက်ချော ခင်းရန်အတွက် ၄၅.၈၁ သန်း၊ ၂ မိုင်ရှိသော ကလေး-တမူးလမ်းမှ မော်လိုက်-ကလေး (တောင်) ရွာသို့ သွားသည့် မြေသားလမ်း ကို ကျောက်ချောခင်းရန်အတွက် ၆၁.၀၈ သန်းခန့် ကုန်ကျ မည်ဖြစ်ပါကြောင်း။
ကလေးမြို့နယ်အတွင်း ၂၀၁၃-၁၄ ခုနှစ်တွင် မိမိတို့ မူလခွင့်ပြုငွေ ၂၇၃.၀၄ သန်းဖြင့် အူဒူ-ပေါက်တော-ရှားတော-ကုက္ကိုင်း-ရေရှင်-မန္တာ မြေသားလမ်း ၈ မိုင်နှင့် သာယာဝတီ-စက္ကန့် ကျောက်ချောလမ်း ၅ မိုင် ၅ ဖာလုံခွဲ၊ ရေပြွန်ပေ ၆၀ တို့ကို ဆောင်ရွက်ရန်အတွက် ၂၀၁၃-၁၄ ခုနှစ်တွင် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ယခုမေးမြန်းသည့် လမ်း ၅ လမ်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ဘဏ္ဍာငွေလျာထားခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။
