၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် နယ်စပ်စည်ပင်ဝန်ကြီးဌာန၏ အစီ အစဉ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
ရမည်းသင်းမြို့နယ် ရွာတန်းလယ်သာကျေးရွာမှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စည်းခုံကျေး ရွာထိ ၁၄ မိုင် ကျော်ကို မြေသားလမ်းဖောက် လုပ်ပေးခြင်းကြောင့် ကျေးရွာ ၉ အုပ်စုမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကို အထောက် အကူရရှိစေပြီး ယခုအကောင် အထည်ဖော်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို ထိထိရောက်ရောက် အထောက် အကူပြု ပါကြောင်း။
၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ရင်ဂါတ်ကုန်းမှ ကျောက်ဖူးအထိ မြေသားလမ်း ဖောက်လုပ်ပေးခြင်းသည် လိုအပ်ချက်နှင့်ကိုက်ညီပြီး အကျိုးကျေးဇူးများရှိသော်လည်း ယင်း လမ်းပေါ်ရှိ ရေကျော်ချောင်းများ ကို တံတားများ ဆောက်လုပ်ခြင်းမရှိသည့်အတွက် မိုးတွင်းအခါ၌ သွားလာရေး အခက်အခဲရှိ ပါကြောင်း၊ လိုအပ်သောတံတားများကို အချိန်မီတည်ဆောက်နိုင်ခြင်းမရှိပါက လက်ရှိမြေသား လမ်းများ ပျက်စီးနိုင်ကြောင်းနှင့် ဖောက်လုပ်ပြီး လမ်းသည် ၇ မိုင်ကျော်အပြင် အင်တောလေးရွာအထိ ၆ မိုင်ကို ထပ်မံ ဖောက်လုပ်ပေးမှသာ ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း၊ ရွာတန်းလယ်သာ-စည်းခုံးလမ်း ၁၄ မိုင်ကျော်သည် ရမည်းသင်းမြို့နှင့် တစ်စပ်တည်း ဖြစ်သောကြောင့် ၎င်းမြို့နယ်နှင့် ဆက်စပ်နေသော ကျေးရွာ ၉ အုပ်စု၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုသကဲ့သို့ ရင်ဂါတ်ကုန်းကျေးရွာမှ ကျောက်ဖူးကျေးရွာအထိ မြေသား ၇ မိုင်ကျော်သည်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အလွန်ကျေးဇူး များသော ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း။
အဆိုပါလမ်းများ ရေရှည်တည်တံ့ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ထိန်းသိမ်း စောင့်ရှောက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရရှိသော ရန်ပုံငွေသည် သိန်း ၄၀၀၀ သာကျော်ရှိပြီး ကျေးလက်ဖွံ့ဖြိုးရေးအတွက် ၃၀ ရာခိုင်နှုန်းသာ သုံးစွဲခွင့်ရသည့်အတွက် သိန်း ၁၂၀၀ ကျော်သာ သုံးစွဲနိုင်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ရမည်းသင်းမြို့နယ် ရွာတန်း လယ်သာမှ ရန်ကုန်-မန္တလေး အမြန်လမ်း စည်းခုံအထိ ၁၄ မိုင်ကျော်လမ်းအား ဂျင်းခင်းလမ်းအဖြစ်လည်းကောင်း၊ ရင်ဂါတ်ကုန်းကျေးရွာမှ ကျောက်ဖူးလမ်းအထိ ၇ မိုင်ကျော် မြေသားလမ်းပေါ်ရှိ ရေကျော်တံတားများဆောက်လုပ်ပြီး ရာသီမရွေးသွားလာနိုင်သည့် ဂျင်းခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန်နှင့် ဆက်လက်ဖောက်လုပ်ရန်ရှိသော ကျောက်ဖူး-အင်တောလေးရွာ အထိ ၆ မိုင် မြေသားလမ်းအား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရွာတန်းလယ်သာမှ ရန်ကုန်-မန္တလေးအမြန်လမ်း စည်းခုံကျေးရွာအထိ လမ်းအရှည် ၁၄ မိုင်ရှိရာ မြေသား လမ်းဖောက်လုပ်ခြင်း၊ ဂျင်းခင်းခြင်းနှင့် ရေပြွန် ၁၉ ခု၊ ရေကျော် ၁ ခု တည်ဆောက် ခြင်းများကို ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးပြီး ၂၀၁၃-၁၄ ယခုဘဏ္ဍာရေးနှစ်တွင် ရေပြွန် ၄ ခုကို ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေမှ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ရင်ဂါတ်ကုန်း ကျေးရွာမှ ကျောက်ဖူးကျေးရွာသို့ ဆက်သွယ်ထားသော ရင်ဂါတ်ကုန်း-ဆူးရဲတောင်-ကျောက်ဖူးလမ်း အရှည်သည် ၇ မိုင်၊ ၁ ဖာလုံရှိရာ ် ၂၀၁၂-၁၃ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် မြေသား လမ်းဖောက် လုပ်ပေးပြီး အဆိုပါလမ်းကို ရာသီမရွေးသွားလာနိုင်ရန်အတွက် အမာခံလမ်းခင်းခြင်း၊ သစ်သားတံတား ၃ စင်း၊ ရေပြွန် ၅ စင်းနှင့် Box Culvert ၇ စင်း တည်ဆောက်ခြင်းတို့အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၂၃၉.၁၆ သန်းရှိပါကြောင်း၊ ကျောက်ဖူးကျေးရွာမှ အင်တောကျေးရွာသို့ ဆက်သွယ်ထားသော ကျောက်ဖူး-အင်တောကြီး-အင်တောလေး ကျေးရွာချင်းဆက်လမ်းသည် စုစုပေါင်းမိုင်အရှည် ၆ မိုင်ခန့်ရှိပြီး မြေသားလမ်း ဖောက်လုပ်ရန် ခန့်မှန်းကုန်ကျငွေ ၆၁.၄၄ သန်း ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးလက်လမ်း ၃ လမ်းနှင့် ပတ်သက် ၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၃-၁၄ နှစ် ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထားခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။
