(ခ)နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အချို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၆၄၊ပုဒ်မ-၂၃၂(ဋ)တို့နှင့်အညီ တရားဝင်ဆောင်ရွက် ပြီးစီးခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၃.၁၀.၂၀၁၃)

ဦးဝင်းမြင့် (ပုသိမ်)၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ နှင့် ပုဒ်မ ၂၃၂ (ဋ) တို့၏ ပြဋ္ဌာန်းချက်တွင်ပါရှိသော ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခြင်း မပြုရ ဟူသည်ကို တိကျရှင်းလင်းစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးပါရန်” အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ယင်းအဆိုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမြန်ပါ်ပေါက်ရေး၊ပေါ်ပေါက်လာသည့်အခါ ကိုယ်စားလှယ်တော်၏ အဆိုပေါ် မူတည်ပြီး အနက် အဓိပ္ပာယ်ဖွင့် ဆိုချက်ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်ကဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပေါ်ပေါက် လာရာ ဂျာနယ်များမှလည်း ပါတီဥက္ကဋ္ဌကို သူရဦးရွှေမန်းဟု ဖော်ပြရေးသားကြပြီး ပါတီ၏ ဗဟိုအတိုင်ပင်ခံတစ်ဦးမှာ ဇွန်လ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အတွဲ-၂ အမှတ်(၁၆)တွင် “လုပ်ငန်းအနေနဲ့ ခြေခြေမြစ်မြစ်လုပ်တာကတော့ လက်ရှိတာဝန် ပေးထားတဲ့ ဥက္ကဋ္ဌလုပ်ရမှာပေါ့။ တကယ့်ဥက္ကဋ္ဌနှင့်ခေါင်းဆောင်ကတော့ လောလောဆယ်ကတော့ သမ္မတပါပဲ။ ဒီရာထူးပါပဲ။ ပါတီအကြီးအကဲပါပဲ” ဟု ဖြေကြားထားပါသည်။ မျက်စိသူငယ်၊ နားသူငယ်ဖြစ်နေကြသော မိမိတို့ ပြည်သူများ အနေဖြင့် မျက်စိလည်ကြရပါကြောင်း။ ထို့အပြင် ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဆင့်ရှိ ပြည်ထောင်စုဝန်ကြီး ၆ ဦးခန့်၏ အနေအထားကိုလည်း တစ်စုံတရာ ကြားသိရခြင်း မရှိပါ။ ဤကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ပေါ်ပေါက် ပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ တရားဝင် ဖြေကြားခြင်း မရှိသေးပါကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂ (ဋ) တို့နှင့်အညီ တရားဝင် ဆောင်ရွက်ပေးခြင်းရှိ/မရှိ အဆိုကို တင်သွင်းခဲ့ရာ ဤမေးခွန်းကို ဖြေကြားပေးနိုင်ပါရန် တင်ပြ အပ်ပါသည်။


ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာပုဒ်မများနှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိပါသဖြင့် တရားဝင် ဆောင်ရွက်နေခြင်း ဖြစ် ပါကြောင်း ဖြေကြားခဲ့ရာ ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်)က ထပ်ဆင့်မေးခွန်း အနေဖြင့် ယခု ဖြေခဲ့သော အဖြေသည် လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ဆောင် ရွက်လျက် ရှိကြောင်းသာဖြစ်ပြီး မိမိတို့အနေဖြင့် တိကျရှင်းလင်းသော အဖြေများကိုသာ သိရှိလိုပါကြောင်း ဆက်လက်မေးမြန်းရာ သမ္မတရုံးဝန်ကြီး ဌာန-၂၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်က မေးခွန်းနှင့် ပက်သက်၍ အဘက်ဘက် က လေ့လာ သုံးသပ်ကြည့်ရာ ပုဒ်မ ၆၄ တွင်  “If the President or the Vice Presidents are members of a political party, they shall not take part in its party activities during their term of office from the day of their election” ဟု ဖွင့်ဆိုထားရာ မိမိနားလည်သမျှ Activity ဆိုသည်မှာ လှုပ်ရှားဆောင်ရွက်မှုဟုသာ မှတ်ယူပြီး မည်သူမျှဝင်ရောက် ဆောင်ရွက်ခြင်းမရှိပါကြောင်း၊ Activity နှင့်ပတ်သက်၍ ပါတီစည်းရုံးရေးလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်ခြင်းမရှိကြောင်းနှင့် Responsibility တာဝန်ပိုင်းအရ Post ယူထားခြင်းသာ ရှိပါကြောင်း၊ Range အရ ယူထားခြင်းရှိသော်လည်း ယင်းစကားရပ်တွင် Retire၊  Resign နှင့် Resignation ဟူ၍လည်း မပါဝင် သည့်အတွက် လက်ရှိဆောင်ရွက်နေသည့်အတိုင်း တရားဝင်ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ဖြေကြား ပါသည်။

ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်)မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၂ တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနိဒါန်း ပုဒ်မများ၊ ပုဒ်မခွဲများ၊ စကားစုများ၊ စကားလုံးတစ်လုံးချင်း၏ အနက်အဓိပ္ပာယ် သဘောအယူအဆများ ဖွင့်ဆိုရာ၌ မြန်မာ စာဖြင့် ရေးသားခဲ့ခြင်းများအပေါ်တွင် အခြေပြုရမည်ဟု အတိအကျပြဋ္ဌာန်းထားပါသည်။ ထို့အတွက်ကြောင့် မြန်မာ စာဖြင့် ရေးသားချက်များအပေါ်တွင်လည်း အများပြည်သူလူထုနားလည်သည့်အတိုင်း အဓိပ္ပာယ်ဖွင်‌့ဆိုရ မည် ဖြစ်ပါကြောင်း၊ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ရမည် မဟုတ်သည့်အတွက် မြန်မာစာဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက် အပေါ်တွင် တိကျ ရှင်းလင်းသောအဖြေကို သိရှိလိုပါကြောင်း ဆက်လက်မေးမြန်းရာ

သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပုဒ်မ ၆၄ တွင်သော်လည်းကောင်း၊ ပုဒ်မ ၂၃၂ (ဋ) တွင်သော်လည်းကောင်း ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားသည့်အတွက် ပါတီလုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိကြောင်း ဖြေကြား ပါသည်။

ဖြေကြားချက်အပေါ်တွင်ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်) မှ အဓိပ္ပာယ်အရ ပါဝင်ဆောင်ရွက်ခြင်းမပြုရ ဟု ဖွင့်ဆို ထားသော်လည်း ပါဝင်နေသည်ဟု ဝန်ခံဖြေကြားပြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/မညီ သိရှိလိုကြောင်း မေးမြန်းရာ သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အခြေခံဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂ (ဋ) တို့ဖြင့် ညီပါကြောင်း ဖြေကြားပါသည်။