(ဆ)တိန့်နမ်းတံတားအား သံကူကွန်ကရစ်တံတား အဖြစ်တည်ဆောက်ပေးရန် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ဖြည့်စွက် ရန်ပုံငွေစာရင်းနှင့် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေ စာရင်းများတွင် ထည့်သွင်းရေးဆွဲပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၁၀.၂၀၁၃)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ နန်းကပ်ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားသော တိန့်နမ်းတံတား (အရှည် ၁၄၀ ပေ၊ဦးဝင်းဆွေ (ညောင်ရွှေ) အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေ) သည် သံကူကွန်ကရစ်တံတားအဖြစ် နိုင်ငံတော်စီမံကိန်းများတွင် ထည့်သွင်း၍ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် မေးမြန်းခဲ့ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တိန့်နမ်းတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန်အတွက် ခန့်မှန်း ကုန်ကျငွေ သန်း ၃၀၀ ခန့် သုံးစွဲရမည်ဖြစ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် လုံလောက်မှုမရှိ၍ နိုင်ငံတော်ထောက်ပံ့ငွေ တင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှု အပေါ်တွင် ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြား ခဲ့ပါကြောင်း၊ တိန့်နမ်းတံတားကို သစ်သားဖြင့် တည်ဆောက်ထားရာ သဘာဝပတ်ဝန်းကျင် အနေအထားအရ ကြာရှည်ခိုင်ခံ့မှု မရှိနိုင်ခြင်း၊ စိုက်ထူထားသော သစ်သားတံတားတိုင်များ တစ်တိုင်နှင့်တစ်တိုင် အကွာအဝေး ကျဉ်းမြောင်းလွန်းနေခြင်း၊ မိုးရာသီ ရေစီးသန်သည့်အချိန်များတွင် တံတားတိုင်များကြား ဖြတ်သန်း သွားလာ နေသော မော်တော်လှေများမှာ အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရခြင်းတို့ကြောင့် သံကူ ကွန်ကရစ် တံတားတည်ဆောက်ပေးနိုင်ရန် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ လျာထားချက်စာရင်းတွင် လည်းကောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေလျာထားချက်တွင်လည်းကောင်း ထည့်သွင်းတောင်းခံပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

ဒုတိယဝန်ကြီး ဦးအောင်သိမ်းတိန့်နမ်းတံတား (၁၄၀ ပေ x ၁၄ ပေ x ၁၅ ပေ) သည် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၅၆.၅ သိန်းဖြင့် သစ်သားတံတား တည်ဆောက်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် တွင် ခွင့်ပြုရန်ပုံငွေကျပ် ၃၇.၉ သိန်းဖြင့်လည်းကောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၃၄.၅ သိန်းဖြင့်လည်းကောင်း ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ တိန့်နမ်းတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ် သန်း ၃၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ရန်ပုံငွေရရှိနိုင်ရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ဖြည့်စွက် ရန်ပုံငွေစာရင်းတွင် လျာထားတင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြု ရန်ပုံငွေ မရရှိပါက ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားနိုင်ရေးအတွက် တင်ပြဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။