ကမာရွတ်မြို့နယ်ရှိ အင်းစိန်မော်တော်ယာဉ်အသင်းသူ အသင်းသားများ၊ အစုရှယ်ယာရှင်များမှ တင်ပြလာသော ၎င်းတို့ပိုင်ဆိုင်သည့် မြေကွက်ကြီး ၂ ကွက်ကို လေလံတင်ရောင်းချသည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာက မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားကြောင်း သိရှိလိုသော မေးခွန်းနှင့် ပတ်သက်ပြီး မေးမြန်းမည်ဖြစ်ပါသည်။ အင်းစိန်မော်တော်ယာဉ် အသင်းကို ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်းစိန်-ရန်ကုန် ဘတ်စ်ကားလိုင်း များကို ပြေးဆွဲဆောင်ရွက်ခဲ့ရာ အင်းစိန်မော်တော်ယာဉ် အသင်းအနေဖြင့် ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီး အမှတ် (၂) ရပ်ကွက် မြေတိုင်းရပ်ကွက် အမှတ် (၇၆)၊ မြေကွက်အမှတ် (၉) ဧရိယာ ၁.၉၄၆ ရှိ မြေကွက်နှင့် မြေကွက် အမှတ် (၁၂) ဧရိယာ ဝ.၈၂၆ မြေကွက်တို့ကို အသင်းပိုင်အနေဖြင့် ဝယ်ယူပြီး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းမြေကွက်များမှာ ယနေ့အထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာနှင့်မြေစီမံခန့်ခွဲရေး ဌာနမှ အင်းစိန်မော်တော်ယာဉ်အသင်း အမည်ပေါက်လျက် ရှိပါကြောင်း၊ ဖြစ်စဉ်အရ ၁၉၅၂ ခုနှစ်ကတည်းက ဆောင်ရွက်သော အသင်း၏ လုပ်ငန်းများကို ၁၉၆၂ ခုနှစ်၊ ၁၉၆၃ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင်ရေး RTC မှ လွှဲပြောင်းပြီး အဆောက်အဦများ အသုံးပြုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့၏တင်ပြချက်အရ မြေနှင့် အဆောက်အဦများ အသုံးပြုသော်လည်းပဲ ယင်းအချိန်က အသင်း ပိုင်မြေကွက်ကို နိုင်ငံပိုင်ပြုလုပ်ခြင်းနှင့် ပြည်သူပိုင်သိမ်းဆည်းခြင်းတွင် ပါဝင်ခြင်းမရှိကြောင်း တင်ပြပါသည်။ ၁၉၉၆ ခုနှစ်တွင် ယင်းမြေကွက်များကို ကုန်းလမ်းပို့ဆောင်ရေးဌာနမှ အသုံးမပြုတော့ဘဲ အင်းစိန်မော်တော်ယာဉ် အသင်းကို ပြန်လည်ပေးအပ်ရန် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ယင်းမြေကွက်နှင့်ပတ်သက်သော အခွန်အခများကို အင်းစိန်မော်တော်ယာဉ်အသင်းအနေဖြင့် ပေးဆောင်နေရပါကြောင်း၊ ယင်းမြေကွက် ၂ ကွက်ကို ကုန်းလမ်း ပို့ဆောင်ရေးဌာနက အမည်ပြောင်းရန်အတွက် ကုန်းလမ်းပို့ဆောင် ရေးရုံးချုပ်၏ ၂၄-၈-၂၀၀၅ ရက်စွဲပါစာအမှတ်၊ ၁၀ ဖဆ မြို့ပြ-၅၅၄ /၂၀၀၅ ဖြင့်လျှောက်ထားခဲ့ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာဌာနမှ ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်တောင်းခဲ့သည်။ ရှေ့နေချုပ်ရုံးမှ ၁၃-၉-၂၀၀၅ ရက်စွဲပါစာအမှတ်၊ ၂၆၁၃၅၇ ဖြင့်ပြန်ကြားရာ ၎င်းမြေကွက် ၂ ကွက်ကို အင်းစိန်မော်တော်ယာဉ်အသင်းမှ မူလအမည်ပေါက် ပိုင်ဆိုင်ခြင်းမှာ မှန်ကန်ပါကြောင်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်ကြောင်း ပြုလုပ်လိုပါက Land Occupation Act 1947 အရ သိမ်းယူပိုင်ဆိုင်နိုင်ကြောင်း ပြန်တမ်း တင်ပြ လျှောက်ထားရန်လိုအပ်ကြောင်း ပြန်ကြားခဲ့သည်။ အသင်းသူ အသင်းသားများ အနေဖြင့် လည်း မြေနေရာပြန်ရနိုင်ရန်အတွက် သက်ဆိုင်ရာသို့ အသနားခံစာ တင်ပြီးဆောင်ရွက်နေကြသည့်အချိန် ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၂ ရက်နေ့တွင် အဆိုပါ မြေကွက် ၂ ကွက်ကို လေလံ တင်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ ၃၅၆ မှာ နိုင်ငံတော် သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင် ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမညဟု ဖော်ပြထားသည့်အတွက် မိမိတို့မဲဆန္ဒနယ်ရှိ အသင်းသူ အသင်းသားများက ယခုကိစ္စနှင့် ပတ်သက်ပြီး သူတို့အတွက် သက်ဆိုင်ရာမှ မည်ကဲ့သို့ ဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မဲဆန္ဒနယ် ရန်ကုန်-အင်းစိန်လမ်း၊ မြေကွက် အမှတ် ၉၆ နှင့် မြေကွက်အမှတ် ၁၂၈ တို့နှင့်ပတ်သက်၍ ဖြစ်စဉ်အကျဉ်း ချုပ်မှာ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင်ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်တွင် လုပ်ငန်းလိုအပ်ချက်အရ အဆိုပါမြေကွက် ၂ ကွက် ကို ပြည်သူ ပိုင် သိမ်းယူပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ကို လွှဲပြောင်းလက်ခံစေ ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ယင်းမြေနေရာများပေါ်တွင် ကုန်စည် ပို့ဆောင်ရေးဌာနခွဲ ကမာရွတ်အနေဖြင့် ကုန်တင် ယာဉ်ကြီးများနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နိုင်ငံတော် ကာကွယ်ရေး၊ စစ်ဆင်ရေး၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တပ်ရိက္ခာများ၊ တပ်မတော်သားများနှင့် ကုန်ပစ္စည်းများပို့ဆောင်ပေးခြင်း၊ နိုင်ငံတော်စီမံကိန်းဝင် ကုန်ပစ္စည်းများပို့ဆောင်ပေးခြင်းနှင့် နိုင်ငံတော်က ကြီးမှူးကျင်းပသော အခမ်း အနားများတွင် ပို့ဆောင်ရေးလုပ်ငန်းများကို ၁၉၆၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ စတင်ပြီး ၁၉၉၆ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော် တစ်ဆက်တည်း အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့သော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ၆ တန်ခွဲ ကုန်တင်ယာဉ်ကြီးများကို ရန်ကုန်မြို့တွင်း သို့ို ဝင်ရောက်ခွင့် မပြုတော့သည့်အတွက် ယင်းဌာနခွဲကို ဘုရင့်နောင်လမ်း တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ယင်းအချိန်မှစတင်ပြီး လစ်လပ်သွားသော မြေကွက် ၂ ကွက်ကို နိုင်ငံတော်သို့ အပ်နှံခြင်းမပြုမီကာလအတွင်း ပုဂ္ဂလိကကိုငှားရမ်းပြီး ရရှိငွေများကို နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းခဲ့ပါကြောင်းလည်း စိစစ်တွေ့ရှိရပါသည်။
၈-၉-၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အစိုးရရုံးဌာန အဆောက် အဦများ၊ ဌာနဆိုင်ရာ လူနေအိမ်များ လွှဲပြောင်းအပ်နှံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ စိစစ်ကြပ်မတ်ရေး (ဝန်ကြီးဌာနများနှင့် နယ်ဘက်အဖွဲ့အစည်းများဆိုင်ရာ) လုပ်ငန်းကော်မတီများ ပေါ်ပေါက်လာပြီး ယင်းကော်မတီမှ ဥက္ကဋ္ဌ၊ စာရင်းစစ်ချုပ်နှင့် အဖွဲ့ဝင်များသည် မြေပြင်တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှု့ပြီး ဌာနကအသုံးမလိုသည့် ၎င်းမြေကွက် ၂ ကွက်ကို နိုင်ငံတော်ပိုင်မြေအဖြစ် အပ်နှံစေခဲ့ပြီး၊ ယင်းကော်မတီကပင် လက်ခံရရှိထားသော အဆောက်အဦများအနက် ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆောက်လုပ်ခဲ့ပြီး အပြီးအပိုင် ရောင်းချသင့်သည်ဟု ဆုံးဖြတ်သော မြေနှင့်အဆောက်အဦများ စာရင်းတွင် ယင်းမြေကွက် ၂ ကွက်ပါခဲ့သောကြောင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ယင်းမြေကွက် ၂ ကွက်ကို အပြီးအပိုင် လေလံတင်ရောင်းချသင့်သည်ဟု မှတ်ချက်ပြုခဲ့ပြီး နိုင်ငံတော်ပိုင်သိမ်းဆည်းထားသည့် ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦ များနှင့် မြေကွက်များကို စီမံခန့်ခွဲရေးကော်မတီသို့ လုပ်ငန်းကော်မတီက ပေးပို့ခဲ့ပါကြောင်း။
ယင်းစီမံခန့်ခွဲရေးကော်မတီက မြေကွက်များကို ရောင်းချရန်အတွက် ကြမ်းခင်းဈေးနှုန်း တွက်ချက်ပြီး ၂၄-၂-၂၀၁၁ နေ့ သတင်းစာတွင် တင်ဒါခေါ်ယူခဲ့ရာတွင် ယခုတင်ပြသောပုဂ္ဂိုလ်များ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ကော်မတီ၏ (၁/၂၀၁၁) အစည်းအဝေးဆုံးဖြတ်ချက်အရ တင်ဒါအောင်မြင်သူများကို ဝယ်ယူခွင့်ပြုပြီး အဆိုပါ မြေကွက် ၂ ကွက်ကို ပြန်လည်လွှဲပြောင်းပေးရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလာသည့် အတွက် ၁၆-၂-၂၀၁၂ ရက်စွဲပါ စာဖြင့် ကော်မတီ၏ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန် မှတ်ချက်ပြုခဲ့သောကြောင့် ဝယ်ယူခွင့်ရသူများကို ငွေဆက်လက်ပေးသွင်းခွင့်ပြုကြောင်း၊ လေလံအောင်မြင်သူ များက ငွေအကြေပေးသွင်းခဲ့ပြီးဖြစ်သည့်အတွက် အမှတ်(၉၆) အင်းစိန်လမ်း၊ ကမာရွတ်မြို့နယ်၏ အမည်ပေါက်ဂရန်ကို ၂၄-၉-၂၀၁၂ တွင်လည်းကောင်း၊ အမှတ် (၁၂၈) အင်းစိန်လမ်း၊ ကမာရွတ်မြို့နယ်၏ အမည်ပေါက်ဂရန်ကို ၉-၈-၂၀၁၃ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနက ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်း မြေကွက်အမှတ် (၉၆) မြေအကျယ် ဝ.၈၆၂ ဧကနှင့် အမှတ် (၁၂၈) မြေအကျယ် ၁.၉၄၆ ဧက မြေကွက် ၂ ကွက်ကို နိုင်ငံတော်ကဖွဲ့စည်းပေးသော နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အစိုးရရုံးဌာနအဆောက်အဦများ၊ ဌာနဆိုင်ရာလူနေအိမ်များ လွှဲပြောင်းအပ်နှံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီသို့ တရားဝင်လွှဲပြောင်း အပ်နှံပေးခဲ့သည့်အချိန်မှစပြီး ဌာနအနေဖြင့် စီမံခန့်ခွဲမှုနှင့် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိတော့ဘဲ တင်ဒါအောင်မြင်ပြီး ဝယ်ယူခွင့် ရသည့်ပုဂ္ဂိုလ်များသည် အမည်ပေါက်ဂရန် ရရှိထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
