ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် မြောက်ဘက်ဆုံး နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲ၌ တည်ရှိပြီး လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက စတင်သတ်မှတ်ထိမ်းသိမ်းလာခဲ့သော ဥယျာဉ်တစ်ခုဖြစ်ပါသည်။ လက်ရှိ အနေအထားတွင် အမျိုးသားဥယျာဉ်၏ လုပ်ငန်းများကို အမြဲတမ်းဝန်ထမ်း အနည်းငယ်နှင့် ယာယီ နေ့စားဝန်ထမ်း အနည်းငယ်တို့ဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည့် အတွက် ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်း မရှိသည် ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အမျိုးသားကာကွယ်ရေးဥယျာဉ်သည် မိမိတို့ မြန်မာနိုင်ငံတွင် တက်တူးကျွန်းသဖွယ် ဖြစ်သော ဧရာဝတီမြစ် မြစ်ဖျားခံရာဒေသလည်း ဖြစ်သည့်အပြင် ကမ္ဘာမှာ ရှားပါးသားငှက်မျိုးစေ့များ ကျက်စားနေထိုင်ရာ ဒေသလည်းဖြစ်ပါသည်။ ထို့ကြောင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်လုပ်ငန်းကို ပီပီပြင်ပြင် ဆောင်ရွက်စေလိုသည့် ဆန္ဒဖြင့် အောက်ပါမေးခွန်းကို မေးမြန်း ရခြင်းဖြစ်ပါသည်။
- ဥယျာဉ်အတွင်း၌ ဝန်ထမ်းများ အပြည့်အဝခန့်ထားပေးပြီး ဥယျာဉ်လုပ်ငန်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ။
- ဥယျာဉ်အတွင်း နေထိုင်ကြသော ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည်ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့ နယ်နှင့် ပန်နန်းဒင်မြို့နယ်ခွဲတွင် တည်ရှိပြီး
ဧရိယာအကျယ်အဝန်းအားဖြင့် ၉၄၂၀၈၀ ဧက၊ စတုရန်းမိုင် ၁၄၇၂ မိုင် ရှိပါသည်။ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၉/၉၈)ဖြင့် သဘာဝနယ်မြေဖြစ်ကြောင်း သတ်မှတ် ပြဋ္ဌာန်းခဲ့ပြီး ၁၉-၁၁-၁၉၉၈ ရက်နေ့တွင် သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ဝန်ထမ်းဖွဲ့စည်းပုံအင်အား အရာထမ်း ၂ ဦး၊ အမှုထမ်း ၆၁ ဦး၊ စုစုပေါင်း ၆၃ ဦး ဖြင့် ခွင့်ပြုခဲ့ပါသည်။ ဥယျာဉ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လက်ရှိအခြေအနေတွင် အမြဲတမ်း ဝန်ထမ်းအဖြစ် အရာထမ်း ၁ ဦး၊ အမှုထမ်း ၁၁ ဦးနှင့် နေ့စားဝန်ထမ်း ၆ ဦး၊ စုစုပေါင်း ၁၈ ဦး ခန့်အပ် ဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့ သစ်တောဦးစီးဌာနတစ်ခုလုံး၏ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၁၅၉၃၆ ဦး သတ်မှတ်ထားသော်လည်း လက်ရှိ ၈၅၉၅ ဦး ဖြင့် တစ်နိုင်ငံလုံး၏ သစ်တောကဏ္ဍဆိုင်ရာလုပ်ငန်းများကို တာဝန်ထမ်းဆောင်လျက်ရှိရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့်အတူ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်း ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်နေသော သားငှက် ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံအစီအစဉ်အရ ဒေသခံတိုင်းရင်းသား ၉ ဦး ကိုလည်း ဥယျာဉ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ပေးအပ်ထားရှိပါသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေးနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် ပြုစုထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းအခြေခံ အတွေ့အကြုံရင့်ကျက်သူများကို အဓိကခန့်အပ် တာဝန်ပေးရသည့်အတွက် ဌာနတွင်းဆောင်ရွက်နေသော ပုံမှန်သစ်တောသယံဇာတ ပြုစုထိန်းသိမ်းရေး လုပ်ငန်းများနှင့်မတူဘဲ အလေးအနက်ထား ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သို့သော်လည်း ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် WCS မှ ၉ ဦး၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ၆ ဦး၊ စုစုပေါင်း ၁၅ ဦးကို နည်းလမ်းများရှာဖွေပြီး ဒေသခံပြည်သူများအတွက် ခန့်ထားပေးခဲ့ပါသည်။ ထို့အတူ အထက်ဖော်ပြပါ အမျိုးသားဥယျာဉ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ နည်းပညာဆိုင်ရာ အရည်အချင်းများ လည်း လိုအပ်မှုရှိသည့်အတွက် ဒေသခံပြည်သူများမှ နည်းပညာတတ်ကျွမ်းမှုနှင့် လုပ်ငန်းအခြေခံ ကျွမ်းကျင်မှုများ ရှိလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သကဲ့သို့ နယ်မြေများတွင်လည်း တာဝန်ပေးအပ်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံအတွင်း ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးရာတွင်လည်း လက်ရှိပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များအရ ဖွဲ့စည်းပုံအင်အားအတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏနှင့် နယ်မြေ ဒေသအခြေအနေများအပေါ် အခြေခံပြီး စိစစ်ခန့်ထား ဆောင်ရွက်လျက်ရှိပါသည်။ ဝန်ထမ်းများ တိုးမြှင့်ခန့်ထားရာ တွင် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးရမည့် လစာစရိတ်၊ ခံစားခွင့်များ နေအိမ်အဆောက်အဦများ၊ ယာဉ်ယန္တရား များ ဖြည့်ဆည်းပေးရေးအတွက် စနစ်တကျ စိစစ်တွက်ချက်ပြီးမှ ဆောင်ရွက်ရခြင်းများ ဖြစ်သည့်အတွက် လိုအပ်သောဘဏ္ဍာငွေကို နိုင်ငံတော်မှ ကျခံရမည်ဖြစ်ရာ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ဝန်ထမ်းနှင့် အရာထမ်းများကို ခန့်ထားခြင်းသည် ဘဏ္ဍာငွေခြိုးခြံရာ ရောက်သကဲ့သို့ ဘဏ္ဍာငွေ၏ ပိုလျှံလာသော ငွေကြေးများကို အခြားသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်ရန်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်း ဆောင်ရွက်ရမည့် ဇီဝမျိုးစုံ မျိုးကွဲများနှင့် သယံဇာတအရင်းအမြစ်များ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို နယ်မြေအေးချမ်းတည်ငြိမ်မှုအပေါ် မူတည်ဆောင်ရွက်နေရသည့်အတွက် ယခုလက်ရှိ အခြေအနေထက် နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာသည်နှင့်အမျှ လုပ်ငန်းများ ကျယ်ပြန့်စွာ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
မိမိတို့အနေဖြင့် လက်ရှိနိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော WCS သာမက အခြားသော ပြည်ပအထောက်အပံ့များနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ အနေဖြင့်လည်း အလုပ်အကိုင်များ ပိုမိုရရှိလာနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ လက်ရှိအခြေအနေအရ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၌ ဖွဲ့စည်းပုံပြည့် ဝန်ထမ်းအင်အားတိုးချဲ့ခန့်ထားရန် စီစဉ် ဆောင်ရွက်နိုင်မှု မရှိသေးပါကြောင်း ပြန်ကြားဖြေကြားပါသည်။
ဥယျာဉ်ဧရိယာအတွင်း နေထိုင်ကြသော ဒေသခံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများကို တင်ပြရပါက ဥယျာဉ်ဧရိယာအတွင်းနေ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၊ ဆက်စပ်ဌာနများ ပူးပေါင်းကာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံပြည်သူများအတွက် ရှီးပဒီး၊ ခန်းတောက်မြစ်၊ မချစ်ဥ၊ ရှားချီးဥ စသော ဆေးဘက်ဝင်အပင်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ ထုတ်ယူအသုံးပြုနိုင်ရေးအတွက် မဒိန်းကျေးရွာအနောက်ဘက်၊ ဒီဖူးလှခါတောင် အရှေ့တောင်ဘက် ဥယျာဉ်မြေဧက ၅၀၀၀ ကို ကြားခံနယ်မြေအဖြစ် သတ်မှတ်ခွင့်ပြုပေးပြီး ဖြစ်ပါသည်။
အစိုးရဌာနများ၊ ဒေသခံပြည်သူများနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ၂၀၁၃ ခုနှစ် အတွင်း နောင်မွန်းမြို့နယ်၊ ဂဝိုင်ကျေးရွာ၌ လယ်ယာမြေများဖော်ထုတ်ရာတွင် လက်တွေ့စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်း နမူနာပြသခြင်း၊ ပတ်ဝန်းကျင် ကျေးရွာများ၌ သစ်ကြားအရိုင်း ကိုင်းဆက်ခြင်းပညာရပ်များ သင်ကြားပေးခြင်း၊ ဒဇုံဒမ်းကျေးရွာ အထက်ရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးဆက်သွယ်မှု လမ်းကြောင်းအဖြစ် ကျေးရွာလမ်း ၂၇ မိုင်ကို ဖောက်လုပ်ပေးခဲ့ခြင်း၊ ကြိုးတံတားတစ်စင်းတည်ဆောက်ပေးခဲ့ခြင်း၊ အမျိုးသားဥယျာဉ်အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေသခံပြည်သူ ၄၃ ဦး ကို အရေးပေါ်ရှေးဦးသူနာပြုစုနည်းနှင့် အခြေခံကျန်းမာရေးသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ခြင်း၊ ခါကာဘိုရာဇီ ရေခဲတောင် ရေဝေရေလဲဒေသကြီးနှင့် အမျိုးသားဥယျာဉ် ရေရှည်တည်တံ့စေရေး ထိန်းသိမ်း နိုင်ရေးအတွက် ဒေသခံပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာစေရေး၊ ကျေးရွာပေါင်း ၂၀ ရွာ မှ ကျေးရွာပြည်သူ ၆၀၀ ကျော်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရှင်းလင်းအသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် အမျိုးသားဥယျာဉ်ကို သဘာဝအခြေခံ ခရီးသွားနေရာ ၁ ခုအဖြစ် သတ်မှတ်ထားရှိပြီး ခရီးသွားလုပ်ငန်းများ တိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ ဒေသခံပြည်သူများ လူမှုဘဝ တိုးတက် ဖွံ့ဖြိုးရေးအတွက် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေဘဲ သဘာဝသယံဇာတများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိနိုင်မည့် အစိမ်းရောင်စီးပွားရေး အထောက်အကူပြု သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသထွက်ကုန်များ စီးပွားဖြစ် စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပံ့ပိုးခြင်း၊ ဈေးကွက်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း စသည်တို့ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
