(က)အင်းလေးဒေသတွင် လုပ်ငန်းလုပ်ဆောင်နေကြသော (NGO) အဖွဲ့အစည်းများ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၁၀.၂၀၁၃)

ရှမ်းပြည်နယ်၊ အင်းလေးဒေသ ရေရှည်တည်တံ့ရေးအတွက် ဒေသခံတိုင်းရင်းသား အားလုံးကအထူး စိတ်ဝင်စားနေကြ ဦးစိုင်းလှကျော် (လင်းခေး)သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အထူးအာရုံစိုက် ထိန်းသိမ်းလိုသောဆန္ဒများ ရှိနေကြရာ အင်းလေးကန် ရေရှည် တည်တံ့ရေးကိစ္စသည် ဒေသတစ်ခုလုံး၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသ တွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စားဝတ်နေရေး၊ စီးပွားရေးအတွက်လည်း လွန်စွာအရေးကြီးကြောင်းကို  အားလုံးသိရှိကြပြီး ဖြစ်သည့်အတွက်  နိုင်ငံတကာမှ တောအင်း ထိန်းသိမ်းရေးအဖွဲ့အစည်းအမျိုးမျိုးမှ တစ်ဆင့် ငွေကြေးထောက်ပံ့ခြင်း၊ နည်းပညာ အထောက်အကူများဖြင့် အထောက်အကူပြုခြင်းများ ရှိနေကြောင်းနှင့် လေ့လာချက်များအရ ပြည်တွင်းပြည်ပ NGO များသည် ရည်ရွယ်ချက်အမျိုးမျိုး၊ လုပ်ဆောင်ချက် အမျိုးမျိုးတို့ဖြင့် အင်းလေးဒေသ အခြေစိုက် လှုပ်ရှား ဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် NGO များ၏ အခြေစိုက် အရေအတွက်သည် အင်းလေးဒေသတွင် အများဆုံးဖြစ်သည်ကို သိရှိနေရပါသည်။ သို့သော် ယနေ့ မျက်မြင်အရ အင်းလေးကန်သည် တစ်နေ့တစ်ခြား ရေလျော့နည်း ခန်းခြောက်လာနေသည့် အပြင် နုန်းပို့ချမှုများ များပြားနေခြင်း၊ သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာနေခြင်းတို့ကို ထင်ထင်ရှား ရှား တွေ့မြင်နေကြရ ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အင်းလေး ရေရှည် တည်တံ့စေရန် ငွေကြေးမြောက်မြားစွာ ထောက်ပံ့ခံနေရသောဒေသ တစ်ခုဖြစ်သည့် အားလျော်စွာ စေတနာ အမှန်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပြီး အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာခြင်းများ၊ စာတမ်းဖတ်ပွဲများဖြင့် အချိန်ကုန်၊ ငွေကုန်နေခြင်းသည် အင်းလေးဒေသ ထိန်းသိမ်းရေး အတွက် ဖြုန်းတီးမှုများအဖြစ် ပြည်သူများက ရှုမြင်လာကြပါကြောင်း၊  မြန်မာနိုင်ငံအတွင်း ထောက်ပံ့ငွေ စီးဆင်းနေမှုအများဆုံး ရရှိနေသော အင်းလေးကန် ရေရှည်တည်တံ့စေရေးအတွက် အကျိုးသက်ရောက်မှုတွင် အနည်းဆုံးဖြစ်နေခြင်းသည် တစ်စုံတစ်ခုချို့ယွင်းချက်များ ရှိနေပြီဟု အားလုံးကသံသယ ရှိလာကြရာ အင်းလေးဒေသ ရေရှည်တည်တံ့ရေးအတွက် အောက်ပါမေးခွန်းကို မေးမြန်းလိုပါကြောင်း မေးမြန်းပါသည်။

အင်းလေးဒေသ ရေရှည် တည်တံ့ရေးကို အခြေခံ၍ ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းများမှ အမည်နာမအမျိုးမျိုးဖြင့် ဆောင်ရွက်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း ယနေ့အထိ အကျိုးသက်ရောက်မှု လွန်စွာနည်းနေခြင်းကို လည်းကောင်း၊  အင်းလေးဒေသတွင် လုပ်ဆောင်နေကြသော ပြည် တွင်းပြည်ပ  NGO အဖွဲ့အစည်းများ မည်မျှရှိ၍ ငွေကြေးမည်မျှရနေကြပြီး မည်ကဲ့သို့ သုံးစွဲနေကြသည်ကို လည်းကောင်း၊  ထို NGO များ၏ ဆောင်ရွက်ချက်များ အပေါ် ထိရောက်မှုရှိ/ မရှိကို သက်ဆိုင်ရာ နိုင်ငံတော် အဖွဲ့အစည်းများက ကြီးကြပ်ရေးအဖွဲ့၊ စောင့်ကြည့်ရေးအဖွဲ့များဖြင့် မည်ကဲ့သို့ကြီးကြပ်နေသည်ကို လည်းကောင်း၊ ရှမ်းပြည်နယ်ဒေသ ရေရှည်တည်တံ့ရေးအတွက် သီးခြားဥပဒေပြဋ္ဌာန်း၍ ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိ ကို လည်းကောင်း  သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

မိမိအနေဖြင့် လင်းခေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှကျော်၏ မေးခွန်းနှင့် ပတ်သက်ပြီးဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အကျဉ်းမျှ ဆွေးနွေးတင်ပြ သွားလို ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အင်းလေးကန်အတွင်း ရာသီဥတု ဖောက်ပြန် မှုကြောင့် ရေခမ်းခြောက်မှု ဖြစ်ပွားပြီး သည့် နောက်ပိုင်း နိုင်ငံတော် အစိုးရက အင်းလေးကန် ရေရှည်တည်တံ့စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းရေးလုပ်ငန်း (၅) နှစ် စီမံချက်ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ ၂၀၁၀-၁၁ မှ စတင်ကာ ၂၀၁၄- ၁၅ အထိ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အဆိုပါ စီမံကိန်းကို အထောက် အကူပြုရန် UNDP ကလည်း အင်းလေးကန်ဒေသ ထိန်းသိမ်းရေးနှင့် ပြန်လည် ထူထောင်ရေး စီမံကိန်းကို ၂၀၁၂နှင့် ၂၀၁၃ ခုနှစ် ၂ နှစ်အကြာ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို အဓိကအလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အင်းလေးကန်ဒေသ ထိန်းသိမ်းရေးနှင့် ပြည်လည်ထူထောင်ရေး စီမံကိန်းအတွက် UNDP မှ အမေရိကန်ဒေါ်လာ ဝ.၆ သန်းနှင့် နော်ဝေအစိုးရမှ အမေရိကန်ဒေါ်လာ ၂ သန်း စုစုပေါင်း ၂.၆ သန်းထည့်ဝင်ထားရှိပါကြောင်း၊ UNDP သည် စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်တွင်း NGO များကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွေ ရှိပြီး ယင်းသို့ဆောင်ရွက်ခြင်း မပြုမီ All for Proposal စီမံကိန်းပါ လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြည်တွင်း NGO များ အသီးသီးထံမှ လုပ်ငန်း အဆိုပြုလွှာများကို တင်ပြစေခြင်း၊ ရရှိလာသော အဆိုပြုလွှာများကို ဖွဲ့စည်းထားသောစီမံကိန်း နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့က ရွေးချယ်ပြီး UNDP နှင့်ရွေးချယ်ရေးအဖွဲ့မှတဆင့် NGO များကို မိမိတို့ရွေးချယ်ပါကြောင်း၊  ထို့နောက် အဆိုပါ NGO များကို UNDP နှင့်တိုက်ရိုက်ကန်ထရိုက် စာချုပ်ချုပ်ဆို၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ပါကြောင်း။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်း  NGO ၁၂ ဖွဲ့မှ UNDP နှင့်ပူးပေါင်းပြီး စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသကဲ့သို့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်တွင်း NGO အဖွဲ့အစည်း ၈ ဖွဲ့က ပူးပေါင်း ဆောင်ရွက်လျှက်ရှိပြီး အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ ရန်ပုံငွေကျခံသုံးစွဲပြီး တိုက်ရိုက်ဆောင်ရွက်ခြင်းမပြုဘဲ စီမံကိန်းနည်းပညာဆိုင်ရာ အကြံပေး အဖွဲ့၏သဘောတူညီချက်ဖြင့် UNDP ကရွေးချယ်ထားသော ပြည်တွင်း NGO များနှင့်သာ အကောင်အထည်ဖော်မည့် လုပ်ငန်းအလိုက် သုံးစွဲမည့် ငွေကြေးပမာဏကို တိုက်ရိုက်ဆုံးဖြတ် ဆောင်ရွက်ခြင်း၊  UNDP ၏ လုပ်ငန်းကြီးကြပ်မှုစနစ်များဖြင့် လုပ်ငန်းများကို အကောင် အထည်ဖော်မှု အပေါ် ကြီးကြပ်စစ်ဆေးခြင်း၊ ဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းများကို စဉ်ဆက်မပျက်ဆောင်ရွက် အစီရင်ခံလေ့ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဩစတြေးလျနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန ( Institute for International Development IID)နှင့် ကုလသမဂ္ဂ မြို့ရွာအိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN Habitat) တို့နှင့် ပူးပေါင်းပြီး အင်းလေးကန် ပြန်လည်ထူထောင်ရေး ရေရှည်စီမံကိန်းတစ်ရပ်ကို ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD) နှင့်လည်း အင်းလေးကန်ဒေသ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်မှု ဆောင်ရွက်လျက်ရှိသည့်အပြင် UNECO နဲ့ Man and Biosphere Result လူသားနှင့် ဇီဝဝန်းကျင်ကြိုးဝိုင်းစီမံကိန်းကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

အင်းလေးကန်ဒေသအတွင်းတွင် ကြိုးဝိုင်း ၈ ခု၊ ကြိုတင်ကာကွယ်တော ၇ ခု၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၂ ခု တည်ရှိသဖြင့် သစ်တောဥပဒေ ၁၉၉၂ ခုနှစ်၊ သစ်တောနည်းဥပဒေ ၁၉၉၅ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ထိန်းသိမ်းရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ၁၉၉၄ ခုနှစ်၊ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ထိန်းသိမ်းရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ၂၀၀၂ ခုနှစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ တို့နှင့် အညီ အင်းလေးကန် အတွင်းနှင့် ကန်၏ ရေဝေရေလဲ ဒေသအတွင်းမှာရှိ သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် အထက်ပါဥပဒေများနဲ့ လုံလောက်လျက်ရှိသည့်အတွက် အင်းလေးကန်ထိန်းသိမ်းရေးကို သီးခြားဥပဒေပြဋ္ဌာန်းရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။