(ဂ)ဟုမ္မလင်းမြို့နယ်တွင် တယ်လီဖုန်းအားလုံး ဆက်သွယ်ပြောဆိုမှု အဆင်ပြေစေရန် မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ (၁.၁၀.၂၀၁၃)

ဦးတင်လှိုင် (ကလေး)စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များတွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လပိုင်းက GSM တာဝါတိုင်(၂)တိုင် စိုက်ထူပေးပြီး ကုမ္ပဏီ(၃) ခုမှ GSM ဖုန်းလုံးရေ (၃၀၀၀) နီးပါးခန့်ကို တစ်လုံးလျင် ၂၀၀၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ ပါကြောင်း၊ အဆိုပါဖုန်းများမှာ စတင်ဖွင့်လှစ်ခါစ ၁လခန့်ကာလ အတွင်း ပြောဆို ကောင်းမွန်သာ်လည်း ယခုအခါ လုံးဝပြောဆိုဆက်သွယ်၍ မရတော့ပါကြောင်း၊ လေ့လာချက်များအရ တာဝါတိုင်၁ ခုလျင် အဝင် ၁၅ ပေါက် အထွက် ၁၅ ပေါက်နှင့် မိမိတို့တွင် တာဝါတိုင် ၂ တိုင်သာ စိုက်ထူထားရှိရာ ဖုန်းလုံးရေ ၃၀၀၀ အတွက် ဆက်သွယ်သုံးစွဲရန် အဆင်မပြေနိုင်တော့ပါကြောင်း၊ အင်တာနက်သုံးစွဲသူများအနေဖြင့်လည်း အခက်အခဲများဖြင့် ကြုံတွေ့နေရ ပါကြောင်း၊ ထို့ပြင် ယခုမကြာမီကာလအတွင်းတွင် ၁၅၀၀ ကျပ်တန် တန်ဘိုးနည်း ဖုန်းလုံးရေ ၂၀၀ ကို ဟုမ္မလင်းမြို့နယ်အတွက် ခွဲတန်းချပေးမည်ဟု သိရှိရရာ၊ အဆိုပါ ဖုန်းအလုံးရေ ၂၀၀ ကိုလည်း ယင်း တာဝါတိုင် နှစ်တိုင်ဖြင့် ဆက်လက် အသုံးပြုမည်ဆိုပါက တယ်လီဖုန်းလိုင်းဆက်သွယ်မှုများအတွက် ပိုမိုခက်ခဲလာနိုင်ပါကြောင်း၊ မိမိအနေဖြင့် တယ်လီဖုန်းများအားလုံး ဆက်သွယ်ပြောဆိုမှု အဆင်ပြေစေရန် အတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဒုတိယဝန်ကြီး ဦးဝင်းသန်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အားလုံးမှာ တယ်လီဖုန်း သိပ်သည်းဆ တိုးတက်မြင့်မားလာစေရန် အတွက် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ၊ ဈေးနှုန်းသက်သာစွာ ဆက်သွယ်ဆောင် ရွက်နိုင်ရေး အတွက် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ မြန်မြန် ဆန်ဆန် သိရှိနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကို နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ တယ်လီဖုန်းဆက်သွယ်မှု အဆင်ပြေရန်အတွက် ဟုမ္မလင်း(အိတ်ချိန်း)၊ ဟုမ္မလင်း(ရေဒီယို)၊ ဟုမ္မလင်း (နမ့်တော) နှင့် ဟုမ္မလင်း(နောင်ပိုအောင်) တို့မှာ GSM ရေဒီယိုစခန်း ၄ ခုကို တည်ဆောက် တပ်ဆင်ဖွင့်လှစ်ပေးခဲ့ပါရာ ဒီရေဒီယိုစခန်းတွေဟာ အဝေးဆက်သွယ်မှုကို MPT Satellite Terminal (IP Star) နဲ့ချိတ်ဆက်ပြီးတော့ တပ်ဆင်ပေးထားရတဲ့အတွက် Traffic ပမာဏ များပြားသည့် အချိန် တွင် ခေါ်ဆိုရခက်ခဲခြင်း၊ အသံမပီသခြင်းများ ဖြစ်ပေါ်လေ့ရှိပါကြောင်း။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဟုမ္မလင်းမြို့နယ် ဒေသခံပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် အဝေးလိုင်းဆက်သွယ်မှု MPT Satellite Terminal (IP Star) အစား အဝေးဆက်သွယ်မှုကို မိုက္ကရိုဝေ့ဗ် စနစ်ကို ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပွိုင့် (၃၀၆၉)-မိုင်းချောင်းရွာ- ဖောင်းပြင်- ကျေးပင်ရွာ- ဟုမ္မလင်း မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းသစ်ကို ဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ကလေး မဲဆန္ဒနယ်မှ ဦးတင်လှိုင်က ထပ်ဆင့်မေးခွန်းမေးမြန်းရာ

မေးခွန်းရှင် ဦးအေး၏ မေးခွန်းရည်ရွယ်ချက်မှာ တယ်လီဖုန်းများအား ဆက်သွယ်မှုအဆင်ပြေစေရေးအတွက် ဝန်ကြီးဌာနက ဆက်သွယ်ရေးစနစ်ကို မည်သို့ ကောင်းမွန်အောင် ခေတ်မီအောင် ဆောင်ရွက်ပေးမည်နည်း ဆိုသည့် ကိစ္စဖြစ်ရာ လက်တွေ့မှာ ဆက်သွယ်ရေးစနစ်ကို ပြုပြင်ဆောင်ရွက်ပေးခြင်းမရှိခဲ့ပဲ ဟုမ္မလင်းတွင် စက်တင်ဘာလအတွက်ချပေးမည့် ဖုန်းခွဲတမ်း ၃၀၀ ကို ပယ်ဖျက်ခံရရာ ယခုကဲ့သို့ ပယ်ဖျက်ရခြင်း အကြောင်းမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာတင်သည့်အတွက် ပယ်ဖျက် ရခြင်း ဖြစ်ကြောင်း တိုင်းဆက်သွယ်ရေးမန်နေဂျာက၏ ပြောကြားချက်အရ သိရှိရပါသည်။ ဖုန်းလို ချင်နေသော ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြောင့် အဖျက်ခံရခြင်းဖြစ်သည်ဟု နားလည်မှု လွဲမှားနေကြပြီး မိမိတို့အနေဖြင့် ဆက်သွယ်ရေးအင်ဂျင်နီယာချုပ်နဲ့ တိုင်းမန်နေဂျာ တို့ကို မေးမြန်းသော် လည်း ရေရေရာရာ မသိရှိရပါကြောင်း၊ ယခုအောက်တိုဘာလ ခွဲတမ်းတွင် ဟုမ္မလင်းမြို့ပေါ်အတွင်း ဖုန်းအလုံး ၂၀၀၊ ရွာကြီးနှစ်ရွာဖြစ်တဲ့ နောင်ပူအောင်နဲ့ နန်တောရွာတွင် တိုင်တစ်တိုင်စီ စိုက်ထူပြီးဖြစ်သည့်အတွက် ဖုန်းအလုံး ၂၀၀ စီချပေးမည်ဖြစ်ကြောင်းသိရှိရရာ မိမိတို့အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း သို့သော်လည်း ဖုန်းသုံးစွဲ သူများသည့် ဟုမ္မလင်းမြို့တော်ရပ်ကွက်များအပြင် ဖုန်းအနည်းဆုံး အလုံး ၃၀၀ အထိ တိုးမြှင့်ချထားပေးနိုင်ခြင်း ရှိ/မရှိ ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း

ဟုမ္မလင်းမြို့နယ်၏ ဒေသခံပြည်သူတွေကို ပိုမိုအဆင့်ပြေစေရန်အတွက် မူလတပ်ဆင်ထားသော Satellite Terminal IP Star အစားကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ Point ၃၀၆၉ မိုင်းကျောင်း ရွာ၊ ဖောင်းပြင်းနဲ့ ကျေးပွန်ရွာ၊ ဟုမ္မလင်း မိုက္ကရိုဝေ့ဖ် ဆက်ကြောင်းအသစ်များ ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဆိုသည်ကို မိမိအနေဖြင့် ဦးစွာတင်ပြခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြချက် အပေါ်တွင်လည်း လက်ရှိဖြစ်သင်‌့သည့် အခြေအနေကို မိမိတို့ အသေးစိတ်စိစစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ဖုန်းအရေအတွက် သတ်မှတ်ခွဲဝေပေးထားမှုအပေါ် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ကျေးရွာ၊ မြို့နယ်များ၏ လိုအပ်ချက်များအရ သက်ဆိုင် ရာ ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များနှင့် ဆက်လက်ပြီးညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

[  ဦးအေး (ဟုမ္မလင်း) ကိုယ်စား ဦးတင်လှိုင် (ကလေး)က မေးမြန်းပါသည်။ ]