မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်မြို့သည် နိုင်ငံခြားသားများ၊ နိုင်ငံခြား သံတမန်များကို ဆယ်စုနှစ်ပေါင်းများစွာ သွားခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ရာ ယနေ့ခေတ် ကာလတွင် လွတ်လပ်စွာ သွားလာလည်ပတ်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိနှင့် ခွင့်ပြုမည်ဆိုပါက ဒေသတွင်လိုအပ်နေသော လမ်းတံတားများကောင်း ရန်၊ လျှပ်စစ်မီး လုံလောက်မှုျမရှိခြင်း၊ ဟိုတယ်များ မရှိသေးသည့်အတွက် အဆိုပါ စီမံကိန်းများကို ဆောင်ရွက်ရာတွင် ဒေသခံလူမျိုးများကို ဦးစားပေး လုပ်ကိုင် ခွင့်ပြုရန်တင်ပြရခြင်းဖြစ်ပါကြောင်း၊ Ruby Land of Myanmar ဟု သိရှိ ကြသော အဖိုးတန်ရတနာထွက်ရှိရာ မိုးကုတ်မြို့သည် နိုင်ငံခြားသားများ သွားရောက်လည်ပတ်ကြည့်ရှုချင်သော်လည်း ခွင့်ပြုချက် မရဘဲ တစ်ချို့နိုင်ငံခြား သားများအနေဖြင့် အထူးခွင့်ပြုချက်နှင့် သွားလာခွင့်ရသော်လည်း လွတ်လပ်စွာ သွားလာ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ယခုအခါ မိုးကုတ်မြို့ သည် ကျောက်ကောင်းကျောက်များလည်း မထွက်တော့ဘဲ မြို့နေလူဦးရေ ၁၇၀၀၀၀ လောက်တွင် တစ်ဝက်ခန့်သည် လုပ်စရာလုပ်ငန်းများ မရှိသည့်အတွက်ကြောင့် တခြားမြို့နယ်များသို့ သွားရောက်လုပ်ကိုင် ရှာဖွေစားသောက်နေရသည့်အတွက်ကြောင့် မိုးကုတ်မြို့သည် ပိတ်ပင်ထားခြင်းခံရသော Forbidding City ကဲ့သို့ဖြစ်နေပါသဖြင့် နိုင်ငံခြားသားများ သွားရောက်လည်ပတ်ခွင့် ပြုပေးရန်နှင့် နိုင်ငံခြား သားများ သွားရောက်လည်ပတ်သည့် အခါများတွင် Souvenirs အနေဖြင့် ကျောက်မျက်ပန်းချီများ၊ ကျောက် အသေးအမွှားများကို တရားဝင်အခွန်ဆောင်ပြီး ဝယ်ယူခွင့်ပေးရန် စီစဉ်ပေးစေလိုပါကြောင်း၊မိုးကုတ်မြို့နယ် တွင် ကျောက်မျက် တူးဖော်ခွင့်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးရာ၌ တိုင်း/ဒေသကြီးများ၊ တခြားနိုင်ငံသားများမှ အင်တိုက်အားတိုက်ဖြင့် စက်ယန္တရားကြီးများသုံး၍ တူးဖော်ခြင်း၊ ယမ်းခွဲခြင်းများကြောင့် ပျက်စီးသွားသောဂေဟ စနစ်များကို ပြန်လည်တည်ဆောက်ပေးခဲ့ခြင်းများလည်း မရှိပါကြောင်း၊ အကယ်၍ ဒေသခံများအနေဖြင့် လုပ်ကိုင် ခွင့်ရမည်ဆိုပါက ဒေသကို ချစ်မြတ်နိုးစိတ်ဖြင့် စနစ်တကျတူးဖော်ခြင်း၊ မြေမပြိုအောင် တိုင်များဖြင့် ထောက် ကာခြင်း၊ ခဲဖို့ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ကြပါသဖြင့် ကျန်ရှိသည့် ကျောက်မျက် လုပ်ငန်းများ ကို ဒေသခံများအား ဦးစားပေးပြီး လုပ်ကိုင်ခွင့်ပြုရန် ဒေသခံများကိုယ်စား သိရှိလိုကြောင်းမေးမြန်းပါသည်။
မိုးကုတ်မြို့သည် ယခင်က နိုင်ငံခြားသားများ သွားရောက်လည်ပတ်ခွင့် မရသည့်ဒေသ (Restricted Area) ဖြစ်ပါသည်။ ယခုအချိန်တွင် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာပြီး တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်း တိုးတက်လာသည့်အတွက် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ပြည်တွင်း သွား လာရန် နယ်မြေဒေသသတ်မှတ်ချက်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ၁၅-၁-၂၀၁၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၇/၂၀၁၃) ဖြင့် အသစ်ပြန်လည် သတ်မှတ်ပေးခဲ့ပြီး မိုးကုတ်မြို့နယ်ကို ခွင့်ပြုချက်ဖြင့် သွားရောက် လည်ပတ်နိုင်သော နယ်မြေအဖြစ် ထည့်သွင်း သတ်မှတ်ပေးခဲ့ပါသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးလှည့်လည်ပြသရေး ကုမ္ပဏီများမှ မိုးကုတ်မြို့သို့ သွားရောက် လည်ပတ်ခွင့်ပြုရန် တင်ပြလာသည့် ခရီးစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ခွင့်ပြုချက် တောင်းခံတင်ပြခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီလမှစ၍ စတင်ခွင့်ပြုပေးခဲ့ပါကြောင်း၊ နိုင်ငံခြားခရီးသွားများအနေဖြင့် မိုးကုတ်မြို့သို့ လာရောက်လည်ပတ်နိုင်ပြီ ဖြစ်သည့်အားလျော်စွာ နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ရိုးရာကျောက် တူးဖော်မှု ပြကွင်း ပြကွက်များ ပြသနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများ ပြသနိုင်ရေး၊ ရိုးရာကျောက်မျက်ရောင်း ဝယ်မှုများ ပြသနိုင်ရေး၊ ကျောက်မျက်ဝယ်လိုသူများအား စနစ်တကျ ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ လုံခြုံရေးကိစ္စများ အထူးဂရုပြု ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကိုယ်တိုင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယဝန်ကြီးဖြစ်သည့် မိမိမှ စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်းကောင်း မိုးကုတ်မြို့သို့ သွားရောက်ပြီး ဌာနဆိုင်ရာ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု များ ဆောင်ရွက်ခဲ့ပါကြောင်း။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဟိုတယ်ဝန်ထမ်းများဝန်ဆောင်မှု ကောင်းမွန်ရေး အတွက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းအမှတ်စဉ် (၅/၂၀၁၃) ကိုလည်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းများအား အောင်လက်မှတ် နှင့်အတူ ဧည့်လမ်းညွှန်လိုက်ပါခွင့် လိုင်စင်များကိုလည်း စိစစ်ဆောင်ရွက်ပေးခဲ့ပါသည်။ မိုးကုတ်မြို့သို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက် လည်ပတ်လာသည့်အားလျော်စွာ လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့၊ မြို့မိမြို့ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းခြင်း၊ ယင်းကော်မတီနှင့် မိမိအစီအစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုအဖွဲ့အစည်းအား အကျိုးပြုသော လုပ်ငန်းများဆာင် ရွက်ခြင်း၊ ဒေသနှင့်စပ်လျဉ်းသည့် မြှင့်တင်ကြော်ငြာခြင်းလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
