(စ)-စာသင်ကျောင်းဟောင်းများအား ကျောင်းသား/သူအင်အား၊ စာသင်ခုံများ၊ ပရိဘောဂများ ဟောင်းနွမ်းပျက်စီးမှု အနေအထားအပေါ်မူတည်၍ ကျောင်းသုံးပရိဘောဂများနှင့် သင်ထောက်ကူ ပစ္စည်းများ စိစစ်ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၃.၂.၂၀၁၈)

အ.ထကကျောင်းသည် အခြေခံပညာအထက်တန်းကျောင်း စာမေးပွဲစာစစ်ဌာန နှစ်စဉ်ပြုလုပ်နေရသည့် ကျောင်းတစ်ကျောင်းဖြစ်သဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လတွင် ပြုလုပ်မည့်စာမေးပွဲအတွက် စာရေးစားပွဲနှင့် စာသင်သည့် ခုံအလုံးပေါင်း ၁၀၀ ခန့်လိုအပ်နေပါကြောင်းနှင့် လက်ရှိစာသင်ကြားရာတွင်လည်း အဆင်ပြေ သင်ကြားနေရခြင်း၊ စာသင်ခုံအချို့မှာလည်း နှစ်ကာလကြာမြင့်သဖြင့် ယိုင်နဲ့ကျိုးပဲ့ပျက်စီးနေမှုကို ဖာထေးပြုပြင် အသုံးပြုနေရခြင်း၊ စာရေးစားပွဲအချို့တွင် မျက်နှာပြင်ညီညာ ချောမွေ့မှုမရှိခြင်းကြောင့် စာ‌ဖြေကြားသူများ အတွက် အဆင်မပြေမှုများ ရှိနေပါကြောင်း၊ စာသင်ခုံနှင့်‌ပရိဘောဂများကို စာသင်ကျောင်းအသစ်များနှင့် ကျောင်းများကို အဆင့်တိုးမြှင့်ဦးစားပေး ခွင့်ပြုချထားပေးရခြင်းကြောင့် စာသင်ကျောင်းဟောင်းများအတွက် ခွင့်ပြုချထားပေးနိုင်မှု မရှိသေးပါကြောင်းကိုလည်း သိရှိရပါသည်။   စာသင်ခုံနှင့်ပရိဘောဂများ ခွင့်ပြုချထားပေးသည့်အခါ ယခင်က ရုံးချုပ်နှင့်ပြည်နယ်/တိုင်း ဒေသကြီးများက လေလံခေါ်ယူ ဆောင်ရွက်ပြီး မြို့နယ်များနှင့် ကျောင်းများကို အဆင့်ဆင့်ပေးပို့ရသည့်အတွက် လေလံကအပ်နှံသည့် စာသင်ခုံအရေအတွက် များပြား၍ တစ်လုံးချင်းစစ်ဆေးရန် အခက်အခဲရှိခြင်းကြောင့်၊ သစ်အမျိုးအစား၊ ပစ္စည်းအမျိုးအစား မမှန်ကန်ခြင်း၊ အရေအသွေးမပြည့်ဝခြင်း၊ ယိုင်နဲ့ကျိုးပဲနေခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည့်အပြင် အဆင့်ဆင့်သယ်ဆောင် တင်ချစရိတ်များ ပိုမိုကုန်ကျခြင်း၊ တင်ချသယ်ယူမှု အကြိမ်ရေများလာသည်နှင့်အမျှ စာသင်ခုံနှင့် ပရိဘောဂများယိုင်နဲ့ကျိုးပဲ့ ပျက်စီးခြင်းစသည်များ ဖြစ်ပေါ်သည်ကို တွေ့ရှိရပါကြောင်း၊ စာသင်ခုံ များ ခွဲဝေချထားပေးခြင်းနှင့်ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ အငြိမ်းစားမယူခင် စစ်ဆေးရေးလုပ်ငန်း အတွေ့အကြုံနှင့်ပတ်သက်ပြီး ခရိုင်စာရင်းစစ်အရာရှိနှင့် အငြိမ်းစားမယူခင် ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ တာဝန်ပေးမှုအရ အခြေခံပညာ ဦးစီးဌာနကပေးပို့သည့် စာသင်ခုံများကို လက်ခံရရှိမှုအခြေအနေကို ကွင်းဆင်း စစ်ဆေးရသည့်အခါ ကျောင်းအတော်များများတွင် လက်ခံရသည့် စာသင်ခုံများ အဆင့်ဆင့်သယ်ပို့ တင်ချမှုပြုလုပ်ရခြင်း ဖြစ်သည့်အတွက်ကြောင့်‌ ကျောင်းများကိုရောက်သည့်အခါ စာသင်ခုံခြေထောက်များ ကျိုးပဲ့နေခြင်း၊ စားပွဲမျက်နှာပြင်ကျိုးပဲ့နေခြင်း၊ ချိုင့်ခွက်နေခြင်း၊ မျက်နှာပြင်မညီညာခြင်းများကြောင့် စာသင်သားများအတွက် စာရေးရန်အခက်အခဲ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ မိမိအနေဖြင့် ယခုလိုစစ်ဆေးသည့်အခါ အရေအတွက်ကိုစစ်ဆေးရန် တာဝန်ပေးသည့်အတွက်ကြောင့် အရေအတွက် ပြည့်မပြည့် မျက်မြင်အခြေအနေကို မှတ်ချက်သဘောဖြင့် ရေးသားတင်ပြလျက် အစီရင်ခံခဲ့ရပါကြောင်း၊ ထို့ကြောင့်‌ စာသင်ကျောင်းဟောင်းများအား ကျောင်းသား/သူအင်အား၊ စာသင်ခုံများ ဟောင်းနွမ်းပျက်စီးမှု အနေအထားအပေါ် မူတည်ပြီး စိစစ်ချထားပေးနိုင်ခြင်းရှိ/မရှိနှင့် ခွင့်ပြုချထားပေးရာတွင် သက်ဆိုင်ရာကျောင်းများမှ အရည်အသွေးပြည့်ပြည့်ဝဝ လက်ခံရရှိရေး ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အခြေခံပညာဦးစီးဌာနအနေဖြင့် သင်ထောက်ကူ ပစ္စည်းများအတွက် ရန်ပုံငွေများကို ကျောင်းအရေအတွက်အပေါ် မူတည်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှတစ်ဆင့် ကျောင်းအဆင့်အလိုက် လိုအပ်ချက်အပေါ်မူတည်၍ ဆက်လက်ခွဲဝေ ပေးခြင်းဖြစ်ပါကြောင်း၊ ယခုလို ခွဲဝေပေးသည့်အခါတွင်လည်း စာသင်ကျောင်းဟောင်း/အသစ်ဆိုပြီး ခွဲခြားသတ်မှတ်ပြီး ကျောင်းဆောင် သစ်များအတွက် ဦးစားပေးခွဲဝေပေးလျက် ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်နေသည့် ကျောင်းဆောင်သစ်များကို တည်ဆောက်သည့်အခါ ကျောင်းဆောင်ဟောင်းများတွင်လည်း လိုအပ်နေသည့် ပရိဘောဂပစ္စည်းများကို ဖြည့်ဆည်းရန် ဆိုသည့်အခါ နှစ်စဉ်ကျောင်းဆောင်အသစ်များကို တိုးချဲ့တည်ဆောက်နေသော်လည်း လိုအပ်နေသည့် ပရိဘောဂ၊ စာသင်ခုံများကို ပြည့်မီစွာမဖြည့်ဆည်း ပေးနိုင်သေးပါကြောင်း၊ ထို့ကြောင့် ကျောင်းများကို ဦးစားပေးအလိုက်ခွဲဝေပြီး စီစဉ်ဆောင်ရွက် ပေးနေရခြင်းဖြစ်ပါကြောင်း၊ လက်ရှိ စာသင်ခုံ ပရိဘောဂများ ပျက်စီးလျှက်လည်း ပရိဘောဂပြင်ဆင် ထိန်းသိမ်းစရိတ်များကို ရန်ပုံငွေခွဲဝေပေးပြီး ပျက်စီးမှုများကို ပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စာသင်ခုံလိုအပ်ချက်များအပေါ် သက်ဆိုင်ရာ မြို့နယ်များ၏ အရန်ပရိဘောဂအဖြစ် ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ နှစ်စဉ်အခြေခံပညာ အထက်တန်းကျောင်းများ၏ ပရိဘောဂလိုအပ်ချက်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ပရိဘောဂရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပရိဘောဂများအနက်မှ သက်ဆိုင်ရာ မြို့နယ်၏ အရန်ပရိဘောဂမှ ဖြည့်တင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် စာသင်ဆောင်အသစ် ၅၀၀၀ ကျော် တည်ဆောက်သော်လည်း လိုအပ်နေသည့် စာသင်ဆောင် ၅၀၀၀ စလုံးတွင် လိုအပ်နေသည့် စာသင်ခုံအရေအတွက်မှာ ပြည့်မီစွာ ဖြည့်တင်းဆောင်ရွက်ပေးနိုင်မှု မရှိသေးပါကြောင်း၊ ကချင်ပြည်နယ် မူလတန်းအတွက်ဆိုလျှင် စာသင်ခုံအနိမ့်များ ဆောင်ရွက်ပေးပါကြောင်း၊ ကယားပြည်နယ် ပြီးလို့ရှိရင် ကျွန်တော်တို့ ဒီလိုပါပဲ။ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့/အနောက်၊ မကွေး၊ တွက်ချက်မှုများသည် ကျောင်းသား/သူဦးရေအပေါ် မူတည်ပြီး စုစုပေါင်းရှိသည့် ကျောင်းသား/သူဦးရေကနေ ရာခိုင်နှုန်းယူပြီး လိုအပ်ချက်ကို ခွဲဝေဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မူလတန်းအတွက် လေးယောက်တွဲစာသင်ခုံအနိမ့် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အလယ်တန်း၊ အထက်တန်းအတွက် လေးယောက်တွဲစာသင်ခုံအမြင့်ကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နောင်နှစ်များတွင် တိုးချဲ့တည်ဆောက်သည့် စာသင်ဆောင်များနှင့်အညီ လိုအပ်သည့်စာသင်ခုံများနှင့် ပျက်စီးလာသည့် စာသင်ခုံများကိုလည်း ပြင်ဆင်ထိန်းသိမ်းရန်အတွက်ကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး စနစ်တကျ ထိထိရောက်ရောက်ဖြည့်တင်း ဆောင်ရွက်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။