(ဃ)-လွိုင်လင်မြို့နယ်၊ မိုင်းပွန်အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် မိုင်းပွန်စာစစ်ဌာနတစ်ခု ဖွင့်လှစ်ခွင့်ပြုပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၃.၂.၂၀၁၈)

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်ဒေသရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် မိုင်းပွန်ဒေသမှ မိုင် ၂၀ အကွာအဝေးတွင်ရှိသည့် လွိုင်လင်စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် သွားရေးလာရေး၊ တည်းခိုနေထိုင်ရေး၊ ချက်ပြုတ်စားသောက်ရေးအစရှိသည့် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့နေရပါကြောင်း၊ မိုင်းပွန်အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာဖြေဌာနတစ်ခု ဖွင့်လှစ်ပေးနိုင်ပါရန် သက်ဆိုင်ရာကို တင်ပြပေးပါရန် တင်ပြလာပါသဖြင့် သက်ဆိုင်ရာဌာနသို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် မိုင်းပွန်စာစစ်ဌာနတစ်ခု ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိုင်းပွန်အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူနှင့် ပြင်ပ‌ဖြေကျောင်းသား/သူ ၂၀ ဦးအပါအဝင် စုစုပေါင်း ၁၁၃ ဦး တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ မိုင်းပွန်အခြေခံပညာ အထက်တန်းကျောင်းတွင် စာမေးပွဲမေးခွန်းနှင်‌့ အဖြေလွှာစာအုပ်များ လုံခြုံစွာထားရှိရန်အတွက် အမြဲတမ်းရဲစခန်းရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အခြေခံပညာ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက စိစစ်သည့်အခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကလည်း ထောက်ခံပါကြောင်း၊ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသစ်အဖြစ် ဖွင့်လှစ်ရန်အတွက် ခွင့်ပြုပေးထားပြီး ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။