(စ)- သင်္ဃန်းကျွန်းမီးသတ်စခန်းအားမီးသတ်စခန်း အဆင့် (က) အဖြစ် တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း။

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၈.၁၀.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ရန်အောင်ရပ်ကွက် ဦးဘလမ်းတွင်တည်ရှိသော သင်္ဃန်းကျွန်း မီးသတ် စခန်းတွင် မီးသတ်ကား ၂ စီးသာရှိသည်ဆိုသည်မှာ မှန်ကန်ပါသလားနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ရုံးစိုက်သော သင်္ဃန်းကျွန်းမြို့နယ်သည် ရပ်ကွက်ပေါင်း ၃၉ ရပ်ကွက်၊  လူဦးရေ ၁၈၀၀၀၀၀ ကျော် ရှိသဖြင့် မြောက် ဥက္ကလာမြို့နယ်ကဲ့သို့ မီးသတ်စခန်းအဆင့် (က) အဖြစ် တိုးမြှင့်ပေးပြီး ယင်းအဆင့်နှင့်အညီ သင်္ဃန်းကျွန်း မီးသတ်စခန်းအား အဆင့်တိုးမြှင်‌့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန် တွင် ဆောင်ရွက်ပေး မည်ကိုသိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက် ၃၉ ရက်ကွက်၊ အိမ်ခြေ ၂၇၉၄၈ လုံး၊ အိမ်ထောင်စု ၃၅၅၃၈စု၊ လူဦးရေ ၁၈၇၀၁၂ဦး၊ ဌာနဆိုင်ရာ အဆောက်အဦး ၂၆ လုံး၊ နိုင်ငံပိုင်ဆောက် စက်ရုံအလုပ်ရုံ ၂ လုံး၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ၇၅ ခုရှိပါကြောင်း၊  အဆိုပါမြို့နယ်မှ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မီးလောင်မှု ၅၉ ကြိမ် ဖြစ်ပွားခဲ့ပြီး တန်ဖိုးကျပ် ၃၆၀၀၆၆၅၀၀ကျပ် ဆုံးရှုံးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် သုံး ယူနစ်အဆင့် မီးသတ်စခန်း ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိပြီး လက်ရှိဒုတိယ မီးသတ်ဦးစီးမှူး  ၁ ဦး၊ လက်ထောက်မီးသတ်ဦးစီးမှူး ၁ ဦး၊ မီးသတ်တပ်ကြပ်ကြီး ၁ ဦး၊ မီးသတ်တပ်ကြပ် ၃ ဦး၊ မီးသတ်ဒုတိယတပ်ကြပ်  ၂ ဦးနှင့် မီးသတ်တပ်သား ၅ ဦး၊ စုစုပေါင်း  ၁၃ ဦး အီစူးဇူး အက်စ်စီအားရ်မီးငြှိမ်းသတ်ယာဉ် ၂ ဦး နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၁၅ ဦးတို့ဖြင့် သင်္ဃန်းကျွန်းမြို့နယ်၏ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများကိုဖြန့်ခွဲ ဆောင်ရွက် လျက်ရှိပါကြောင်း၊  မီးလောင်မှုဖြစ်ပွားပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အနီးစပ်ဆုံးမြို့နယ်မီးသတ်စခန်းများမှ အဆင့်လိုက်ထွက်ခွာငြှိမ်းသတ်သည့် စနစ်ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး မီးလောင်မှု အခြေအနေပေါ်မူတည်ကာ မီးငြှိမ်းသတ်ရေး SOP(Standard Operation Procedure)အရ အဆင့် ၁ ချက်ချင်း ထွက် ယာဉ်အုပ်စုမှ မီးသတ်ယာဉ် ၁၀ စီးဖြင့် ထွက်ခွာ ငြှိမ်းသတ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ထပ်မံ လိုအပ်ပါက အဆင့် ၂ ယာဉ်အုပ်စုမှ မီးသတ်ယာဉ် ၁၀ စီး၊ အဆင့် ၃ ယာဉ်အုပ်စုမှမီးသတ်ယာဉ် ၂၀ စီး၊ အဆင့်၄ ယာဉ် အုပ်စုမှ မီးသတ်ယာဉ် ၁၀ စီး၊ အဆင့် ၅ ယာဉ်အုပ်စုမှ မီးသတ်ယာဉ် ၁၂ စီး၊ စုစုပေါင်းမီးသတ်ယာဉ် ၆၂ စီးဖြင့် အဆင့်လိုက်အားဖြည့်မီးငြှိမ်းသတ်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် မရမ်းကုန်းမြို့နယ်တွင် ရှိသော မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ် ကွပ်ကဲမှုဌာနက စောင့်ကြည့်ပြီး မီးသတ်ယာဉ် ထွက်ခွာရာ လမ်းကြောင်းပြစနစ်၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ စောင့်ကြည့်မျှော်စင်စနစ်၊ မီးလောင်ပြင် တိုက်ရိုက်ကြည့်ရှုကွပ်ကဲမှုစနစ်တို့ဖြင့် ထိန်းချုပ်ပြီးအချိန်နှင့် တပြေးညီငြှိမ်းသတ်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်အတွင်း မီးဘေး လုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင်‌့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမို ထိရောက်နိုင်ရန်အတွက် မြို့နယ်တိုင်းတွင် ရှိသော မြို့နယ်မီးသတ်စခန်းအားလုံးကို ဝန်ထမ်းအင်အား ၃၁ ဦး၊ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ စုစုပေါင်းမီးသတ်ယာဉ် ၄ စီးဖြင့် တာဝန်ချထားနိုင်ရန် နိုင်ငံတော်သို့ဖွဲ့စည်းပုံ ခွင့်ပြုမိန့် တင်ပြတောင်းခံထားပြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ရရှိပါက သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းကို ဖွဲ့စည်းပုံ အသစ်မှာပါရှိသော မီးသတ်စခန်း အဆောက် အဦ၊ ဝန်ထမ်းအိမ်ရာများနှင့် ထပ်မံလိုအပ်မည့် မီးသတ်ယာဉ်များကို ဘဏ္ဍာငွေ ခွင့်ပြုတောင်းခံပြီး ခွင့်ပြုချက် ရရှိပါက ထပ်မံဖြည့်တင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။