ဆးကုခန်းများနှင့် ဆေးဝါးများ၏ ကြော်ငြာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီအနေဖြင့် ဆေးကုထုံး မှန်ကန်မှု ရှိ/မရှိ၊ ကြော်ငြာ ကဏ္ဍများတွင် မည်သည့်အချက်အလက်များ အပေါ်အခြေခံ၍ တရားဝင်ကြော်ငြာ ခွင့်ပြုချက်ပေးမှုကို သိရှိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
ဤမေးခွန်းအားမေးမြန်းရသည့်ရည်ရွယ်ချက်မှာ တာဝန်သိ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအခန်းကဏ္ဍ၊ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် သာမက ပြည်သူလူထုအတွင်း ထင်ရောင် ထင်မှားဖြစ်အောင် ဖန်တီး ဆွဲဆောင်နေသည့် ကြော်ငြာများအပေါ် ငွေကုန်ကြေးကျ များပြီး ရောဂါမပျောက်သည်ကို တွေ့ရှိနေကြရသည့် အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် တချို့မြိုနယ်များတွင် အနောက်တိုင်း ဆေးခန်းများနှင့် တရုတ်ဆေးခန်းများသည် အမေရိကန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ကိုရီယားနိုင်ငံမှ ခေတ်မီ စက်သစ်ကြီးများနှင့် နောက်ဆုံးပေါ်ကွန်ပျူတာ စက်သစ်ကြီးများကို အသုံးပြုပြီး အာမခံနှင့် ဆေးဝါး ကုသပေးနေသည့် ကြော်ငြာများ၊ လိပ်ခေါင်းရောဂါ (အတွင်းလိပ်၊ အပြင်လိပ်၊ ရောရာလိပ်)၊ ဆီးချို၊ သွေးချို၊ အိမ်ထောင်ရေး သုခနှင့် ပတ်သက်ပြီး အမျိုးမျိုးသောကာမ ရောဂါများ၊ စသည့်ရောဂါများနှင့် ပတ်သက်၍ ရောဂါရှင်များနှင့် ပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေပြီး နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်သည့် ကြော်ငြာများ၊ “မိသားစု တစ်ခုလုံးချမ်းသာသုခ ဖြစ်စေနိုင်သော အမျိုးသားရောဂါအမျိုးမျိုး၊ လိင်ပိုင်းရောဂါ အမျိုးမျိုးကို နောက်ဆုံးပေါ် စက်ကိရိယာများနှင့် ကုသပေးနေပါတယ်” စသည့်ကြော်ငြာ အမျိုးမျိုးကို ဆေးခန်းအချို့မှ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ် ထုတ်ဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ထင်ထင်ရှားရှား ပြည်သူလူထုကို ဆွဲဆောင် စည်းရုံးလျက်ရှိနေကြပါကြောင်း၊
ယင်းကြော်ငြာနှင့်ပတ်သက်ပြီး အချို့သော ဆေးခန်းများကို အခါအားလျော်စွာ သွားရောက်လေ့လာကြည့်ရာ စဉ့်အိုးတန်းလမ်းရှိ လိပ်ခေါင်းအထူးကုဆေးခန်း တစ်ခန်းတွင် သူငယ်ချင်းလူနာတစ်ဦး လိပ်ခေါင်းရောဂါရှိသဖြင့် လိုက်ပါပြသပေးရာ ကုသသည့် ဆရာဝန်မှာလည်း တရုတ်လူမျိုး နိုင်ငံခြားသားဖြစ်ပြီး၊ မိမိလူနာသူငယ်ချင်းအား အမြစ်ပြတ် ကုသပေးမည်ဟုဆိုကာ ငွေ ၃၀၀၀၀၀ ပေးရပါကြောင်း၊ ၂ လကြာသည့်အခါ အမြစ်မပြတ်ပဲ လိပ်ခေါင်းပြန်ဖြစ်သည့်အတွက် နောက်တစ်ကြိမ် မိမိအပါအဝင် သွားပြီးပြသည့်အခါ လူနာအနေအထိုင် မတတ်သည့်အတွက်ကြောင့် ပြန်ဖြစ်ခြင်းသာဖြစ်ပြီး ဆေးခန်းနှင့်မဆိုင်ကြောင်း ပြန်ပြောလာသည့်အတွက် ဒီကြော်ငြာ ကဏ္ဍများသည် အမေရိကန်၊ ဂျာမနီကနောက်ဆုံးပေါ် စက်ကြီးများ၊ ကွန်ပျူတာစက်ကြီးများဖြင့် ကုသပေးနေသည် ဆိုသည့်ကိစ္စသည် ဆေးဝါးကြော်ငြာကဏ္ဍတွင်သာမက ဆေးကုခန်း ကြော်ငြာများတွင် လည်းပဲ ပေါ်ပေါ်ထင်ထင်နှင့် ဆောင်ရွက်နေသည့်ကိစ္စ ဖြစ်ပါကြောင်း၊
လက်ရှိ ဝန်ကြီးဌာနများ အနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီမှ ဆရာဝန် မှတ်ပုံတင်လုပ်ငန်း၊ ဆေးဝါးလိုင်စင်လုပ်ငန်းများနှင့်ပတ်သက်ပြီး အထွေထွေ ဆေးကုသခွင့် လိုင်စင်၊ အထူးဆေးကုသခွင့် လိုင်စင်နှင့် ကန့်သတ် ဆေးကုသခွင့်လိုင်စင် ဟူ၍ လိုင်စင် ၃ မျိုးထုတ်ပေးရာ ကန့်သတ်ဆေးကုသခွင့်လိုင်စင် ဆိုသည်မှာ နိုင်ငံခြားသားများ မိမိတို့နိုင်ငံသို့ လာရောက်ပြီး ဆေးဝါးကုသရန် အကူအညီ ပေးရာတွင် ထုတ်ပေးသော လိုင်စင်ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် မြန်မာနိုင်ငံဆေးကောင်စီ အနေဖြင့် မိမိတင်ပြခဲ့သော ဆေးခန်းများနှင့်ပတ်သက်ပြီး ဆရာဝန်များလိုင်စင်ရှိ/မရှိ၊ ဆေးဝါးကုထုံးများနှင့် ပတ်သက်ပြီး ဆေးဝါးကုသမှု ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များအပေါ် ဆေးဝါး ကုထုံးတွေမှန်ကန်မှုရှိ/မရှိ။ စက်ကိရိယာပစ္စည်းများ Quality Control အရ အရေအသွေး မှန်ကန်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ပေရန်လိုပါကြောင်း၊ ထို့အတူ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာဥပဒေ ထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် ယင်းဆေးခန်းများအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေး ဆေးကုသခွင့်လိုင်စင်၊ ဆရာဝန်မှတ်ပုံတင်ရှိ/မရှိ၊ ဆေးကုသခွင့်လိုင်စင် ရှိ/မရှိ၊ ဆေးခန်းမှတ်ပုံတင်လိုင်စင်ရှိ/မရှိ စသည်တို့ကိုလည်း ပြန်လည်ကြပ်မတ် စစ်ဆေးပေးရန်လိုအပ်ပါကြောင်း၊ ထို့အတူ ကျန်းမားရေးဝန်ကြီးဌာနအပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ကြော်ငြာများတွင် ပါဝင်နေကြသည့် ကြော်ငြာကဏ္ဍများနှင့်ပတ်သက်ပြီ မည်သည့်အချက်အလက်ပေါ်အခြေခံပြီး ပြည်သူလူထုကို မှန်ကန်သော Information ပေးနိုင်ရန်အတွက် မည်သို့စဉ်းစားဆုံးဖြတ် ဆောင်ရွက်ပေးမည်နည်းကို လည်း သိလိုပါကြောင်း၊ ထို့အတွက်ကြောင့် မိမိအနေဖြင့် မေးမြန်းလိုသည့် မေးခွန်းများမှာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေနှင့် မြန်မာနိုင်ငံ ဆေးကောင်စီဆိုင်ရာ ဥပဒေများ ထုတ်ပြန်ထားပြီး ဖြစ်သည့် အတွက် ဆေးခန်းများ၊ ဆေးကြော်ငြာများအပေါ် ကြပ်မတ်ကွတ်ကဲပေးရန် အစီအစဉ်နှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မည်သည့် အချက်အလက်ပေါ်အခြေခံပြီ ကြော်ငြာများကဏ္ဍတွင် ဖော်ပြပေးနေသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
