(ဃ)-မိုင်းပုတ်ကျေးရွာ အုပ်စု၊ နောင်ခိုက်စိုက်ကွင်းတွင် စိုက်ပျိုးရေ မရရှိသဖြင့် မြောင်းလက်တံဟောင်းများ ကို ပြန်လည်တူးဖော်ရန် ဌာနမှ စနစ်တကျ စီမံခန့်ခွဲ ၍ ရေခွဲဝေပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၈.၇.၂၀၁၃)

မောက်မယ် မြို့နယ်၊ မိုင်းပုတ်ကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာ မြောက်ဘက်ရှိ ကွင်းအမှတ် ၁၂၊ ၁၃ ခေါ် နောက်ခိုက်စိုက်ကွင်းတွင် လယ်ဧက ၂၂၈ ဧကခန့်ရှိပြီး စိုက်ပျိုးရေမရရှိသည်မှာ ၅ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး စဉ့်ဆိုင်ကျေးရွာအုပ်စု နားဆိုင်းရေလွှဲဆည်မှ ဆည်ရေသောက်တူးမြောင်စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်ခဲ့သော စိုက်ကွက်များဖြစ်ရာ နယ်မြေဒေသအခြေအနေအရပ်ရပ်ကြောင့် ဆည်မြောင်းဌာနနှင့် ဒေသခံတောင်သူများပါ ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း၊ ပင်မနားဆိုင်း ဆည်ကြီးနှင့် မြောင်းလက်တံများတဖြည်းဖြည်းတိမ်ကောလာ ခြင်းတို့ကြောင့် ၂၀၀၈ ခုနှစ်မှစ၍ရေမရရှိတော့သဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိတော့ပါကြောင်း၊ ၁၂-၄-၂၀၁၃ ရက်နေ့တွင် မိုင်းပုတ်ကျေးရွာအုပ်စု လူထုတွေ့ဆုံပွဲ၌ ကျေးလက်နေတောင်သူများမှ ပြန်လည် တူးဖော်ပေးပါရန် တင်ပြလာသဖြင့် ကွင်းအမှတ်၊ ၁၂၊ ၁၃ သို့ ကျေးရွာအထောက်အကူပြုအဖွဲ့ဝင်များ၊ လယ်ပိုင်ရှင်များနှင့်အတူ သွားရောက်ကြည်‌့ရှုခဲ့ရာ ကျယ်ပြန့်သောနွားစားကျက်မြေများအဖြစ်သာ မြင်တွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ၂၅-၄-၂၀၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း အဖြစ်တင်ပြမေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကတိကဝတ်ပြုထားသည့်အတိုင်း ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နားဆိုင်းဆည်ကြီးကို စက်ယန္တရားများဖြင့် ပြန်လည်ဆည်ယူပေးခဲ့ပါကြောင်း၊ နားဆိုင်းဆည် ပြန်လည်တူးဖော်ပေးသော မြေထိုးစက် (Back Hoe) ဖြင့်ပင် ၂၅-၅-၂၀၁၃ ရက်နေ့၌ နောင်ခိုက်စိုက်ကွင်း ယခုကွင်းအမှတ် ၁၂၊ ၁၃ စိုက်ပျိုးရေပြန်လည်ရရှိရေးအတွက် မြောက်လက်တံ ဟောင်းများပြန်လည်တူးဖော်ပေးခဲ့ရာ ယခု ဇူလိုင်လပထမပတ်တွင် ပြန်လည်တူးဖော်သည့်လုပ်ငန်း အောင်မြင်ပြီးစီးသည့်အတွက် ရွာသူရွာသားများမှ ဝမ်းသာလျက်ရှိကြပြီး ပြောင်းလဲလာသော နိုင်ငံရေးစနစ်သစ်နှင့် အစိုးရသစ်တို့အပေါ် ပိုမိုယုံကြည်သက်ဝင်ကာ ကျေးဇူး တင်လျက်ရှိနေကြပါကြောင်း၊

ယခု မေးခွန်းနှင့် တစ်ဆက်တစ်စပ်တည်းတင်ပြလိုသည်မှာ မိမိတို့ဒေသသည် ဝေလံခေါင်သီသော ရှမ်း ပြည်နယ်တောင်ပိုင်း အစွန်ဆုံး ဒေသဖြစ်ပါသဖြင့် ယခုကဲ့သို့ မြေတူးစက်ယန္တရားများ တစ်ခါတစ်ခေါက် လာရောက်နိုင်ရန်မှာ မလွယ်ကူလှပါကြောင်း၊ သယ်ယူရာတွင်ခက်ခဲပြီး စရိတ်စကများစွာ ကုန်ကျကြောင်းကိုလည်း သိရှိရရာ ယခု မြေထိုးစက် (Back Hoe) ရောက်ရှိနေချိန်တွင် လူထုအားဖြင့် မစွမ်းနိုင်သော အများအကျိုးပြုလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ပေး စေလိုပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ-

  • မောက်မယ်မြို့နယ် မြို့ပေါ်ရပ်ကွက်အနီးသို့ချဉ်းကပ်ရောက်ရှိနေပြီဖြစ်သော နမ်‌့ယွန်းချောင်းကွေ့ အတွင်းရှိ ကိုင်းတော၊ ကျူတောများမှာ နှစ်စဉ်မီးလောင်လေ့ရှိသဖြင့် မြို့လူထုမှာနှစ်စဉ် မီးလန့်နေကြရပါကြောင်း၊ နမ့်ယွန်းချောင်း ဖြောင့်တန်းစွာ ဖောက်ပေးလိုက်ပါက ကျူတော၊ ကိုင်းတောများ မီးလောင်သည့် ရန်မှကင်းဝေမည် ဖြစ်ပါသဖြင့် နမ့်ယွန်းချောင်းဖြောင့်ခြင်းလုပ်ငန်းအား တူးဖော်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
  • မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု နားဆိုင်းကျေးရွာအနောက်ဘက်ရှိ လယ်မြေဧကများစွာ အကျိုးပြုနေသော နမ်‌့အွန်ရေထွက်အတွင်းသို့ ဟွေဖာလိုင်းတောင်ကျချောင်းရေ များနှစ်စဉ် ဝင်ရောက် လေ့ရှိသဖြင့် နမ့်အွန်ရေထွက်မှာ တဖြည်းဖြည်း တိမ်ကောလာပါသည်။ နောင် ၄၊ ၅ နှစ်ဝန်းကျင်တွင် ကွယ်ပျောက် သွားနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နမ့်အွန်ရေထွက်အားပြန်လည် ဆည်ယူပေးပါရန်နှင့် ရေလွှဲမြောင်းဖောက် လုပ်ပေးပါရန် အထူးတင်ပြအပ်ပါသည်။

     

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်