ရခိုင်ပြည်နယ်၏အဓိက အသက်မွေးဝမ်းလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးဖြစ်ပြီး လယ်မြေဧရိယာ ၁၁ သိန်းကျော်ရှိပါသော်လည်း ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်လျက်နေသည့်အတွက် လယ်ဧရိယာ တစ်ဝက်ကျော်သည် ရေနစ်ပြီး ဒေသအခေါ် ကာရီ(ခေါ်) ရေငန်တားတာတမံများ ဝိုင်းပတ်ဆည်ဖို့ကာ စပါးစိုက်ပျိုးကျကြောင်း၊ အကယ်၍ ရေငန်တားတာတမံများမရှိပါက လယ်ကွင်းတွေအပြင် တချို့ရွာများလည်း ရေထ ရက်များတွင် ရေအောက်ကို ရောက်ရှိသွားမှာ ဖြစ်ပါကြောင်း၊ ရေငန်တားတာတမံတွေကို တည်ဆောက်ရာတွင်လည်း အမြင့် ၃ ပေမှ ၈ ပေအထိ ဆည်ဖို့ရခြင်း၊ ရေငန်တားတာပေါင်ရိုးဟာ မြင့်လာသည်နှင့်အမျှ ရေ၏တွန်းအားများကြောင့် မကျိုးပေါက်စေရန် တမံ၏ထုကို ကြီးမား ထူထဲကျစ်လစ်ခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ခြင်း၊ ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်များ၊ ထူးကဲဒီရေမြှင့်တက်မှုများကို နှစ်စဉ်လိုလိုကြုံတွေ့နေရခြင်းများကြောင့် ကာရီများ မကြာခဏကျိုးပေါက်တတ်ကြပြီး စပါးများပျက်စီးကြရခြင်းတို့ကြောင့် လယ်သမားများ၏ဘဝသည် ဆင်းရဲတွင်းနက် လာသည့်အပြင် ကာရီများသည်လည်း တဖြေးဖြေးကျုံလီလာကာ အဖြစ်သဘောလောက်သာ ရှိနေတော့ပါကြောင်း၊ ပြန်လည်ဆည်ဖို့မွန်းမံရန် မတတ်နိုင်တော့သည့်အတွက် ပစ်ထားခဲ့ရသော ကွင်းပေါင်းများစွာလည်း ရှိနေပါကြောင်း၊ ဒေသခံ ပြည်သူများသည် စက်ယန္တရားများ အသုံးပြုပြီး ဆည်ဖို့ပေးနိုင်ခြင်းမရှိသည့်အတွက် မိမိတို့၏ လုပ်အား လက်ဆည်ကန်လေး များဖြင့် မခိုင်တခိုင်ဆည်ဖို့ကြရသောကြောင့် ထူးကဲဒီရေဖြစ်ပေါ်လာတိုင်း ကျိုးပေါက်ပြီး စပါးခင်းများသည် ဆားငန်ရေများဖုံးလွှမ်းခဲ့ကြရပါကြောင်း၊ ၂၀၁၃-၁၄ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရည်မှန်းချက်တွင် မုန်တိုင်းနှင့် ဒီရေလှိုင်းများကျရောက်တတ်သော ဒေသများတွင် ရေငန်တားတာတမံများကို စနစ်တကျ စံချိန်စံညွှန်းမီ တည်ဆောက်ပေးသွားမည်ဟု ဖော်ပြထားပြီး အဆိုပါအတိုင်း တည်ဆောက်ပေးမည်ဆိုပါက စက်ယန္တရားကို အသုံးပြုပြီး ဆည်ဖို့ပေးရန် အဓိကလိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆည်မြောင်းဌာနပိုင် စက်ယန္တရား အရေအတွက်သည်လည်း လွန်စွာနည်းပါးကာ ယခုရှိနေသောစက်ယန္တရားများသည်လည်း သက်တမ်းကြာမြင့်နေသည့်အတွက် မကြာခဏပျက်စီးကာ ရပ်နားထားရသည့် အချိန်များစွာရှိပါကြောင်း၊ ထို့ကြောင့် အဖက်ဖက်တွင် နိမ့်ကျလျက်ရှိသော ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေနိမ့်ဒေသလယ်ယာစိုက်ပျိုးရေးတွင် ရေငန်တားတာတမံများကို အခိုင်အမာတည်ဆောက်ပေး ရန် လိုအပ်ပြီး ထိုကဲ့သို့ တည်ဆောက်ရာတွင်လည်း စက်ယန္တရားများကိုသုံးကာ ကျွန်းပတ်ရေငန်တားတာတမံများ တည်ဆောက်ပေးမှသာ ရေရှည်အကျိုးရှိမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်လယ်သမားများအတွက် အရေးကြီးဆုံး အခက်အခဲ ပြဿနာဖြစ်သည့် ရေတား တာတမံများ တောင့်တင်းခိုင်မာပြီး စံချိန်စံညွှန်းမီ တောင့်တင်း ခိုင်မာသော ရေငန်တားတာတမံများဖြစ်ပေါ်နိုင်ရန် အတွက် အစိုးရဌာနပိုင် ယန္တရားအရေအတွက်ကို တိုးချဲ့ချထားပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်းမေးမြန်း သွားပါသည်။
