မိမိတို့နိုင်ငံသည် ယခုအခါ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲလုပ်ကိုင်နေသည့်အချိန် ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ၏ထုတ်ကုန်အရေအတွက် ပိုပြီးထုတ်လုပ်နိုင်ရေး၊ အရည်အသွေး ကောင်းသော ထုတ်ကုန်များထုတ်လုပ်နိုင်ရေးနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကာကွယ်ရန် အတွက် အချိန်မီစိုက်ပျိုးရိတ်သိမ်းနိုင်ရေးတို့သည် အလွန်အရေးကြီးလှပါကြောင်း၊ လယ်ယာသုံး စက်ကိရိယာများ လုံလုံလောက်လောက်သုံးစွဲနိုင်မှသာ အထက်ပါအချက်များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထွန်ယက်သည့်အချိန်ကစတင်၍ ရိတ်သိမ်းပြီး ဈေးကွက်ရောက်သည့်အထိ စက်ကိရိယာများ လိုအပ်ပါကြောင်း၊ ယနေ့အချိန်တွင် လယ်ယာ လုပ်ငန်းတွင် လုပ်ကိုင်သောလုပ်သားရှားပါးလာသည့်အတွက် စက်ကိရိယာပိုမိုသုံးစွဲရပါကြောင်း၊ သို့သော် တောင်သူဦးကြီးများအနေဖြင့် ကိုယ်ပိုင်ဝယ်ယူသုံးစွဲနိုင်မှုရာခိုင်နှုန်း နည်းပါးပါကြောင်း၊ အထူးသဖြင့် ကောက်ကွက်ငယ်တောင်သူများအနေဖြင့် စက်မှုလယ်ယာဦးစီးဌာနက စက်များကို လည်း ငှားရမ်းရပါကြောင်း၊ ပုဂ္ဂလိကပိုင်ရှင်များထံကလည်း စက်များကို ငှားရမ်းပြီး အသုံးပြုကြ ရပါကြောင်း၊ ပုံမှန်အခြေအနေတွင် ခက်ခဲမှုနည်းပါးသော်လည်း ရာသီဥတုဖောက်ပြန်ပြီး ရိတ်သိမ်း သည့်အချိန်တွင် မိုးရွာပါက ကောက်ရိတ်စက်များ၊ Combine Herbal များ ငှားရမ်း၍မရသည့် အတွက် အခက်အခဲများကြုံတွေ့ရသည်မှာ ယခုနှစ်ပိုင်းများတွင် နှစ်စဉ်လိုဖြစ်နေပါကြောင်း၊ စက်မှု လယ်ယာဦးစီးဌာနကို အားကိုးသည့်အခါမှာလည်း စက်ကိရိယာအရေအတွက်နည်းပါးပြီး ပျက်စီး နေသည်မှာ များပြားပါကြောင်း၊ အချို့စက်များက ခေတ်မမီတော့သည့်အတွက် အပြည့်အဝ အားကိုး၍မရနိုင်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းက လိုက်လံကောက်ရိတ်သိမ်းသော ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ရပါကြောင်း၊ အဓိက ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့က ကောက်စောစပါးများဖြစ်သည့်အတွက် ၎င်းတို့ပြီးစီးသည့်အချိန်တွင် မိမိတို့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက ငှားရမ်းသုံးစွဲရပါကြောင်း၊ ရာသီဥတုဖောက်ပြန်၍ အချိန်ကိုက်ရိတ်သိမ်းကြ ရပါက အလွန်အခက်အခဲတွေ့ရပါကြောင်း၊ ဥပမာအနေဖြင့် ပြည်မြို့နယ်တွင် ထွန်စက်ပေါင်း အစီး ၃၀ နှင့် ရိတ်သိမ်းခြွေလှေ့စက်ခြောက်စီး၊ ကောက်စိုက်စက်လေးစီး၊ စက်မှုလယ်ယာဦးစီးဌာနတွင် ရှိပါကြောင်း၊ မိမိတို့ တစ်ခရိုင်လုံးအတွက်၊ တစ်မြို့နယ်လုံးအတွက်သုံးစွဲရာတွင် အခက်အခဲ အလွန်များပြားပါကြောင်း၊ ယခုအချိန်တွင် စက်မှုလယ်ယာဦးစီးဌာနကတစ်ဆင့် အရစ်ကျဖြင့် ဝယ်ယူနိုင်သည့် အခြေအနေများကို ဝန်ကြီးဌာနက စီစဉ်ပေးထားပါကြောင်း၊ JICA ၏ Two Step Loan ချေးငွေအနေဖြင့်လည်း အဆိုပါစက်ကိရိယာများကို အရစ်ကျပေးစနစ်ဖြင့် ဝယ်ယူ၍ ရသော်လည်း ကိုယ်ပိုင်တစ်ဦးချင်း ဝယ်ယူရခြင်းတောင်မှ အခက်အခဲများလည်း ရှိပါကြောင်း၊ မိမိတို့ပြည်မြို့နယ်တွင် JICA Two Step Loan ဖြင့် ယခုအချိန်တွင် ကောက်ရိတ်စက်နှစ်စီးနှင့် ထွန်စက်ကြီးလေးစီး စုစုပေါင်း လုပ်ငန်းတောင်သူခြောက်ဦးသာ ချေးငွေဖြင့်ဝယ်ယူထားရ ပါကြောင်း၊ အစုအပေါင်း၊ အဖွဲ့နှင့်ဝယ်ယူရန်ဆိုသည်မှာ တောင်သူသုံးဦးက ၁၀ ဦးအထိ စုစည်းပြီး ချေးယူ၊ ဝယ်ယူရန် မိမိတို့တောင်သူများသည် ၎င်းချေးငွေအဆင့်ဆင့် မည်ကဲ့သို့ရရှိရန် ဆောင် ရွက်မည်နည်းဆိုသည့် လုပ်ငန်းစဉ်များသိရှိရန်၊ စုပေါင်းဆောင်ရွက်ရန် ညှိနှိုင်းတတ်ရန်လည်း အချိန်ယူရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စက်ကိရိယာဝယ်ယူရေးသည်လည်း နှောင့်နှေးနေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနကို အားကိုးပြန်တော့လည်း ဈေးနှုန်း အနေဖြင့် ပုဂ္ဂလိကနှင့် မကွာပါကြောင်း၊ ရိတ်သိမ်းသည့်အခါ တစ်ဧကကို ၃၈၀၀၀ ခန့်ပေးရပါ ကြောင်း၊ အကယ်၍ မိုးရွာသည့်အတွက် အပင်များလဲပါက ၄၀၀၀၀ နှင့် ၄၀၀၀၀ အထက် ပေးကြရသည့်အပြင် အာမခံ ဘယ်သူပေးမည်ဆိုသည့်အချက်များနှင့် မိမိတို့တောင်သူများသည် အလွန်အခက်အခဲတွေ့ရပါကြောင်း၊ အချို့စက်များကလည်း တစ်စီးကို ဧက ၂၀၀ သတ်မှတ် ထားခြင်းပြည့်ပါက ရိတ်ပေးရန်မရှိတော့သည့်သဘောမျိုးလည်း ဌာနအနေဖြင့်ဖြစ်သည့်အတွက် တောင်သူများ အလွန်အခက်အခဲကြုံရသည့်အတွက် (၁) စက်မှုလယ်ယာဦးစီးဌာနတွင် စက် ကိရိယာအရေအတွက်ကို ယခုထက် လုံလုံလောက်လောက် ပိုမိုတိုးမြှင့်ဖြည့်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် (၂)အချက်က စက်ငှားရမ်းခနှုန်းထားများကို မည်ကဲ့သို့သတ်မှတ်ထားသနည်း၊ ငှားရမ်း သည့်အခါ မည်သည့်စနစ်ဖြင့် ငှားရမ်းသနည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မိမိတို့အစိုးရလက်ထက် ၂၀၁၅-၁၆ ခုနှစ်တွင် ထွန်စက်ကြီး အစီး ၆၂၀ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၈၁ စီးနှင့် ကောက်စိုက်စက်အစီး ၂၀ စီး၊ ၂၀၁၆-၁၇ ခုနှစ်တွင် ထွန်စက်ကြီး ၁၇၅ စီး၊ ရိတ်သိမ်းခြွေလှေ့စက် အစီး ၈၀ စီး၊ ကောက်စိုက်စက်ငါးစီး၊ ၂၀၁၇-၁၈ ခုနှစ်တွင် ထွန်စက်ကြီး ၁၂၀ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၁၆၅ စီး၊ ကောက်စိုက်စက် ၁၀ စီးတို့ကို နိုင်ငံတော်၏ စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၂၁.၄၈၈ ဘီလီယံကျော်ဖြင့် လယ်ယာသုံးစက်ကိရိယာ အသစ်များကို ဝယ်ယူဖြည့်တင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိ စက်မှုလယ်ယာဦးစီးဌာန စက်အင်အားစုစုပေါင်း ထွန်စက်ကြီးအစီးရေ ၂၈၂၀ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၈၁၁ စီးနှင့်ကောက်စိုက်စက် ၁၇၀ စီး ရှိနေပါကြောင်း၊ စက်အင်အားများကို အသုံးချပြီး နိုင်ငံတစ်ဝန်းရှိ လယ်ယာကဏ္ဍစက်အင်အား အသုံးချနိုင်ရေးအတွက်ကို စီမံဆောင်ရွက်သည့် နေရာတွင် စက်မောင်းဝန်ထမ်းအင်အား ၂၁၃၇ ဦးနှင့် တောင်သူလယ်သမားများအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
နိုင်ငံတော်တွင် စက်မှုလယ်ယာစနစ်ကို ကူးပြောင်းရန်အတွက် လယ်ယာသုံးစက်ကိရိယာ လိုအပ်ချက်ကို ဆန်းစစ်လေ့လာသည့်အခါ အဓိကအားဖြင့် တောင်သူလယ်သမားများအနေဖြင့် အခက်အခဲဖြစ်ပေါ်နေသည့် အခြေအနေနှစ်ရပ်မှာ မြေယာပြုပြင်ခြင်းလုပ်ငန်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းနှစ်တို့ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဦးတည်ဆောင်ရွက်သည့်အခါ မိမိတို့အနေဖြင့် ရှိသည့်ထွန်စက်ကြီး အစီးရေ လက်ရှိအခြေအနေ ၈၆၆၇ စီး၊ လက်တွန်းထွန်စက် ၁၂၃၇၇၂ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၂၉၆၅၃ စီး၊ ရိတ်စက် ၃၆၂၈၁ စီးနှင့် ခြွေလှေ့စက် ၅၈၇၀ လုံးတို့ကို ထပ်မံဖြည့်တင်းရန်အတွက် လိုအပ်မှာ ဖြစ်ပါကြောင်း၊ ယခုလို အပ်ချက်အားလုံးကိုလည်း နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းပေးမည်ဆိုလျှင် ကုန်ကျစရိတ်များစွာ မြင့်မားမည် ဖြစ်သည့်အပြင် ကိုင်တွယ်မောင်းနှင်မည့် စက်မောင်းဝန်ထမ်းအင်အားကို အမြောက်အမြားခန့်ထားရမည် ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ကျခံရမည့် ဘဏ္ဍာငွေအမြောက်အမြား အခြေအနေဖြစ်ပေါ် နေပါကြောင်း၊
မိမိတို့စက်မှုလယ်ယာ ကူးပြောင်းရေးအကောင် အထည်ဖော်မှုစနစ်ဖြင့် ချိတ်ဆက် စီမံနိုင်ရန်အတွက် တောင်သူလယ်သမားများတွင် လိုအပ်သည့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများကို ဒေသအလိုက် လွယ်ကူစွာရရှိနိုင်ရန် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ လယ်ယာသုံးစက်ကိရိယာ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ ပုဂ္ဂလိကဘဏ်များနှင့် တောင်သူလယ်သမားများကို ချိတ်ဆက်ပေးသည့်စနစ်နှင့် တောင်သူများကို လယ်ယာသုံးစက်ကိရိယာ တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းစေပြီး ကျန်ငွေများကို သုံးနှစ်အတွင်း ခုနစ်ရစ်၊ အရစ်ကျငွေ ပေးသွင်းစေခြင်းဖြင့် စက်များသုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အငှားလိုက်ဝန်ဆောင်မှုထက် တောင်သူများကိုယ်တိုင် စက်များပိုင်ဆိုင်ပြီး မိမိတို့၏လုပ်ငန်းခွင်တွင် ရာသီအလိုက် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးသည့် အစီအစဉ် ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း ထွန်စက်ကြီး ၁၃၈၅ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၅၉ စီးတို့ကို တောင်သူလယ်သမား လက်ဝယ်သို့အရောက် ဖြန့်ဖြူးရောင်းချပေးပြီး ဒေသအသီးသီးတွင် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်မှာလည်း နိုင်ငံတော်၏ ဘတ်ဂျက်အတိုင်းအတာ ကန့်သတ်ချက်များရှိနေသည့်အတွက် ပြည်ပနိုင်ငံအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် စီမံဖြည့်တင်းမှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ EXIM Bank of INDIA ကနေပြီး ချေးငွေတစ်ရပ် အမေရိကန်ဒေါ်လာ ၄၅.၈၇ သန်းကိုရယူပြီး ထွန်စက်ကြီးနှင့် တွဲဖက်ကိရိယာ အစီးရေ ၁၄၀၀ ဖြည့်တင်းနိုင်ရေးအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအတွက် အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် အစီအမံများလည်း ချမှတ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် တောင်သူများ လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ မောင်းနှင်တတ်ရန် ထိန်းသိမ်းပြင်ဆင်တတ်ရန်အတွက် သင်တန်းများလည်း ဖွင့်ပေးပါကြောင်း၊ လုပ်ငန်းခွင်အတွင်း လက်တွေ့လေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုချိန်အထိ တောင်သူပေါင်း ၂၀၀၀၀ ခန့်ကို မိမိတို့အနေဖြင့် လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်သူများသည် ပုဂ္ဂလိကလယ်ယာဝန်ဆောင်မှု အသင်းများ၏ လက်ဝယ် ထွန်စက်ကြီး ၃၂၀၀၀ စီး၊ လက်တွန်းထွန်စက် အစီးရေ ၄၈၄၅၀၀ ကျော်၊ ရိတ်သိမ်းခြွေလှေ့စက်အစီး ၆၀၀၀ ကျော်ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကလယ်ယာ ဝန်ဆောင်မှု လုပ်ငန်းများကို ဒေသအသီးသီးတွင် တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါကြောင်း၊
စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ပုဂ္ဂလိကလယ်ယာ ဝန်ဆောင်မှုအသင်းများ တိုးတက်ဆောင်ရွက်နိုင်စေရန် နည်းလမ်းမျိုးစုံဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေး လျက်ရှိသည့် နေရာတွင် အဓိကအခက်အခဲဖြစ်သည့် လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်မှုလုပ်ငန်းကို မိမိတို့ စက်မှုလယ်ယာ စခန်းများက တာဝန်ယူဆောင်ရွက် ပေးနိုင်ရေးအတွက် လိုအပ်သည့် ကျွမ်းကျင် စက်မောင်း၊ စက်ပြင်ဝန်ထမ်းများဖြစ်လာအောင် လေ့ကျင့်မွေးထုတ်ပေးရေး၊ အရည်အသွေး ကောင်းမွန်သည့် စက်အရန်ပစ္စည်းများ ဒေသတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး၊ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်လျက်ရှိသည့် ခေတ်မီစက်မှုလယ်ယာ နည်းပညာသစ်များကို တောင်သူများလက်ဝယ်အရောက် အသိပညာပေး၊ သရုပ်ပြလုပ်ငန်းများကိုလည်း ဦးတည် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်သည့်အတွက် စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်ကြီးများ တိုးချဲ့ဝယ်ယူ ဖြည့်ဆည်းပေးသည့်နည်းတူ တောင်သူလယ်သမားများအတွက် အမှန်တကယ်လိုအပ်ချက်ရှိသည့် စက်မှုလယ်ယာ နည်းပညာ ရပ်များကိုလည်း လက်တွေ့သရုပ်ပြ၊ အသိပညာဖြန့်ဖြူးပေးနိုင်မည့် လယ်ယာသုံးစက်ကိရိယာ အသစ်များကိုလည်း ဦးစားပေးဖြည့်တင်းသွားရေးအတွက်ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာဒေါ်ခင်စိုးစိုးကြည် (ပြည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မေးခွန်းထဲတွင် ၎င်းစက်ကိရိယာများကို ငှားရမ်းသည့်နေရာတွင် မည်သည့်စနစ်မျိုးနှင့် ငှားရမ်းပါသနည်း ပြီးသည့်အခါ စက်ငှားရမ်းခ နှုန်းထားများသည် မည်ကဲ့သို့ သတ်မှတ်ထားပါသနည်းကို ထပ်မံပြီးဖြေကြားပေးရန် မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် အငှားဝန်ဆောင်မှုလုပ်ငန်းကို ယခင်က ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အခါတွင် လက်ရှိစက်မောင်းဝန်ထမ်း အင်အားနှင့် လက်ရှိစက်ကိရိယာ အနေအထားအပေါ် မူတည်ပြီး တောင်သူများ လိုအပ်ချက်ထက်ရှိသည့်၊ တောင်းဆိုလာသည့် အနေအထားအပေါ် ဒေသအလိုက် ငှားရမ်းခစနစ်ကို ဆောင်ရွက်ရမည့် မြေပြင်အနေအထားအပေါ် မူတည်ပြီး ငှားရမ်းခနှုန်းထားအနေဖြင့် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးဖြည့်ဆည်းပေးသည့် အခြေအနေရှိပါကြောင်း၊ ဒေသအလိုက် အသေးစိတ်အခြေအနေကို မိမိအနေဖြင့် စာနဲ့ရေးသားပြီး ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
