မိမိအနေဖြင့် ပထမအကြိမ် ၁-၃-၂၀၁၂ ရက်နေ့တွင်ကျင်းပသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၁၂-၁၃ အမျိုးသားစီမံကိန်းဥပဒေ ကြမ်း၏ နောက်ဆက်တွဲပါ စီမံကိန်းလုပ်ငန်းများအတွက် နိုင်ငံတစ်ဝှမ်းလုံးတွင် IT ကွန်ယက်တပ်ဆင်ပေးရန် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးခဲ့ဖူးပါကြောင်း၊ ကွန်ယက်တပ်ဆင်ပြီးပါက နိုင်ငံသားကတ်ပြားပြုလုပ်ရန်နှင့် သန်းခေါင်စာရင်းကောက် ယူရာတွင်လည်း များစွာအဆင်ပြေသွားမည့်အပြင် နိုင်ငံသား/တိုင်းရင်းသား အစစ်အ မှန်ကို စိစစ်ရာတွင်လည်း တိကျမြန်ဆန် လွယ်ကူသွားမည်ဖြစ်ပါကြောင်း။
ယခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း မူကြမ်း၏ လုပ်ငန်းစဉ်များတွင်လည်း ထူးခြားသော လျာထားဆောင် ရွက်ချက်များကို မတွေ့ရှိရသောကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွန်ပျူတာစနစ် Smart Card အဖြစ်ပြောင်းလဲ၍ ပြည်သူများ လျှောက်ထားရာတွင် ရက်ပေါင်း ၂၈ ရက် အစား ၁၄ ရက်အတွင်းပြီး စီးအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား Smart Card အဖြစ်ပြုလုပ်ပေးပါက သတ်မှတ်နှုန်းထားများကို မည်သို့ ကောက်ခံမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခုခေတ်ကာလတွင် ဆက်သွယ်ရေးနည်းပညာ တစ်ဟုန်ထိုး တိုးတက်လျက်ရှိ သည်နှင့်အမျှ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ Identity Card များ၊ Passport များ အပါအဝင် Multipurpose Card များကို ထုတ်လုပ် အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ IT နည်းပညာကို အသုံးပြုပြီး Identity Card နှင့် Smart Card များသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားအပြည့်အဝရရှိရေး၊ ဆက်သွယ်ရေးကွန်ယက် (Communication Network) ကောင်းမွန်ရေး၊ IT နည်းပ ညာဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ရရှိရေးတို့သည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်းနှင့် IT နည်းပညာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် မြို့နယ်ရုံးများရှိ လူတစ်ဦးချင်း၏ ကိုယ်ရေး အကြောင်းအရာများကို Computer ဖြင့် အချက်အလက်ထည့်သွင်းခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရုံးများ အချင်းချင်း၊ မြို့နယ်ရုံးများနှင့် ခရိုင်/ပြည်နယ်/ တိုင်းဒေသကြီး/ဦးစီးဌာန(ရုံးချုပ်)သို့ Network ချိတ် ဆက်ခြင်း၊ Data Base များတည်ထောင်ခြင်း၊ Data Base Server များတည်ဆောက်ခြင်းကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် အခြေခံ တည်ဆောက်ရေး လုပ်ငန်းများအတွက် ခြောက်နှစ်ကျော် ခုနှစ်နှစ်ခန့် အချိန်ယူရကြောင်းနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်လည်း ဒေသအနှံ့ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ ထို့ပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို Smart Card အနေဖြင့် ထုတ်ပေးပါက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် အညီ နိုင်ငံသားအရည်အချင်းရှိ/မရှိ ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ ထိုအခါ မျိုးရိုးစဉ်ဆက်ဇယားပါ မိဘ/ဘိုးဘွားများ ၏ လူမျိုး၊ နိုင်ငံသားအခြေအနေ ကိုင်ဆောင်လက်မှတ်များဖြင့် တိုက်ဆိုင်စစ်ဆေးပါက ယခင်နှစ် အဆက်ဆက်က မှတ်တမ်းရယူခဲ့သည့် အမျိုးသားမှတ်ပုံတင်မှတ်တမ်းပုံစံ-၁ များသည် စက္ကူဖြင့် မှတ်တမ်း တင်ထားခြင်းဖြစ်သောကြောင့် အဆိုပါမှတ်တမ်းပုံစံ-၁ များကို Data Base တွင် Manual စနစ်မှ Digital စနစ်သို့ Data များ ကွန်ပျူတာဖြင့် ရိုက်ထည့်ရန်လည်း လုံလောက်သည့် အချိန်ရယူဦးမည်ဖြစ်ပါကြောင်း၊
Scan ဖတ်၍ မှတ်တမ်းယူပါကလည်း နှစ် ၆၀ ကျော် သိုလှောင်ထိန်းသိမ်းထားသည့် စာရွက်များဖြစ်၍ Scan ဖတ် သည့်အခါ စုတ်ပြဲပျက်စီးမှုမရှိ ခံနိုင်ရည်ရှိစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုကာ ဆောင်ရွက်ရ ဦးမည်ဖြစ်သည့်အပြင် စာရွက်ဖြင့်မှတ်တမ်းတင်ခဲ့သည့် မိမိဝန်ကြီးဌာန မှတ်တမ်းခန်းတွင် ထိန်းသိမ်းထားရှိသည့် အမျိုးသားမှတ်ပုံတင် မှတ်တမ်း ပုံစံ-၁ စုစုပေါင်း ၂၈ သန်းခန့်နှင့် ပြည်နယ်/တိုင်း ဒေသကြီးနှင့် မြို့နယ်များတွင် ထိန်းသိမ်းထားသော ကိုယ်ရေးအကြောင်းအရာမှတ်တမ်း ပုံစံ-၂ များသည် သန်း ၄၀ ကျော်ဖြစ်သဖြင့် အချိန် ယူဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဤလုပ်ငန်းများပြီးစီးပါက နိုင်ငံသားမှတ်ပုံတင် လုပ်ငန်းအား e-Registration System ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို Smart Card အဖြစ် ပြောင်းလဲဆောင် ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ Smart Card တွင် IC.Chip ပြားတစ်ခု၊ Magnetic Stripe ၊ 2D Barcode နှင့် Optical Memory Card များနှင့် IC. Chip ပြားတွင် ID Function များ၊ လက်ဗွေ၊ မျက်လုံးအစရှိသည့် Biometric Data များ၊ Optical Memory Card တွင် Financial Function များ၊ Additional Function များဖြစ်သော medical, driver’s License အစရှိသည်တို့ ထည့်သွင်းနိုင်မည့် ကတ်ပြားမျိုးဖြစ်သောကြောင့် မိမိတို့ ဝန်ကြီးဌာနမှ e-Registration နှင့် Smart Card ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို IT ကျွမ်းကျင်သောပုဂ္ဂိုလ်များဖြင့် ညှိနှိုင်းတိုင်ပင်ကာ ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသည် ပြည်သူများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားမှုအား အများဆုံး ၂၈ ရက်အတွင်း ဆောင်ရွက်ပေးရန် သတ်မှတ်ညွှန် ကြားထားပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပါရှိရမည့် အချက်အလက် အထောက်အထားများကို လည်း ပြည်သူများမြင်သာစေရန် ရုံးတိုင်းတွင် ဗီနိုင်းများဖြင့်ရေးဆွဲ၍ ကြေညာထားပြီးဖြစ်ရာ အထောက်အထား များဖြင့် ပြည့်စုံစွာတင်ပြလျှောက်ထားသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရုံးလုပ်ငန်း အနည်းအ များပေါ်မူတည်၍ တစ်ရက်မှ သုံးရက်အတွင်းလည်း ပြီးစီးအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အချို့လျှောက် ထားသူများ၏ မိဘဘိုးဘွားများသည် ယခင်က အခြားမြို့နယ်များတွင် နေထိုင်ခဲ့ပြီး ထိုမြို့နယ်များတွင် အမျိုးသား မှတ်ပုံတင်သက်သေခံကတ်ပြား၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရယူထားသူများ ဖြစ်ပါက သက်ဆိုင်ရာမြို့နယ်များသို့ အထောက်အထားမှန်ကန်မှု ရှိ/မရှိ ပြန်လည်မေးမြန်းစိစစ်ပြီးမှသာ ဆောင်ရွက်ပေးရခြင်း၊ သက်ဆိုင်ရာရပ်ကွက် /ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသည့် ကိစ္စများတွင်လည်း ကွင်းဆင်းခရီး အသွားအပြန် ကြာမြင့်ချိန်၊ ဓာတ်ပုံရရှိမှု၊ ရုံးလက်ခံ မှတ်ပုံတင်စာအုပ်များတွင် ရေးသွင်းရန် ကြာမြင့်ချိန် စသည်များပေါ်တွင် မူတည်၍ အချိန်ယူရမည်ဖြစ်သည့်အတွက် ထိုသို့် ကြန့်ကြာမှုမျိုးမဖြစ်စေရန် မိမိဝန်ထမ်းများအား အများဆုံး ၂၈ ရက်အတွင်း ကတ်ပြားထုတ်ပေးပြီးစီးအောင် ဆောင်ရွက်ရန် ညွှန်ကြားထားခြင်းဖြစ်ပါကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် အထောက်အထားပြည့်စုံစွာ တင်ပြနိုင်သူများအား ၁၄ ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးကျော်နီနိုင် (လောက်ကိုင်)
မိမိတို့ လောက်ကိုင်တွင် မိုးပွင့်အဆင့်စီမံကိန်းကို One Stop Serviceဖြင့် ဆောင်ရွက်ခဲ့သည်မှာ အဆင်ပြေခဲ့ ကြောင်း၊ သို့သော် ဧပြီလတွင် ကျေးရွာအုပ်စုတစ်ခုကို သွားရောက်၍ မှတ်ပုံတင်များ ပြုလုပ်ပေးရာတွင် ၆၃၄ မှုကို လားရှိုးသို့ တင်ရပြီး ထိုမှတဆင့် နာယက၏ ခရီးစဉ်တွင် နာယကကြီးကို တင်ပြမှသာ ပြန်လည်ရရှိသည့် အတွက် မိုးပွင့်အဆင့်မှာပင် ရှစ်လခန့်ကြာမြင့်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဝန်ကြီးကို မေတ္တာရပ်ခံချင် သည်မှာ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ပြုလုပ်ပေးရန် မေတ္တာရပ်ခံပါကြောင်း တင်ပြမေးမြန်းပါသည်။
ဦးကျော်ကျော်ဝင်း(ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားရာတွင် လုံလောက်သောအချက်အလက်ပေါ်မူတည်ပြီး အချက်အလက်လုံလောက်ပါက ၂၈ ရက်အတွင်းဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာကာယကံရှင်များအနေနှင့် အချက်အလက် ပြည့်စုံရန်လိုအပ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
