မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဒုတိယအကြီးဆုံးဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းက ၂၈၃၂ ကီလိုမီတာ ရှိပါကြောင်း၊ မြစ်ကြီးလေးသွယ်၊ ချောင်းမြောင်း၊ မြစ်လက်တက်များစွာ ရှိပါကြောင်း၊ ယခင်က ရေငန်ငါးများ၊ ရေချိုငါးများ အလျှံပယ်ပေါများခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ကမ္ဘာ့ရာသီဥတုက ပြောင်းလဲပြီး ငါးဖမ်းသည့်နည်းစနစ်များကလည်း တိုးတက်လာပါကြောင်း၊ ငါးများလည်း အလွန်အကျွံဖမ်းလာသည့်အခါ ငါးဖမ်းသည့်လုပ်ငန်းမှ ရေသယံဇာတရရှိမှုက နည်းပါးလာသည့်အတွက် ငါးမွေးမြူရေးလုပ်ငန်းကိုသာ ဦးစားပေးလုပ်လာကြပါကြောင်း၊ မြန်မာနိုင်ငံတွင် လတ်တလော ငါးမွေးမြူထားသောဧကပေါင်း ၄၈၀၀၀၀ ရှိပါကြောင်း၊ မိမိတို့ တွံတေးမြို့က ဧက ၃၇၀၀၀ ကျော်ခန့် ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မိမိတို့ မြို့နယ်သည် အများဆုံးဖြစ်သည့်အတွက် မိမိတို့မြို့နယ်ကသာမက တစ်ပြည်လုံးက ငါး လုပ်ငန်းရှင်များ၊ ၎င်းတို့ကို မှီတည်ပြီးရပ်တည်နေကြသော ပြည်သူအားလုံး ၃.၅ သန်းခန့် ရှိပါကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရန် အဆိုပါရည်ရွယ်ချက်များဖြင့် မေးမြန်း ရခြင်း ဖြစ်ပါကြောင်း၊ ယခင်က မြန်မာနိုင်ငံတွင် ရေကြီး ရေနက်ကွင်းများ ရှိပါကြောင်း၊ စပါးများလည်း စိုက်မရပါကြောင်း၊ တောင်သူများက ငါးများပြောင်းပြီးမွေးသော်လည်း နိုင်ငံတော် အစိုးရအဆက်ဆက်က လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကထားခဲ့သည့်အတွက် ငါးလုပ်ငန်းရှင် များအပေါ် အမြင်က မကောင်းခဲ့သည့်အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက် ၁၉၈၅-၈၆ ခုနှစ်ခန့် ခရမ်း၊ တိုက်ကြီး၊ တွံတေးက ငါးမွေးမြူရေးလုပ်ငန်းရှင် ၂၅၀ ခန့်ကို ထောင်ဒဏ်ချမှတ်ခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် တပ်မတော်အစိုးရက မူဝါဒပြောင်းပြီး ငါးလုပ်ငန်း နှင့်ပတ်သက်ပြီး ဖြေလျှော့မှုများလုပ်ဆောင်ပေးခဲ့သည့်အတွက် ငါးမွေးမြူရေးလုပ်ငန်းများ တိုး တက်လာပါကြောင်း၊ ယခုအချိန်တွင် ဧက ၄၈၀၀၀၀ ခန့် ရှိပါကြောင်း၊ လတ်တလောတွင် ဧက ၁၁၀၀၀၀ ခန့်သာ လ.န.ရ(၃၉)ဟုခေါ်သော လယ်ယာမြေအခြားနည်းဖြင့်သုံးစွဲခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့်ငါးလုပ်ငန်းရှင်များက လ.န.ရ(၃၉)မရှိသည့်အခါ ဘဏ်များထံမှ ငွေချေးယူ မရဘဲ ၎င်းတို့မှာ ရာဇဝတ်ကောင်များကဲ့သို့ ဆက်ဆံခံနေရပါကြောင်း၊ အကျိုးဆက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့က ငွေလိုအပ်သည့်အခါတိုင်း လာနှိုက်သည့်လုပ်ငန်း၊ နှိုက်တိုင်းလည်း ရသည့်လုပ်ငန်းကဲ့သို့ ဖြစ်နေပါကြောင်း၊ ငါးလုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့နှင့်ထိတွေ့သည့်အခါ ၎င်းတို့ပေးသည့်ဥပမာများက ကဏန်းညှပ်ခံရပြီး အော်လည်းမအော်ရဲဘဲ ကြိတ်ခံနေရသည့် အနေအထားမျိုး ဖြစ်နေပါကြောင်း၊ နိုင်ငံတော်ကလည်း အခွန်ငွေ ထိုက်ထိုက်တန်တန်မရရှိပါကြောင်း၊ ငါးလုပ်ငန်းရှင်များကလည်း အကြွေးများထူပြီး၊ သိန်းထောင်ချီ လည်ပတ်နေသော်လည်း ၎င်းတို့၏အကြွေးများကလည်း သိန်းထောင်ချီရှိနေ ပါကြောင်း၊ နိုင်ငံတော်လည်း အလုပ်မဖြစ်၊ ငါးမွေးမြူရေးလုပ်ငန်းရှင်လည်း အလုပ်မဖြစ်ဘဲ ကြားထဲက အကျင့်ပျက်ခြစားသောဝန်ထမ်းများက တိုက်ဆောက်၊ ကားစီးနေသည့် အနေအထား ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ငါးမွေးမြူရေးလုပ်ငန်းကို ၁၉၅၃ ခုနှစ်စတင်လုပ်ကိုင်ပြီး ၁၉၇၀ ခုနှစ်တွင် စီးပွားဖြစ်လုပ်ကိုင်ပါကြောင်း၊ ဗီယက်နမ်က ၁၉၇၅ ခုနှစ်တွင် စစ်ပွဲပြီးပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်တွင် ငါးမွေးမြူရေးလုပ်ငန်းမှ ရရှိသည့်ဝင်ငွေသည် မြန်မာနိုင်ငံက ဒေါ်လာ ၆၀၅ သန်းသာ ရှိပါကြောင်း၊ ဗီယက်နမ်က ဒေါ်လာသန်း ၇၁၀၀ ရရှိပါကြောင်း၊ ထိုင်းက သန်း ၇၅၀၀ ရရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် သန်း ၁၁၀၀၀ ရရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ မြေအသုံးချရေးမူဝါဒနှင့်ပတ်သက်ပြီး ပြောင်းလဲရန်အတွက် နိုင်ငံတော်အစိုးရတွင် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းဆိုင်ရာ ဥပဒေများဖြစ်သော နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ(၁၁/ ၁၉၈၉)၊ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ(၂၄/၁၉၈၉)၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ(၉/၁၉၉၀)၊ ရေချိုငါးလုပ်ငန်းဥပဒေ(၁/၁၉၉၁) တို့ကို ပြဋ္ဌာန်းထားရှိပြီး ဥပဒေနှင့်အညီ ငါးလုပ်ငန်းများ စီမံ ခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် ထုတ်ပြန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများနှင့် ကိုက်ညီစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီစေရန်၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်များအကြား ဥပဒေပြုအာဏာအငြင်းပွားမှုမရှိစေရန်အတွက် ရေချိုငါးလုပ်ငန်းဥပဒေကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကို လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် ရေချို ငါးလုပ်ငန်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားပြီး မိမိတို့၏သက်ဆိုင်ရာအလိုက် ကြီးကြပ်ကွပ်ကဲ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ နှင့် ပုဒ်မ ၉၈ တို့အရ ပြည်ထောင်စုမှ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေနှင့် မြန်မာ့ပင်လယ်ငါး လုပ်ငန်းဥပဒေတို့ကိုရုပ်သိမ်းပြီး ပင်လယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း) အဖြစ်လည်းကောင်း၊ ငါး မွေးမြူခြင်းဆိုင်ရာ ဥပဒေအားရုပ်သိမ်းပြီး ငါးမွေးမြူရေးဆိုင်ရာဥပဒေ(မူကြမ်း)အဖြစ်လည်းကောင်း၊ အသစ်ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ရန် ရေးဆွဲဆောင်ရွက်ခဲ့သည့်အပြင် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရန်အတွက် နိုင်ငံတကာအဖွဲ့အစည်း များဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ အရှေ့တောင်အာရှငါးလုပ်ငန်းဖွံ့ဖြိုးမှု ဗဟိုဌာန(SEAFDEC)၊ အာရှပစိဖိတ်ဒေသရေသတ္တဝါမွေးမြူရေး ကွန်ရက်(NACA)၊ ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)၊ ရေချိုငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နှင့် သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)စသော အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး နိုင်ငံတကာ စံနှုန်းများအညီဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲလာသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ ခေတ်နှင့်လည်းလိုက်လျောညီထွေ ဖြစ်စေပြီး လက်တွေ့ကျကျလိုက်နာဆောင်ရွက်နိုင်မည့် ငါးလုပ်ငန်းဆိုင်ရာဥပဒေများ ဖြစ်စေရေးအတွက် တည်ဆဲငါးလုပ်ငန်းဥပဒေများ သို့မဟုတ် ခေတ်နှင့်အညီ ပြုပြင်ရေးဆွဲထားသည့် ငါးလုပ်ငန်းဆိုင်ရာဥပဒေများကို နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ငါးကဏ္ဍ၏လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲထားသည့်အပြင် ငါးလုပ်ငန်းဆိုင်ရာဥပဒေ အသစ်များရေးဆွဲထားပြီး အဆင့်ဆင့်အကြံပြုချက်များဖြင့် ဆွေးနွေးဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ငါးမွေးမြူရေး ဆိုင်ရာဥပဒေကြမ်းနှင့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)တို့ကို မိမိတို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အပြီးသတ်စိစစ်အကြံပြုချက် ရရှိရေးအတွက် ပေးပို့ခဲ့ရာ ယခု ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အကြံပြုချက်များရရှိပြီးဖြစ်သည့်အတွက် အဆိုပါအကြံပြုချက်များအတိုင်း ပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊
ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများသည် နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံရေးအတွက် တစ်ဖက် တစ်လမ်းက အကျိုးပြုသည့်လုပ်ငန်းလည်း ဖြစ်ပါကြောင်း၊ ငါး၊ ပုစွန်ကန်များကို လယ်ယာမြေ ပေါ်တွင် ဆောင်ရွက်သည့်အခါ လယ်ယာမြေဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂(ဆ)တွင် လယ်ယာမြေ ပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရဟု ပြဋ္ဌာန်းထားသည့်အတွက် ငါး၊ ပုစွန်ကန် များသည် လယ်ယာမြေပေါ်တွင် တူးဖော်မည်ဆိုပါက ဥပဒေနှင့်အညီ အခြားနည်းသုံးစွဲလျှောက် ထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခင်ကတည်းက ငါးကန်၊ ပုစွန်ကန်များတူးဖော်ခဲ့ပြီး လယ်ယာမြေအခြားနည်းသုံးစွဲရန် ခွင့်ပြုမိန့်မရရှိသေးသော ငါး၊ ပုစွန်ကန်များနှင့်ပတ်သက်ပြီး တစ်ဖက်က စဉ်စားဆောင်ရွက်ပေးရခြင်းလည်းရှိရာတွင် ဥပဒေနှင့်အညီဖြစ်စေရန်အတွက် ဒဏ်ကြေးပေးသွင်းစေပြီး ခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုစွန်၊ ငါးကန်များ လုပ်ကိုင်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် နိုင်ငံတော်ကလည်း ဘဏ္ဍာငွေဖြည့်ဆည်းပေးနိုင် ရေးအတွက် သင့်တင့်မျှတပြီး ထိုက်သင့်သည့် ဒဏ်ကြေးသတ်မှတ်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များထံက အကြံဉာဏ်များကိုလည်း ရယူထားပြီးဖြစ်သည့် အလျောက် ယင်းရရှိလာသည့် အကြံပြုချက်များအပေါ် စုစည်းသုံးသပ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအစည်းအဝေးတွင် တင်ပြဆွေးနွေးပြီးလည်း ဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးညှိနှိုင်းချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး မကြာမီတွင်အဆိုပါလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်သည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လွန်ခဲ့သည့် ၃၆ နှစ်က မိမိ ကျောင်းအုပ်ဆရာသွားရောက်လုပ်ကိုင်သည့် ရွာလေးတစ်ရွာ ရှိပါကြောင်း၊ ရေနက်ကွင်းတွင် သရက်၊ ငှက်ပျော၊ သင်္ဘောစိုက်ပျိုးပါကြောင်း၊ ၎င်းနောက်ပိုင်းတွင် အလုပ်မဖြစ်သည့်အခါ ငါးလေးများ စတင်မွေးသည့်အခါ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အဆိုပါ ကရင်ကျောင်းရွာလေးတွင် ကိုယ်ထူကိုယ်ထ တိုက်နယ်ဆေးရုံရှိပါကြောင်း၊ စင်ကာပူနှင့် ဆက်စပ်ပြီး စိုက်ပေးခြင်း ဖြစ်ပါကြောင်း၊ လ.န.ရ (၃၉) မရရှိဘဲ လုပ်ကိုင်လာခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်ထွန်းလာခဲ့သည်မှာ နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်းပါကြောင်း၊ ကျေးရွာထဲတွင် လမ်းများလည်း ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသည်မှာ များစွာရှိပါကြောင်း၊ ဝန်ကြီးဌာနကို ဆက်စပ်မေးမြန်းလိုသည်မှာ တချို့သောကိစ္စများတွင် မြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဥပမာ မော်တော်ဆိုင်ကယ်လိုင်စင်မဲ့များ နောက်ပိုင်းတွင် ပြဿနာများဖြစ်သည့် အတွက် လိုင်စင်များလုပ်ပေးသည့်အခါ နိုင်ငံတော်လည်း ဝင်ငွေများစွာရရှိပါကြောင်း၊ ပြည်သူ ပြည်သားများလည်း လုံလုံခြုံခြုံစီးနင်းရပါကြောင်း၊ ကျွဲ၊ နွားများ နိုင်ငံခြားခိုးပြီးတင်ပို့နေသည့် အတွက် နိုင်ငံတော်က များစွာဆုံးရှုံးပါကြောင်း၊ နောက်ပိုင်းတွင် ဥပဒေပြောင်းပြီး တရားဝင်တင်ပို့ လိုက်သည့်အခါ နိုင်ငံတော်လည်း ဝင်ငွေများစွာရရှိပါကြောင်း၊ မူဝါဒတိတိကျကျပြောင်းလဲနိုင်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် မည်သည့်အချိန်တွင် အမြန်ဆုံးမူဝါဒများပြောင်းလဲပြီး ကန်လုပ်ငန်းရှင်များကို လ.န.ရ(၃၉)၊ လ.ရ(၃၀)နှင့်ပတ်သက်ပြီး လုပ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ကိုယ်စားလှယ် ဦးမြင့်လွင် နမူနာပြသွားသည့် ကရင်ကျောင်းကျေးရွာသည် မိမိဇာတိ ဖြစ်ပါကြောင်း၊ မိမိအမျိုးများလည်း ရှိပါကြောင်း၊ ငါးကန်များအပေါ်တွင် အခြေပြုပြီး ၎င်းတို့၏ လူမှု စီးပွားရေးဘဝ တိုးတက်လာခဲ့သည်မှာ မျက်မြင်အထင်အရှားဖြစ်သော်လည်း မိမိဖြေကြားချက် ထဲတွင်ပါရှိသကဲ့သို့ ယခင်ကာလက အခြားနည်းသုံးစွဲရန်အတွက် အချို့ကဆောင်ရွက်ရကောင်း မှန်းမသိသည့် ကိစ္စများလည်းပါသကဲ့သို့ ဆောင်ရွက်ရန်အခြေအနေမပေးခဲ့သည့် အနေအထား မျိုးလည်း ရှိခဲ့သည့်အတွက် မကြာခင်အချိန်ကာလတွင် မိမိတို့အားလုံးညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ဥပဒေကြောင်းနှင့် တရားဝင်ဆောင်ရွက်သွားနိုင်ရန်အတွက် ဒေသရေမြေချင်း တစ်ခုနှင့်တစ်ခု၊ ပြည်နယ်/တိုင်းဒေသကြီး တစ်ခုနှင့်တစ်ခု မတူညီပါကြောင်း၊ ငါးကန်တူးဖော်မှုနှင့် ပတ်သက်ပြီး အခြားနည်းသုံးစွဲခွင့်ကို တရားဝင်ရရှိနိုင်ရန် ၎င်းတို့အတွက် ထိုက်သင့်သည့် တန်ကြေး၊ ဝန်ဆောင်ပေးနိုင်မည့် ငါးကန်လုပ်ငန်းပိုင်ရှင်များ သက်သာသောနှုန်းထားဖြင့် တစ်ဖက်က နိုင်ငံတော်၏ဝင်ငွေကိုလည်း အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်မည့် နှုန်းထားမျိုးဖြစ်ရန် အတွက် မိမိတို့ မူသဘောအရ အပေါ်ကိုတင်ပြထားပြီး ဖြစ်သည့်အတွက် မကြာမီယခုနှစ်ပိုင်းအတွင်း အခြားနည်းကို တရားဝင်သုံးစွဲလုပ်ပိုင်ခွင့်ရရှိပြီး မိမိတို့၏ငါးမွေးမြူရေးလုပ်ငန်းများကို ရေရှည်စိတ်အေးချမ်းသာစွာ ဆောင်ရွက်သွားနိုင်မည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
