(ခ)-ကလေးမြို့နယ်၊ ရာဇဂြိုဟ်ဘက်စုံ ရေလှောင်တမံအား ပြန်လည်ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၂.၂၀၁၈)

ရာဇဂြိုဟ်ဆည်ကြီးကို ၂၀၀၀-၀၁ ခုနှစ်က စတင်အစပျိုးတည်ဆောက်ခဲ့ပြီး ၂၀၀၃-၀၄ ခုနှစ်တွင် မြေပြင် တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်းမှာပါသည့် လျှပ်စစ်ဓာတ်အားအတွက် စက်တပ်ဆင်ခြင်းနှင့် လယ်အတွက် ရေသွယ်မြောင်းများ တည်ဆောက်မှုလုပ်ငန်းများ မပြီးမြောက်သေးသော်လည်း ဖွင့်ပွဲကို ကြီးကျယ်စည်ကားစွာဖြင့် အဲဒီအချိန်က နိုင်ငံ‌တော်သမ္မတကြီးကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အဆိုးဝါးဆုံးရေကြီးရေလျှံမှုနှင့် ရင်ဆိုင်ခဲ့ရပါကြောင်း၊ သို့သော် ရေကြီးရေလျှံမှုဖြစ်ခြင်းကြောင့် ဆည်အတွင်းဝင်ရောက်ပြီး ရေပိုရေလွှဲအဝတွင် ပိတ်ဆို့နေသည့် အမှိုက်သရိုက်များကို ဆည်မြောင်းဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်စွန့်ကျိုးပမ်း ဖယ်ရှားရှင်းလင်းနိုင်ခဲ့မှုကြောင့် ဆည်ကြီးသည် အကောင်းပဂတိအတိုင်း တည်ရှိနေခြင်း ဖြစ်ပါကြောင်း၊

မိမိတို့ဆည်သည် ကျပ်သန်းပေါင်း ၆၉၈၂၆.၃၂၈ သန်းနှင့် နိုင်ငံခြားငွေဒေါ်လာ ခြောက်သိန်းဖြင့် ၁၁ နှစ်ကြာတည်ဆောက်ခဲ့ရသည်နှင့် ထိုက်တန်စွာ လျှပ်စစ်ဓာတ်အား (၄) မဂ္ဂါဝပ်နှင့် မိုးစပါးအတွက် လယ်မြေဧက ၈၅၀၀ ဧကကို အလုံအလောက် ရေပေးဝေနိုင်မည်ဟု သိရှိရပါကြောင်း၊ ၎င်းတို့ထဲကမှ လယ်ဧက ၃၄၀၀ ဧကကို ၂၀၁၇ ခုနှစ် မိုးတွင်စတင်ပေးဝေနိုင်ပြီဟု သိရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒလေးချက်ထဲက တစ်ချက်ဖြစ်သည့် လူများစုဘဝဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့်အပေါ် တိုက်ရိုက်သက်ဆိုင်နေခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းအတိုင်း အကောင်အထည် ဖော်နိုင်လျှင် နိုင်ငံတော်အပေါ် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများကို ရရှိစေမည် ဖြစ်ပါကြောင်း၊ ဆည်ကြီးကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး နှစ်နှစ်ကြာသည့်တိုင်အောင် လျှပ်စစ်ပိုင်း ဆိုင်ရာများ တပ်ဆင်ပြီးဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးမည့် Generators များက လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ မြေယာလျော်ကြေးများ အပြေအကြေပေးလျော်ပြီး ဖောက်လုပ်ထားသည့် ရေသွင်းမြောင်းများ ထဲမှာလည်း အပြည့်အဝမစီးဆင်းနိုင်သေးပါကြောင်း၊ ထို့ထက်ပိုပြီး ခက်ခဲစေနိုင်သည်မှာ ဆည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်အမှားများ ပြန့်နှံ့နေမှုသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေ နိုင်ခြင်းဖြစ်ပါကြောင်း၊

မိမိတို့နိုင်ငံသည် တောင်သူလယ်သမားများကို ဗဟိုပြုပြီးတည်ဆောက်ထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ ရေနှင့်ရေသွင်းမြောင်းများသည် အသက်သွေးကြောများဖြစ်ပြီး လူနေမှုဘဝ မြင့်မားရေးအတွက် လျှပ်စစ်မီးရရှိရေးသည်လည်း အခြေခံအကျဆုံးအချက် ဖြစ်ပါကြောင်း၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုမည့် ဆည်ကြီးသည် ယခုချိန်တွင် မူလရည်ရွယ်ချက်များနှင့် လွဲချော်ပြီး အများပြည်သူအပန်းဖြေ အနားယူသည့် ရေကန်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ရာဇဂြိုဟ်ဘက်စုံရေလှောင်တမံအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း (ကိုမန်) ၏ အရှိန်နှင့် ရာဇဂြိုဟ်ရေလှောင်တမံ၏ ရေဆင်းဧရိယာဖြစ်သည့် ချင်းပြည်နယ် တောင်ပေါ်ဒေသများတွင် တစ်ပတ်အတွင်း မိုးရေချိန်လက်မ ၃၀ ခန့် ရွာသွန်းမှုရှိခဲ့ပါကြောင်း၊   ယခုလိုအချိန်တိုအတွင်း မိုးရေချိန်လက်မများစွာ ရွာသွန်းသည့်အလျောက် ရာဇဂြိုဟ်ရေလှောင်တမံ အထက်ပိုင်း ရေဆင်း ဧရိယာများတွင် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက် နေရဉ္ဇရာချောင်းနှင့် ၎င်းချောင်း၏ လက်တက်ချောင်းငယ်များတွင် ရေစီးနှင့်အတူ သစ်လုံးများ၊ သဲနုန်းများ ပမာဏ များပြားစွာပါဝင် စီးမျောလာခဲ့ပြီး ရာဇဂြိုဟ်ရေလှောင်တမံအတွင်းကို ဝင်ရောက်ခဲ့မှု အခြေအနေရှိပါကြောင်း၊ တချို့က ရေပိုလွှဲပေါ်မှ ရေကျော်စီးဆင်းမှုနှင့်အတူ စီးထွက်ပါရှိသွားသော်ငြားလည်း တမံရေပြည့်မှတ်၏ အောက်ဘက် သဲနုန်းများသည် ထုထည်ပမာဏကြီးမားစွာ  တည်ရှိသည့်အတွက် အနည်ထိုင်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊

ထို့အပြင် ၂၀၁၅ ခုနှစ် မိုးရာသီတွင်  မြေပြိုမှုများဖြစ်ပွားချိန် သဘာဝချောင်းကို မြေစာပုံများ ပိတ်ဆို့ခဲ့သည့်အတွက် တောင်ပေါ်ရေကန် (မြေပြိုကန်) များ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင် လဆန်းတွင် နေရဉ္ဇရာချောင်းဖျားရှိ ဟန်ကင်ရွာအနီး တောင်ပေါ်ရေကန် (မြေပြိုကန်) ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ရာမှ သဲနုန်းများ ထပ်မံစီးဝင်ခဲ့မှု ကြုံတွေ့ခဲ့ရပါကြောင်း၊ တမံအတွင်းကို သဲနုန်းနှင့်သစ်လုံး များ ထပ်မံဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် တမံ၏အထက်ဘက် ၃ မိုင်ခွဲခန့်အကွာ နုန်းဖမ်းဆည်တစ်ခု၊ ၁ မိုင်ခွဲခန့်အကွာ သစ်လုံးကာတန်း (Long Boom) တစ်ခုတို့ကို တည်ဆောက် ကာကွယ်ပေးထားရပါကြောင်း၊

ထို့အပြင် ရေအားလျှပ်စစ်စက်ရုံနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ပြီးစီးပြီ ဖြစ်သည့်အတွက် စက်စမ်းသပ်လည်ပတ်ရန် ရေယူအဆောက်အဦ၏ ရေဝင်လမ်းကြောင်း ပွင့်စေရန်အတွက် သဲနုန်းများနှင့် သစ်လုံးများကို နည်းစုံလမ်းစုံ တူးဖော်ဖယ်ရှား ရှင်းလင်းခဲ့ရပါကြောင်း၊ ရေဝင်လမ်း ပွင့်သွားပြီးသည့်နောက် ရေအားလျှပ်စစ်စက်ရုံ စမ်းသပ်လည်ပတ်ခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ကလေးမြို့ကနေ ရာဇဂြိုဟ်တမံကို 66 KV Single Circuit Transmission Line တည်ဆောက် သွယ်တန်းခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးမည် ဖြစ်ပါကြောင်း၊ 66 KV ဓာတ်အားလိုင်း တည်ဆောက်ပြီးရင် 11 KV ဓာတ်အားလိုင်းကို ဆက်လက်သွယ်တန်းပြီး ဆည်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လျှပ်စစ်မီးပေးဝေနိုင်ရန် ဦးစွာစီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ကလေးမြို့အထိ လျှပ်စစ်ဓာတ်အား ပို့လွှတ်သွားနိုင်ရေး စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေပေးဝေရေးနှင့် ပတ်သက်ပြီး ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီးသည့်နောက် ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မိုးစပါး ၂၄၅၀ ဧကခန့်ကို စိုက်ပျိုးရေပေးဝေနိုင်လျက်ရှိပြီး ယခု ၂၀၁၇ ခုနှစ်တွင် မိုးစပါး ၃၄၀၀ ဧကခန့်အထိ ရေပေးစိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီးလည်း ၂၀၁၈ ခုနှစ် မိုးစပါးရာသီတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရင်းနှင့် ထုတ်လွှတ်လိုက်သည့် ရေပေါ်တွင်စိစစ်ပြီး ဆည်ရေသောက် ဧရိယာများအတိုင်း စိုက်ပျိုးရေအပြည့်အဝပေးဝေ စိုက်ပျိုးသွားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။