ကဒူးကြီးအုပ်စုသည် မောက်မယ်မြို့နယ်၏ ကျေးရွာအုပ်စု ၈ အုပ်စုအနက် ၁ ခု အပါအဝင်ဖြစ်ပြီး ခြေလျင်တောင်တက်ခရီးဖြင့်သာ သွားလာရသည့် ဒေသဖြစ်ခြင်း၊ စစ်ဘေး စစ်ဒဏ် အများဆုံး ခံခဲ့ရသော ဒေသဖြစ်ခြင်း၊ အုပ်ချုပ်ရေးအပိုင်းမှ နယ်မြေစိုးမိုးရန် မလွယ်ကူခြင်း၊ ဘိန်းစိုက်ပျိုးရန် အခွင့်အခါရရှိစေခြင်း စသည့် အားနည်းချက်များစွာတို့ဖြင့် ဒေသခံများမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲများစွာ နိမ့်ကျခြင်း စသည့်ဒဏ်များကို ယနေ့ထိတိုင် ခံစားနေရဆဲဖြစ်ကြောင်း၊ ယခင်ခေတ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကာလတွင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ခေါ် ရလလဖနှင့် အစိုးရတို့ ငြိမ်းချမ်းရေးရယူခဲ့ပြီး ကဒူးကြီးဒေသသို့ ဆက်သွယ်ရေး လမ်းများ ဖောက်လုပ်ရန်စီစဉ်ခဲ့ဖူးပါကြောင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်မှတစ်ဆင့် ပွန်ချောင်းကိုဖြတ်ကူး၍ တန်ပေလီ တံတားတစ်ခုကို ၁၉၉၇ ခုနှစ်တွင် ဆောက်လုပ်ပေးနိုင်ခဲ့သော်လည်း ပွန်ချောင်း အရှေ့ဘက်ခြမ်း မောက်မယ် မြို့နယ်ပိုင်နက် ကဒူးကြီးအုပ်စုနယ်မြေအတွင်းသို့ ဆက်သွယ်ရေးလမ်းများ မဖောက်လုပ်နိုင်ခဲ့သည့်အတွက် ယခုအခါ ဒေသခံ များမှာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ပွန်ချောင်းမှ ကဒူးကြီးကျေးရွာသို့ ရောက်ရှိနိုင်မည့် အဆိုပါလမ်းသည် ဒေသခံ ရှမ်း၊ ပအို့၊ ကယားလူမျိုးများအတွက် စီးပွားဖွံ့ဖြိုး တိုးတက်စေနိုင်မည့် လမ်းကြောကြီးဖြစ်ရာ ကဒူးကြီးဒေသအတွင်း ဆက်သွယ်သွားလာရေး ကောင်းမွန်သွားပါက ယခင် သစ်ထုတ်လုပ်ရေးကွင်းမှ လမ်းဟောင်းများကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပြီး ဘိန်းအစားထိုးစီမံချက်များ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ် သည့်အတွက် ဆီဆိုင်မြို့နယ်၊ နောင်ထော်ဒေသမှတစ်ဆင့် ပွန်ချောင်းကိုဖြတ်ကျော်ဖောက်လုပ်ထားသည့် လမ်းပိုင်း အားဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
