(ဃ)-လေရှီးမြို့နယ်ရှိ မိုဝိုင်းလွတ်မြို့၊ ဆွမ္မရာမြို့နှင့် ရန်နွေးကျေးရွာတို့တွင် သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၂.၂၀၁၈)

မိုပိုင်းလွတ်မြို့နှင့် ဆွမ္မရာမြို့တို့သည် အုပ်ချုပ်ရေးယန္တရားလိုအပ်ချက်အရ မြို့အဖြစ်သတ်မှတ် တည်ဆောက်ပေးထားသော်လည်း ဖွံ့ဖြိုးမှုနည်းပါးသောမြို့များ ဖြစ်သည့်အတွက် စည်ပင်သာယာ ရေးဌာနမှ ကောက်ခံရရှိသော အခွန်ဝင်ငွေမရှိသည့်အခါ မြို့တွင်းသောက်သုံးရေသယ်ယူ ဖြန့်ဖြူးရေးမှာ များစွာလိုအပ်လျက်ရှိပါကြောင်း၊ မိုပိုင်းလွတ်မြို့နားတွင် ေချာင်းတစ်ခုရှိသော်လည်း ၎င်းချောင်းဖျားပိုင်းတွင် ကျွဲ၊ နွားများ စွန့်ပစ်သောအညစ်အကြေးများကြောင့်၊ လင်းနို့ဂူက ချောင်း ဖျားခံပြီး စီးဆင်းလာသည့်ရေဖြစ်သည့်အတွက် ကျန်းမာရေးနှင့်မညီညွတ်သောရေ ဖြစ်နေသော ကြောင့် အခြားရေသန့်ရရှိနိုင်သောချောင်းမှ သယ်ယူပေးရမည် ဖြစ်ပါကြောင်း၊ ဆွမ္မရာမြို့သည် ပထဝီအနေအထားအရ တောင်ကုန်းပေါ်တွင် တည်ထားသောမြို့ဖြစ်ပါကြောင်း၊ လူဦးရေတိုးတက် လာသည်နှင့်အမျှ ယခင်ကသယ်ယူသုံးစွဲနေသော ရေပမာဏဖြင့်မလုံလောက်တော့သည့်အတွက် အားလုံးလုံလုံလောက်လောက်ရရှိနိုင်မည့်နေရာ၊ ချောင်းတွင်သယ်ယူပြီး ဖြန့်ဖြူးပေးရမည် ဖြစ်ပါကြောင်း၊ ထို့အတူ ရန်နွေးကျေးရွာသည်လည်း ရေသယ်ယူရန်ခက်ခဲသောကုန်းပေါ်တွင် တည်ထားသည့်ရွာဖြစ်ပါကြောင်း၊ လက်တူးတွင်းဖြင့် ကြိုးစားတူးဖော်အသုံးပြုနေကြသော်လည်း လူအများအသုံးပြုနိုင်သောရေပမာဏ မရရှိနိုင်သည့်အတွက် ရွာနှင့်အနီးဆုံးချောင်းတစ်ခုတွင် မြေ တားတမံတည်ဆောက်ပြီး စက်ဖြင့်စုပ်တင်ဖြန့်ဖြူးပေးမှသာအဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လေရှီးမြို့နယ်ရှိ မိုပိုင်းလွတ်မြို့၊ ဆွမ္မရာမြို့နှင့် ရန်နွေးကျေးရွာတို့တွင် သောက်သုံးရေ ရရှိရေးအတွက် အစောဆုံးဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ် သဘာဝမြေမျက်နှာသွင်ပြင်အနေအထားအရ တောင်ကုန်း တောင်တန်းထူထပ်ပေါများပြီး မြေပြန့်လွင်ပြင်နည်းပါးသောဒေသဖြစ်သည့်အပြင် သောက်သုံးရေ လည်း ရှားပါးခက်ခဲသည့်ဒေသလည်းဖြစ်ပါကြောင်း၊ ဒေသတွင်း သောက်သုံးရေရရန်အတွက် စိမ့်စမ်းရေသွယ်သောလုပ်ငန်း၊ လက်ယက်တွင်းများတူးဖော်ခြင်းလုပ်ငန်း စသည့်နည်းလမ်းများဖြင့် စီမံဆောင်ရွက်ရလျက်ရှိပါကြောင်း၊ လေရှီးမြို့နယ်အတွင်းရှိ မိုပိုင်းလွတ်မြို့တွင် လူဦးရေ ၁၄၅၀ ဦး ခန့်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းအများစုနေထိုင်လျက်ရှိပါကြောင်း၊ လက်ရှိတွင် သောက်သုံးရေရရှိရေး အတွက် မြို့တွင်းမှ ၂ ဖာလုံခန့်ဝေးသည့် နန်ခါချောင်းအားလည်းကောင်း၊ လက်တူးတွင်း နှစ်တွင်းအားလည်းကောင်း ရေရယူသုံးစွဲလျက်ရှိပါကြောင်း၊

နွေရာသီတွင် လက်တူးတွင်းများ ရေခမ်းခြောက်ခြင်း၊ နန်ခါချောင်းရေစီးဆင်းမှုနည်းပါးပြီး မြို့တွင်း က အညစ်အကြေးများစီးဝင်၍ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် နှစ်စဉ်သောက်သုံးရေရှားပါး ခက်ခဲမှု ဖြစ်ပေါ်လျက်ရှိသော အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုပိုင်းလွတ်မြို့သောက်သုံးရေရရှိရန် အတွက် ကွင်းဆင်းစိစစ်ခဲ့ရာ မြို့၏အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ စိမ့်စမ်းရေထွက်မှ ရေကို ကွန်ကရစ်ရေစုကန်တည်ဆောက် သိုလှောင်ပြီးနောက် ရေပိုက်လိုင်းသွယ်ယူပြီး ရေပေးဝေ နိုင်မည်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊

အလားတူ ဆွမ္မရာမြို့တွင် လူဦးရေ ၁၆၇၀ ဦးခန့်နေထိုင်လျက်ရှိပါကြောင်း၊ လက်ရှိတွင် မြို့နှင့် ၂မိုင်ခွဲခန့်ကွာဝေးသည့်နေရာတွင် စိမ့်စမ်းရေကိုသွယ်ယူပြီး သုံးစွဲလျက်ရှိပါကြောင်း၊ နွေရာသီတွင် သောက်သုံးရေရှားပါးလျက်ရှိပါကြောင်း၊ ဆွမ္မရာမြို့သောက်သုံးရေရရှိရန် ကွင်းဆင်းစိစစ်ချက်အရ မြို့၏အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ရေထွက်မှရေကို ကွန်ကရစ်ရေစုကန် တည်ဆောက် သိုလှောင်၍ ရေပိုက်လိုင်းသွယ်တန်းပြီး ရေပေးဝေရမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မိုပိုင်းလွတ်မြို့နှင့် ဆွမ္မရာမြို့သောက်သုံးရေရရှိရေးအတွက် တင်ပြပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လေရှီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လိုအပ်သော ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ (အောက်တိုဘာ-စက်တင်ဘာ) ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံနိုင်ရေးကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊

ရန်နွေးကျေးရွာ သောက်သုံးရေရရှိရေးကိစ္စနှင့် ပတ်သက်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကွင်းဆင်းစိစစ် ချက်အရ ရန်နွေး ကျေးရွာသည် လေရှီးမြို့၏အရှေ့ဘက် ၂၉ မိုင်ခန့်အကွာတွင်တည်ရှိပြီး လူဦးရေ ၇၅၀ ခန့်နေထိုင် လျက်ရှိပါကြောင်း၊ လက်ရှိတွင် လက်တူးတွင်းများမှ ရေရယူသုံးစွဲလျက် ရှိသော်လည်း နွေရာသီတွင် ရေခမ်းခြောက်ပြီး သောက်သုံးရေရှားပါးခက်ခဲလျက်ရှိသည့်ဒေသ ဖြစ်ပါကြောင်း၊

ရန်နွေးကျေးရွာသောက်သုံးရေရရှိရန်အတွက် ကျေးရွာ၏အနောက်တောင်ဘက် ၁ မိုင်ခွဲခန့် အကွာရှိ ရှားရီးချောင်းပေါ်တွင် အလျား ၈၀ ပေ၊ အမြင့် ၈ ပေရှိ သံကူကွန်ကရစ်အားဖြည့် ကျောက်စီတမံနှင့် ရေစင်များတည်ဆောက်၊ ရေသိုလှောင်ပြီး ပိုက်လိုင်းများသွယ်တန်းကာ ရေပေး ဝေရမည် ဖြစ်ပါကြောင်း၊ သံကူကွန်ကရစ်အားဖြည့်ကျောက်စီတမံကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး ရေစင်များတည်ဆောက်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် အုတ်ရေကန်များတည်ဆောက်ခြင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စုစုပေါင်းလိုအပ်ရန်ပုံငွေကို တွက်ချက်ပြီး ယခု ၂၀၁၈-၂၀၁၉(အောက်တိုဘာ-စက်တင်ဘာ) ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။