(ဂ)-တောင်သူဦးကြီးများစပါး၊ ပဲမျိုးစုံနှင့်နှမ်းစသည့် သီးနှံများကိုအရည်အသွေးပြည့်ဝပြီး အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူ စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၂.၂၀၁၈)

စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင်‌့အညီ စိုက်ပျိုးရေးဖြင်‌့ အသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်သူဦးကြီးများ၏ ဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၏ အဓိကအရင်းအမြစ် တစ်ခုဖြစ်သည့် မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူ ရရှိရေးသည်လည်း အရေးကြီးကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေထိ တောင်သူလယ်သမားများသည် မျိုးကောင်းမျိုးသန့်များကို ကိုယ်တိုင်ရယူစိုက်ပျိုးနိုင်ခြင်း မရှိသည့်အပြင် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ဝယ်ယူရရှိရန်အတွက်လည်း အခက်အခဲများ၊ စိန်ခေါ်မှုများနှင်‌့ ကြုံတွေ့လျက်ရှိပါ ကြောင်း၊ လက်ရှိမြေပြင်အခြေအနေတွင် တောင်သူများအနေဖြင့် စိုက်ပျိုးသည့် ရာသီရောက်ပြီဆိုလျှင် နီးစပ်ရာတောင်သူအချင်းချင်ဆီက မျိုးများကိုဝယ်ယူ၍သော်လည်းကောင်း၊ မြို့ပေါ်မှာရှိသည့် ပွဲရုံများကတစ်ဆင်‌့ မျိုးများကိုဝယ်ယူ၍လည်းကောင်း၊ မိရိုးဖလာမျိုးများကို ဝယ်ယူပြီး စိုက်ပျိုးနေခဲ့ရပါကြောင်း၊ ထို့ကြောင့် သီးနှံများက အရည်အသွေး မပြည်‌့ဝသည့် သီးနှံများထွက်သည့်အတွက် ဈေးနှုန်းမကောင်းဘဲ စိုက်ပျိုးသည့် ကုန်ကျစရိတ် အမြတ်ရဖို့နေနေသာသာ အရင်းရဖို့ကို တောင်သူများတွင် မနည်းကြိုးစားနေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ရရှိရန်အတွက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ မျိုးကောင်းမျိုးသန့် ဆိုသည့် နေရာတွင် မျိုးသန့်ခြင်း၊ အစေ့အောင်မြင်ပြည်‌့ဖြိုးညီညာခြင်း၊ အပင်ပေါက်မှု ၈၀ ရာခိုင်နှုန်းအထက်ရှိခြင်း၊ အပင်ပေါက်စွမ်းအားသန်ခြင်း၊ ပေါင်းမျက်စေ့ကင်းခြင်းနှင့် ပိုးထိုးလောက်ကိုက်ကင်းခြင်း၊ မျိုးသန့်ကြောင်းအာမခံ ချက်ပေးနိုင်ခြင်းစသည့် အချက်များနှင့် ကိုက်ညီရမည်ဟု လေ့လာသိရှိရပါကြောင်း၊

မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေးခြံများက လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်မှု၊ ဖြန့်ဖြူးနိုင်မှု မရှိဘူးဆိုလျှင် တောင်သူများကိုယ်တိုင် မျိုးကောင်းမျိုးသန့်များ ဘယ်လိုရောက်အောင် စိုက်ပျိုးနိုင်သည်ကို စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများကနေပြီး ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးပညာပေးမည် ဆိုပါက သင်‌့တော်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ မျိုးစေ့နဲ့စပ်လျဉ်းပြီး မျိုးစေ့ဥပဒေကို ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၎င်းဥပဒေကို ထပ်မံပြင်ဆင်ခဲ့သော်လည်း တောင်သူများ၏ လက်တွေ့ဘဝတွင် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးဖြင်‌့ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်သူဦးကြီးများ၏ လိုအပ်ချက်များစွာထဲမှ စပါး၊ ပဲမျိုးစုံ၊ နှမ်းစသည့်သီးနှံများကို အရည်အသွေးပြည်‌့ဝပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူ စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် ရှိပါက မည်သို့စီစဉ်ဆောင်ရွက် ပေးထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

သီးနှံမျိုးကောင်း၊ မျိုးသန့်မျိုးစေ့များကို စတင်ပွားများဆောင်ရွက်သည့်နေရာတွင် မိမိတို့ဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနကရရှိသည့် မိဘမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံများကနေ  ဆင်‌့ပွားမျိုးစေ့နှင်‌့ မျိုးသန့်မျိုးစေ့များ ပွားများခြင်းကို ဆောင်ရွက်ပါကြောင်း၊ မျိုးသန့်ခြံများကနေ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ခြင်းကို စိုက်ပျိုးနိုင်သည့် ဧကအားလုံးတွင် အပြည်‌့အဝစိုက်ပျိုး ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ ပွားများခြင်းကို မိမိတို့စိုက်ပျိုးရေးဦးစီးဌာနနှင်‌့ အကျိုးဆောင် တောင်သူများ၊ ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္ပဏီများနှင့် ပူးပေါင်းပြီ‌ နှစ်စဉ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် တောင်သူများ၏ မျိုးစေ့လိုအပ်ချက်ကို ဖြည်‌့ဆည်းပေးနိုင်ရန်အတွက် လက်ရှိအနေအထားတွင် မျိုးစေ့စိုက်ပျိုးထုတ် လုပ်သူများ အသင်းအဖွဲ့ (Seed Grower Association) ကိုလည်း ပြီးခဲ့သည့် ၂၀၁၆-၁၇ ခုနှစ် စိုက်ပျိုးရာသီက စတင်ဖွဲ့စည်းပြီး မျိုးစေ့ထုတ်လုပ်ငန်းစဉ်များနှင်‌့အညီ ဆောင်ရွက်လျက်ပြီး သီးနှံပေါ်ချိန် သင်‌့လျော်သည့် မျိုးစေ့ဈေးနှုန်းနှင်‌့ ပြန်လည်ဝယ်ယူစုဆောင်းခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဓိကအားဖြင်‌့ စပါးသီးနှံများနှင့် မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်စိုက်ခင်းသည် ယခုလက်ရှိ အနေအထားတွင် ဧကခြောက်သောင်းကျော်ထိ ထားရှိပြီး ဖြစ်ပါကြောင်း၊

ယခုကာလမှာ အကျိုးတူစိုက်ပျိုးမှုစနစ် (Contract Farming System) ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဦးတည်ပြီး စပါးသီးနှံစီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ပျက်စီးဆုံးရှုံးသွားသည့် သီးနှံများအတွက် တောင်သူများ ဝင်ငွေထိခိုက်မှုကို လျော့နည်းသက်သာစေရန် စပါးအပါအဝင် အခြားသီးနှံများကို ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေများဖြင့် ဝယ်ယူစုဆောင်း အရန်သိုလှောင် ထားရှိမှုကို မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ 

တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာမျိုးစေ့ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးသည့် မြို့နယ်ဦးစီးမှူးရုံးများ၊ ခြံဦးစီမှူးရုံးများတွင် ဝယ်ယူရရှိနိုင်ပါကြောင်း၊ အလားတူ အရည်အသွေးကောင်း ပဲမျိုးစုံသီးနှံမျိုးစေ့များအနေဖြင့် နှစ်စဉ်တင်းပေါင်း ၇၀၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ဆီထွက်သီးနှံအနေဖြင့် တင်း ၃၀၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိရာ ဧက ၄၇၀၀၀ ကျော် ခန့်အတွက် မျိုးလိုအပ်ချက်ကို ဖြည်‌့ဆည်းပေးနိုင်သည့် အခြေအနေရှိပါကြောင်း၊ ထို့ကြောင့် ဌာနပိုင်ခြံများမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်းအပြင် ပုဂ္ဂလိကကဏ္ဍက ပူးပေါင်းပါဝင်လာမှုဖြင့် မျိုးစေ့ထုတ်လုပ်သူများ အစုအဖွဲ့တည်ထောင် ဆောင်ရွက်ခဲ့သည့်အခါ ယခုနှစ် စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ တင်းပေါင်းရှစ်သိန်းကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေရှိပါကြောင်း၊ ဂျပန် International Cooperation Agency (JICA)နဲ့ပူးပေါင်းဆောင်ရွက်တဲ့ Seed Industrial Development Project နယ်သာလန်နိုင်ငံ မျိုးစေ့ဖွံ့ဖြိုးရေးဆိုင်ရာ မျိုးစေ့လုပ်ငန်း၊ ကိုရီးယားနိုင်ငံနှင့် Korea Seed and Variety Service လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဝင်းဝင်း (မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေသွားသည့်အထဲတွင် မျိုးကောင်းမျိုးသန့်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေ သို့သော်လည်း မိမိစုံစမ်းသိရှိရသလောက် မကွေးတိုင်းဒေသကြီးဆိုလျှင် စပါးမျိုးကို ပွင့်ဖြူစိုက်ပျိုးရေးခြံက တတ်နိုင်သမျှ ဖြန့်ဖြူးရောင်းချပေးနေခြင်း၊ နှမ်းမျိုး၊ ဆီထွက်သီးနှံများကို မကွေးစိုက်ပျိုးရေးခြံကနေ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ သို့သော် မေးခွန်းမှာပါသည့်အတိုင်း ပဲမျိုးစုံကို မည်ကဲ့သို့ဖြန့်ဖြူးပေးနေသနည်း၊ ပဲမျိုးစုံနှင့်ပတ်သက်ပြီး မြေပဲမျိုး၊ ကုလားပဲမျိုး၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ စားတော်ပဲစသည့် မျိုးများကို မျိုးကောင်းမျိုးသန့်ရရှိရန်အတွက် အခက်အခဲရှိနေပါကြောင်း၊ ကုလားပဲဆိုလျှင် လက်ရှိတောင်သူများအနေဖြင့် ကုလားပဲများကျဲခြင်း။ အပင်ပွားနှုန်းမရှိခြင်း၊ ထို့ကြောင့် မျိုးကောင်းမျိုးသန့်များ အသစ်လဲရန်အတွက် လိုအပ်လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် ပဲမျိုးစုံကို မျိုးကောင်းမျိုးသန့်များ ရရှိရန်အတွက် တောင်သူများအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်လျှင် ရနိုင်မည်ကို ပြန်လည်ဖြေကြားပေးပါရန် မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ပဲမျိုးစုံနှင့်ပတ်သက်ပြီး ဒေသအလိုက် ဖြစ်ထွန်းအောင်မြင်သည့် ပဲမျိုးများနှင့်စပ်လျဉ်းပြီး ပဲမျိုးစုံထုတ်လုပ်သည့် မျိုးသန့်ခြံများရှိပါကြောင်း၊ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဘက်မှာရှိ စလုတ်ခြံ၊ နောက်တစ်ခါ ပဲခူးတိုင်းဒေသကြီးရှိ ခြံများရှိပါကြောင်း၊ အဓိကအားဖြင့် အားလုံးလုံလောက်အောင် မဖြန့်ဖြူးပေးနိုင်သည့်အတွက် လိုအပ်ချက်ရှိမည်ဆိုလျှင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အနီးရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဆက်သွယ်ရရှိနိုင်သည့် အခြေအနေရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။