ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၀.၂.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့


အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်


(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀  ရက်)


၁။    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၃ )ဦး တက်ရောက်သည်။

၂။    လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
    

(က)    ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
        

(၁)    ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်မှ မေးမြန်းသော ဒက္ခိဏသီရိ အသေးစား နှင့်အလတ်စား စက်မှုဇုံအတွင်း ဖော်ထုတ်ပြီး မြေနေရာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားပါသနည်း၊ စက်မှုဇုန်ဖွံဖြိုးတိုး တက်ရေး စီမံချက်များ မည်ကဲ့သို့ရေးဆွဲထားပါသနည်း၊ အလုပ်အကိုင်အခွင့်အလမ်း များစွာ ဖန်တီးပေးသော အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က လက်ရှိမြေဝယ်ပြီးသော လုပ်ငန်းရှင်များအား စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီမှ အစည်းအဝေးခေါ်ယူ၍ အကြံပြုချက်တောင်းခံပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များအား နေပြည်တော်အသေးစား နှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အထည်ချုပ်လုပ်ငန်းများ၊ အီလက်ထရောနစ်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်းများနှင့် အခြားသစ်အချောထည် လုပ်ငန်းများမှ လာရောက်လျှောက်ထားပါက ဦးစားပေးရောင်းချရန် လျာထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိအနေဖြင့် လုပ်ငန်းရှင်(၉)ဦး၏ လျှောက် လွှာများနှင့်အဆိုပြုလွှာများ လက်ခံစိစစ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
        

(၂)    ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိမဲဆန္ဒနယ်မှ မေးမြန်းသော ဥတ္တရသီရိမြို့နယ်အတွင်း လမ်းမီးခွန်နှင့် သန့်ရှင်းရေးခွန်များ ပါဝင်သောပစ္စည်းခွန်များ ကောက်ခံရာတွင် ပိုင်ရှင်များရှိနေပြီး အဆောက်အဦမရှိသော၊ အဆောက်အဦရှိနေပြီး လူမနေသော၊ အဆောက်အဦဆောက်လက်စ ရပ်ထားသောမြေကွက်များကို အခွန်ပေးဆောင်နေရ သော ပြည်သူများနှင့် မျှတမှုရှိစေရေး၊ ပြည်သူ့ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိစေရေး တို့အတွက် မည်ကဲ့သို့ စည်းကြပ်ကောက်ခံနေပြီး မီးဘေးနှင့် မသမာသူများ ခိုအောင်း နိုင်သောကြောင့် လုံခြုံရေးကိစ္စအတွက် မည်ကဲ့သို့ စီမံခန့်ခွဲနေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က နေထိုင်သူများ  အပေါ်တွင်သာ စည်းကြပ်သည့် အခွန်ဖြစ်သောကြောင့် လူနေထိုင်မှုမရှိသော အဆောက် အဦများ၊ ဆောက်လုပ်ဆဲအဆောက်အဦများအပေါ်တွင် ဝန်ဆောင်ခွန်ကို စည်းကြပ် ကောက်ခံမှု မပြုပါကြောင်းနှင့် မီးဘေးလုံခြုံရေးနှင့်မသမာသူများ ခိုအောင်းမှု မရှိစေ ရေး လှည့်ကင်း၊ ပတ်ကင်းများဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။    
        

(၃)    ဒေါက်တာဦးစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်မှ မေးမြန်းသော ရန်မနိုင်တိုက်နယ်ဆေးရုံ တွင် စံကိုက်ဆေးရုံအဆောက်အဦအား မည်သည့်အချိန်တွင် စတင်ဆောက်လုပ်ပြီး လူနာကုသခြင်းများ ဆောင်ရွက်နိုင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြေနေရာရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၄)    ဦးပါထန်း၊ မတူပီမဲဆန္ဒနယ်မှ မေးမြန်းသော မတူပီမြို့နယ်၊ ဆဘောင်သဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာန အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးလက်ကျန်းမာရေးဌာန အဆင့်သို့ တိုးပေးရန် သတ်မှတ်ချက်နှင့်မညီသောကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသော လက်ရှိ Sub Center ၏ အဆောက်အဦကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၅)    ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်မှ မေးမြန်းသော လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များမှ လျှောက်ထားသည့် သူနာပြု/သားဖွား သင်တန်းသားဦးရေ တိုးမြှင့် တက်ရောက်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါ မြို့နယ်များမှ သူနာပြု/ သားဖွား သင်တန်းသားဦးရေ တိုးမြှင့်တက်ရောက်ခွင့်ပြုရန် လျှောက်ထားလာပါက ၂၀၁၈ ခုနှစ် ရွေးသည့်အထဲတွင် အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၆)    ဦးတိုးသောင်၊ မိုးမိတ်မဲဆန္ဒနယ်မှ မေးမြန်းသော မိုးမိတ်မြို့နယ်တွင် တိုင်းရင်း ဆေးရုံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေးက ရှမ်းပြည်နယ် အစိုးရမှ ချမှတ်ထားသည့် မြေဧက ဝ.၀၉၆ ဧကတွင် လာမည့်ဘတ်ဂျက်၌ တင်ပြ တောင်းခံသွားပြီး ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
    

(ခ)    နည်းဥပဒေ(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပေးပို့သည့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၁၄ ချက်ကို ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအတိုင်း လွှတ်တော်သို့တင်ပြ အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုသည်။
    

(ဂ)    အဆို(၁)ခုဆွေးနွေခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင်မဲဆန္ဒနယ်က တင်သွင်းသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အတွက်လည်းကောင်း၊ ဒေသခံဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရ လုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက် များကို ရေတိုရေရှည်စီမံကိန်းများ ပွင့်လင်းမြင်သာစွာချမှတ်၍ ထိရောက်သော အကောင် အထည်ဖော်ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၁၇)ဦးမှ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ လွှတ်တော်က မှတ်တမ်း တင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
     

၃။    အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ၀၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၁.၂.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။