မိုးမိတ်မြို့နယ်သည် ရှမ်းစော်ဘွားလက်ထက်ကတည်းက တည်ခဲ့တဲ့မြို့ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည့် မြို့လည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားများသည် ရိုးသားကြပြီး ယခုခေတ် ဆေးထိုးရမှာကိုလည်း ကြောက်ရွံ့ကြသူများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ဆေးထိုးရမှာ ကြောက်သည့်အပြင် ငွေကြေးမတတ်နိုင်သည့်အတွက် ဆေးရုံသွားလျှင် အထိုက်အလျောက် ငွေကြေးကုန်ကျခြင်းများ ရှိသည့်အတွက်ကြောင့် မိုးမိတ်မြို့နယ်တွင် ရိုးရာတိုင်းရင်းဆေးပေးခန်း၊ ရိုးရာတိုင်းရင်းဆေးရုံ ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးရုံဆေးကုသခန်းများ တိုးချဲ့ဆောက်လုပ်ရမည်ဆိုပါက ဆောက်လုပ်မည့် မြေနေရာနှင့် ပတ်ဝန်းကျင်၌ အခြားကျန်းမာရေး စောင့်ရှောက်သည့်ဌာနများ တည်ရှိမှုရှိ/မရှိ၊ လူဦးရေသိပ်သည်းမှုရှိ/မရှိ၊ လိုအပ်သည့် မြေဧရိယာရှိမှုရှိ/မရှိ၊ လမ်းပန်းဆက်သွယ် ရေးနှင့် ဝန်ထမ်းများလုံခြုံရေး ကောင်းမှုရှိ/မရှိ၊ နောက်တစ်ချက်က မြန်မာ့တိုင်းရင်းဆေးအား နယ်မြေဒေသခံက မည်မျှယုံကြည်မှုရှိ/မရှိနှင့် ဘတ်ဂျက်ခွင့်ပြုမှုအပေါ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံသုံးသပ်ပြီးမှ ဆောက်သင့်သည့် ဆေးရုံဆောက်ပြီး တိုးသင့်သည့်ဆေးရုံကို တိုးပါကြောင်း၊ လက်ရှိအခြေအနေတွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်တိုင်းရင်းဆေးကုဌာန ၂၀ ခန့်နှင့် တောင်ကြီးတွင် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံ ဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အခုလောလောဆယ် ရှမ်းပြည်နယ်အနေဖြင့် ၂၅ ခုတင်ဆံ့တိုင်းရင်းဆေးရုံ (ကျိုင်းတုံ) နှင့် ၁၆ ခုတင် တိုင်းရင်းဆေးရုံ (ကျေးသီး) တို့ကိုလည်း ဖွဲ့စည်းပုံကျပြီးဖြစ်သည့် အဆောက်အဦ တည်ဆောက်ပြီး ဖြစ်သဖြင့် ဆက်စပ်လုပ်ငန်းများ ပြီးစီးပါက မကြာမီဆေးရုံ စတင်လည်ပတ်တော့မည် ဖြစ်ပါကြောင်း၊ မိမိတို့ မိုးမိတ်မြို့နှင့် ၃၅ မိုင်ဝေးသည့် ရှမ်းပြည်နယ်၊ မဘိမ်းတွင်ရှိပါကြောင်း၊ နောက် မိုးကုတ်မှာလည်း တစ်ခုရှိပါကြောင်း၊ ကျွန်တော့်အနေဖြင့် မိုးမိတ်က မြို့နယ်အဆင့်ပေးလို့မရကြောင်း၊ သို့သော် ခရိုင်အဆင့်ပေးလို့ ရမည်ဖြစ်သော်လည်း လောလောဆယ် ခရိုင်အဆင့်ပေး၍ မရသည့် နေရာများကို မြို့နယ်တိုင်းရင်းဆေးခန်းဆိုပြီး အားလုံးပေါင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုတွင် အားလုံး ၂၁၀ ပေးပါကြောင်း၊ မိုးမိတ်က ခရိုင်အဆင့်ဆေးရုံဆိုလျှင် မြေဧရိယာက လေးဧကဖြင့် အဆောက်အဦ တည်ဆောက်ရန်အတွက် RC နှစ်ထပ်ကို သိန်းပေါင်း ၁၇၉၀ သိန်းကုန်မည်၊ ဝန်ထမ်း ၄၈ ဦးခန့်ရမည်၊ နောက်တစ်ချက်က ဝန်ထမ်းအိမ်ရာအတွက် RC လေးခန်းတွဲ လေးထပ်ကလည်း သိန်းပေါင်း ၄၄၆၀ ဖြစ်သဖြင့် လောလောဆယ် ပိုက်ဆံသိပ်မရှိသည့်အတွက် မလုပ်သေးပါကြောင်း၊ နောက်တစ်ချက် တင်ပြချင်သည်မှာ တိုင်းရင်းဆေးရုံကို ဆောက်ပေးမည်သို့သော် များသောအားဖြင့် Emergency ဖြစ်လျှင် အနောက်ပိုင်းဆေးရုံလာသည့်အတွက် မိုးမိတ်မြို့ကို လူဦးရေ ပြန်ကြည့်သည့်အခါ ၆၃၀၀၀ ရှိသဖြင့် ယခုလောလောဆယ် မိုးမိတ်မြို့နယ်၊ ဟော်နန်းရပ်ကွက်၊ ကွင်း အမှတ် (၁၉)၊ ဗောဓိကုန်းရပ်ကွက်တွင် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုချမှတ်ထားသည့် မြေဧက ဝ.၀၉၆ ဧက၊ ၇၀ ပေ x ၆၀ ပေ နေရာတစ်ခု၊ ၎င်းနေရာကို တိုင်းရင်းဆေးဆရာသုံးဦးနှင့် အခြားဝန်ထမ်းနှစ်ဦး ပါဝင်သည့် မြို့နယ်တိုင်းရင်းဆေးခန်းတစ်ခုကို ဆောက်ရန်အတွက်ကို ယခုနှစ်လာမည့် ဘတ်ဂျက်မှာ ဖြစ်အောင်လုပ်ပေးပါမည်။ ဆေးနှင့်ပတ်သက်၍လည်း ပူစရာမရှိပါကြောင်း၊ အဆောက်အဦ အနေဖြင့်လည်း ဆောက်ပေးမည်ကို ရှင်းလင်းဖြေကြားပါသည်။
