(င)-လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ လျှောက်ထားသည့် သူနာပြု/သားဖွား သင်တန်းသား ဦးရေတိုးမြှင့် တက်ရောက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၀.၂.၂၀၁၈)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သွားလာရေးအင်မတန်မှ ခက်ခဲသည့်ဒေသ ဖြစ်သည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဒေသခံဆရာမများ မရှိသလောက်နည်းပါးပြီး အခြားအရပ်ဒေသများမှ လာရောက်တာဝန်ထမ်းဆောင်သည့်အခါ အချိန်ပြည့်မနေနိုင်ကြပါကြောင်း၊ ပြောင်းရွှေ့သွားသည့် နေရာတွင်လည်း အချိန်မီအစားထိုး မရောက်နိုင်သည့်အခါ ဟာကွက်များ ဖြစ်ပေါ်စေပါကြောင်း၊ အချို့ဝန်ထမ်းများဆိုလျှင် ခန့်စာရရှိပြီး ခက်ခဲသည့်အရပ်ဒေသ ဖြစ်သဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်မှနှုတ်ထွက်သွားသည့် ဝန်ထမ်းများလည်း ရှိပါကြောင်း၊ အထူးသဖြင့် ကျေးလက်ကျန်းမာရေး‌ဌာနခွဲတွင် တာဝန်ထမ်းဆောင်မည့် သွားဖွားဆရာမများသည် ကားလမ်းမပေါက်သည့် ရွာများတွင် သွားလာရမည်ဆိုသည့်အတွက် ဒေသခံဝန်ထမ်းများသာလျှင် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ခြောက်လပိုင်းနှင့် ခုနစ်လပိုင်းအတွင်း နာဂဒေသအတွင်း ဖြစ်ပွားခဲ့သည့် ဝက်သက်ရောဂါ၊ ရာသီတုပ်ကွေးဖျားနာခြင်းကြောင့် လူအမြောက်အမြား သေဆုံးခဲ့သည့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိ သားဖွားဆရာမများကို အလှည့်ကျတစ်နှစ်စီ စေလွှတ်ရန် မဲဖောက်ခဲ့ပါကြောင်း၊ မဲပေါက်သည့် ဆရာမတစ်ဦးသည်လန့်ပြီး သတိမေ့သွားသည်ဆိုသည့် သတင်း လူမှုကွန်ရက်စာမျက်နှာတွင် ပုံနှင့်တကွပျံ့နှံ့ခဲ့သည့်အတွက် ယခုလို ဝန်ထမ်းများ မသွားချင်သည့် အရပ်ဒေသတွင် မိမိတို့ နာဂဒေသပြည်သူများ၏ ဘဝကို စာနာထောက်ထားပြီး ချို့ယွင်းချက်ဖြင့် စဉ်းစားပေးရန် အထူးအခွင့်အရေးတောင်းဆိုခြင်း မဟုတ်ပါကြောင်း၊ ယခင်က ဒေသခံပညာတတ် မရှိသဖြင့် အခွင့်အလမ်းမရှိခဲ့သော်လည်း ယခုဆိုလျှင် ဒေသခံဆယ်တန်းအောင် ဘွဲ့ရလူငယ်များ များစွာရှိနေပြီး အလုပ်လက်မဲ့ဖြစ်နေကြပါကြောင်း၊ ၎င်းလူငယ်များကို မွေးထုတ်ပေးမည်ဆိုပါက ဒေသအတွင်း မပြောင်းမရွှေ့ဘဲ အနာဂတ်တွင် ပြည်သူများ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ခြင်းကြောင့် တိုင်းဒေသကြီးနှင့်‌ပြည်နယ်အတွင်း မြို့နယ် ဒေသအလိုက် သင်တန်းသားဦးရေ သတ်မှတ်ခေါ်ယူသည့်အခါ နာဂဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ သင်တန်းသားများကို ဦးရေတိုးမြှင့်တက်ရောက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တစ်နိုင်ငံလုံးတွင် သူနာပြုကျောင်း၂၅ ကျောင်း၊ သားဖွားကျောင်း ၂၂ ကျောင်းရှိပါကြောင်း၊  သုံးနှစ် ဒီပလိုမာ သူနာပြုပေးပြီး နှစ်နှစ် ဒီပလိုမာသားဖွားပေးပါကြောင်း၊ မိမိတို့ ၂၀၁၇-၁၈ ခုနှစ်တွင် စုစုပေါင်း သူနာပြုသားဖွား ဒီပလိုမာ သုံးနှစ်က ၁၉၃၁ ဦးနှင့် ဘက်စုံသားဖွားနှစ်နှစ်သင်တန်းက ၁၄၇၄ ဦး စုစုပေါင်း ၃၄၀၅ ဦးကို မိမိတို့ စားရင်းသွင်းပြီး သင်တန်းတက်နေပါကြောင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းကို ကြည့်သည့်အခါ တစ်ပြည်လုံးအတိုင်းအတာဖြင့် သူနာပြုသားဖွားများကို ခေါ်သည့်အခါ Regular ရှိပါကြောင်း၊ အထူးဆိုပြီးရှိပါကြောင်း၊ အထူးဆိုသည်မှာ ကျန်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်လည်းမပြိုင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကအစိုးရ Propose လုပ်သည်ဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်က တင်ပြသည်ကိုသာ မိမိတို့စဉ်းစားပါမည်။ စဉ်းစားသည့်အခါတွင် စစ်ကိုင်းတိုင်းအနေနှင့် သူနာပြုသားဖွားကျောင်း နှစ်ကျောင်းရှိပါကြောင်း၊ မုံရွာနှင့် ကလေးတွင်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် စုစုပေါင်းအထူးအနေဖြင့် သူနာပြုတက်ခွင့်က ၄၇ ယောက်ရပြီး သားဖွားက ၂၁ ယောက်ရပါကြောင်း၊ Regular တက်ခွင့်ရသည်မှာ သူနာပြု ၉၈ ဦးနှင့် သားဖွား ၁၀၉ ဦးတက်၍ ရပါကြောင်း၊ ယခု တစ်ပြည်လုံး ပြင်ဆင်ထားသည့်တစ်ချက် အခုချိန်အထိ ထုတ်ပြီးသော သုံးနှစ်ဒီပလိုမာပေါင်းက ၃၃၃၃၃ ဦးရှိပါကြောင်း၊ နောက် BNSC (Bachelor of Nursing Science  Regular Course) ကလည်း ၄၁၂၆ ယောက် စုစုပေါင်း ၃၇၄၅၉ ဦး ထုတ်ပြီးပါကြောင်း၊ သို့သော်လည်း ထုတ်သည့်လူများက အကုန်လုံးအစိုးရအလုပ်ကို မဝင်ပါကြောင်း၊ မိမိတင်ပြချင်သည်မှာ သုံးနှစ်၊ နှစ်နှစ်သင်တန်းများ အစိုးရကတစ်လကို သုံးသောင်း   ပိုက်ဆံပေးပါကြောင်း၊ အမှန်ကတက်သည့်လူများသည် ကျင့်ဝတ်အရ အနည်းဆုံးသုံးနှစ် ပြန်လုပ်ရမည်။ အများကြီးလုပ်ရန်လည်း မလိုပါကြောင်း၊ မိမိအနေဖြင့် တင်ပြချင်သည်မှာ သူနာပြု/သားဖွားများ ဘက်ကလည်း နိုင်ငံ၏လိုအပ်ချက်အရ ပြန်တက်သင့်ပါကြောင်း၊ ထို့အပြင် တစ်ပြည်လုံးအတိုင်းအတာနှင့် လိုသည့်အတွက်က သားဖွား/သူနာပြုလောင်း အသစ်များအတွက် ရွှေဘို၊ မြောင်းမြ၊ ပုသိမ်တို့တွင် ဖွင့်ရန်လည်း အစီအစဉ်ရှိပါကြောင်း၊ အရင်နှစ်ထက်စာလျှင် နှစ်ဆနီးပါးကို တက်လာပါပြီ။ အရင်တုန်းက ၁၈၀၀ ကျော်ရသည့် နေရာကနေ အခုလာမည့် ၂၀၁၈ ခုနှစ်တွင် အားလုံး ၃၆၀၁ ယောက် တက်လာမည်ဖြစ်ပါကြောင်း၊ မကြာခင်အချိန်အတွင်း သူနာပြု/သားဖွား ကိစ္စနှင့်ပတ်သက်ပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် အထူးကိစ္စရပ်အနေဖြင့် ပိုမိုတင်ပေးပါဟု ရှင်းလင်းဖြေကြားပါသည်။