ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၉.၂.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့


အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်


(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉  ရက်)

 

၁။    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၁ )ဦး တက်ရောက်သည်။ 

၂။    လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

(က)    ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

 

(၁)    ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ မေးမြန်းသော သစ်သားတံတားများနှင့်ဘေလီသစ် သားတံတားများ၌ အသုံးပြုသစ်များနေရာတွင် hollow လေးထောင့်သံပိုက်များဖြင့် အစားထိုးဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားအရွယ်အစား၊ ယာဉ်သွားလာမှု အပေါ်မူတည်၍ စိစစ်အသုံးပြုလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၂)    ဦးအောင်စိုး၊ ယင်းမာပင်မဲဆန္ဒနယ်မှ မေးမြန်းသော ယင်းမာပင်မြို့နယ်၊ ဆင်စွယ် ကျေးရွာ၊ တောင်မ - ရိုးချောင်းကူးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။    
        

(၃)    ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ်မှ မေးမြန်းသော လှိုင်သာယာမြို့နယ်အတွင်း အဓိကလမ်းမကြီးများသည် ပျက်စီးနေပါသဖြင့် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါလမ်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တာဝန်ပေးအပ်ပြီး အလျင်အမြန် ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၄)    ဦးခင်မောင်စိုး၊ ဝမ်းတွင်းမဲဆန္ဒနယ်မှ မေးမြန်းသော ပင်းတလဲ - မိတ္ထီလာကားလမ်း ပေါ်ရှိ ပျက်စီးနေသော သင်ပုန်းချောင်းရေကျော်ကို ပြန်လည်ပြုပြင်ပေးရန်နှင့်ရေကျော် လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့သော တာဝန်ရှိသူများအား မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်ရေကျော်ပျက်စီးမှုနှင့်ပတ်သက်၍ ယခင်တာဝန်ယူဆောင်ရွက်ခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ခရိုင်/မြို့နယ် တာဝန်ရှိသူများအား စိစစ်အရေးယူဆောင်ရွက်သွားရန် အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၅)    ဦးအောင်ကျော်ဇံ၊ ပေါက်တောမဲဆန္ဒနယ်မှ မေးမြန်းသော ပေါက်တောမြို့နယ်၊ မြေငူကျွန်းပင်လယ်ဘက်ခြမ်းရှိ သဲခုံ -ဆံတော်ရှင်မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းတွင်မပြီးမပြတ် ကျန်ရှိနေခဲ့သောအပိုင်းနှင့်စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း စိစစ်ဖော်ထုတ်ပေးပါရန်နှင့်ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ရိုးမမြေကုမ္ပဏီသည် စာချုပ်ပါစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထိရောက်စွာအရေးယူ သင့်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ယခင်တာဝန်ယူဆောင်ရွက်ခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနသို့ အကြောင်းကြား ထားပြီးဖြစ်ပါကြောင်းနှင့် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ပြန်လည်ပြင်ဆင် တည်ဆောက်ပေးနိုင်ရေးအတွက် မြေပြင်တွင်စစ်ဆေးလေ့လာ၍ အမြန်ဆုံးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။
        

(၆)    ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်မှ မေးမြန်းသော ဒိုက်ဦးမြို့နယ်၊ ကတုတ် ရွာမကျေးရွာမှ ဘောနီကျေးရွာသို့သွားသော ကျေးရွာချင်းဆက်လမ်းအရှည် (၈)မိုင်မှ ကျန်ရှိနေသော (၆)မိုင်အား ကျောက်ချောလမ်းအဖြစ်ခင်းပေးရန်  အစီအစဉ်ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ကျန်ရှိနေသော လမ်းပိုင်းများအားရန်ပုံငွေ ဆက်လက်လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း


သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တင်သွင်းသည့် ပေါက် ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် ၂၄ ချက်ကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း လွှတ်တော်သို့ တင်ပြအဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုသည်။
     

၃။    အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၀၅ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၀.၂.၂၀၁၈ ရက် (အင်္ဂါနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။