နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာငယ်မှအစ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း လမ်းကောင်းအများကြီး လိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် လမ်းတံတားများကို စီမံချက်များရေးဆွဲပြီး ဆောင်ရွက်နေသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေရပါကြောင်း၊ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုနှင့်ဖွဲ့စည်းပြီး ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် တည်ဆောက် ခဲ့ပါကြောင်း၊ မြို့နယ်၏ ဧရိယာအကျယ်အဝန်း ၄၉၇.၀၃ စတုရန်းမိုင်ရှိပြီး တောင်နှင့်မြောက် ၂၅ မိုင်ခန့် ကွာဝေးပြီး အရှေ့နှင့်အနောက် မိုင် ၃၀ ခန့်ကွာဝေးပါကြောင်း၊ လက်ရှိ ဒိုက်ဦးမြို့၏ တောင်ဘက် ၉ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် ၇၆ တွင် တည်ရှိပါကြောင်း၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာမှ ဘောနီကျေးရွာအထိ ဘောနီဆည်ကိုသွားသော လမ်းမကြီးလည်းဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးကို န.ဝ.တ၊ န.ယ.ဖ အစိုးရလက်ထက်ကတည်းက စတင်ဖောက်လုပ်ခဲ့ပြီး ၆၉ စကျင်ကျောက်များဖြင့် ခင်းထားပြီး အမာခံရထားသော လမ်းမကြီး ဖြစ်သဖြင့် လမ်းသစ်နှင့်လမ်းဟောင်းကို ဆက်သွယ်ထားသော လမ်းမကြီးလည်း ဖြစ်ပါကြောင်း၊ ထိုလမ်းမကြီးတစ်လျှောက်တွင် ကတုတ်ရွာမကျေးရွာ၊ ပျဉ်းမလွင်ကျေးရွာ၊ ဥဒေါင်းစုကျေးရွာ၊ တညင်တပင်ကျေးရွာ၊ ဗျိုင်းခြေကျေးရွာများနှင့် ပျဉ်တောင်းတွင်းကျေးရွာ၊ ဘောနီကျေးရွာများလည်း ရှိပါကြောင်း၊ ထို့အတူ ၎င်းကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် လမ်းကြမ်းကြမ်းကို နှစ်ပေါင်းများစွာ ခါးစည်းရင်ဆိုင်ခဲ့ရသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ထိုလမ်းကို ကျောက်ချောလမ်းအဖြစ် ၂ မိုင်သာခင်းပေး နိုင်ခဲ့ပါကြောင်း၊ လမ်းအရှည် ၈ မိုင်ကျော်ရှိသည့်အနက် ၂ မိုင်သာခင်းပေးသောကြောင့် တောမရောက်၊ တောင်မရောက် လမ်းဖြစ်နေခဲ့သော်လည်း ကျန်ရှိ ၆ မိုင်ကို ခင်းပေးမည်ဆိုပါက ကုန်စည်ထုတ်လုပ်မှု၊ စီးဆင်းမှု ကောင်းမွန်ပြီး လူမှုကိစ္စအဝဝအဆင်ပြေပြီး ဆက်သွယ်ရေးလမ်းကောင်းမည် ဖြစ်ပါသောကြောင့် နှစ်ရှည်လများ လမ်း၏ဆိုးကျိုးကို ခါးစည်းခံခဲ့ရသော ဒေသခံမဲဆန္ဒရှင် ပြည်သူများ၏ကိုယ်စား သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်းပါသည်။
ကတုတ်ရွာမမှ ဘောနီကျေးရွာချင်းဆက် လမ်းအရှည် (၉) မိုင်သည် ရန်ကုန်-မန္တလေး (လမ်းဟောင်း) နှင့် ဆက်သွယ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိအခြေအနေမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ရှိုင်းထက်ဇော်ကုမ္ပဏီမှ ကျောက်ခင်းလမ်း ၂ မိုင် ဆောင်ရွက်ခဲ့ပြီး မြေသားလမ်း ၇ မိုင်ကျန်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းမှ ကျန်ရှိသည့် ၇ မိုင်အနက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၁ မိုင် ၅ ဖာလုံနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၄.၄ ဖာလုံ စုစုပေါင်း ၂ မိုင် ၁.၄ ဖာလုံ ဆောင်ရွက်ရန် လျာထားတင်ပြထားပြီး ဖြစ်ပါကြောင်း၊
ဒိုက်ဦးမြို့နယ်အတွင်းရှိ ကတုတ်ရွာမမှ ဘောနီကျေးရွာချင်းဆက် လမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) တွင် ပါဝင်ပါသဖြင့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီ ကျန်ရှိနေသည့် လမ်းပိုင်းများအား ရန်ပုံငွေဆက်လက် လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
