(င)-ပေါက်တောမြို့နယ်၊ မြေငူကျွန်းပင်လယ်ဘက်ခြမ်းရှိ သဲခုံ-ဆံတော်ရှင် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းတွင် မပြီးမပြတ်ကျန်ရှိနေခဲ့သော အပိုင်းနှင့်စပ်လျဉ်း၍ ထိရောက်စွာ အရေးယူဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၉.၂.၂၀၁၈)

ပေါက်တောမြို့နယ်၊ မြေငူကျွန်းပင်လယ်ဘက်ခြမ်းရှိ သဲခုံ-ဆံတော်ရှင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းတွင် မပြီးမပြတ်ကျန်ရှိနေခဲ့သော အပိုင်းနှင့်စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်/ အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း စိစစ်ဖော်ထုတ်ပေးပါရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ကျွန်တော်မိမိမေးမြန်းသည့် ရည်ရွယ်ချက်ထဲတွင် အချက် (၃) ချက် ရှိပါကြောင်း၊ ပထမရည်ရွယ်ချက်က တာဝန်မကျေသည့် ပုဂ္ဂိုလ်များကိုထိရောက်စွာ အရေးယူရန်ဆိုသည့်ဥစ္စာ Letterhead ထဲတွင် ပါပြီးဖြစ်ပါကြောင်း၊ ဒုတိယရည်ရွယ်ချက်က မပြီးစီးသေးသည့်အပိုင်းကို ပြီးစီးအောင်လုပ်ပေးရန် ဆိုသည့်ပိုင်းပါပါကြောင်း၊ တတိယအချက်က ပင်လယ်နားနီးပြီး မိုးကြီးသောဒေသ ဖြစ်သည့်တွက် တစ်ဆင့်မြှင့်ပြီးလျှင် ကျောက်ချောလမ်း လုပ်ပေးရန်ဆိုသည့်အချက် (၃) ချက် ပါပါကြောင်း၊ မိမိ တင်ပြပါလမ်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ခုနပြောသည့်အတိုင်း သန်းပေါင်း ၁၈၃၂ သန်းနှင့် ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုကို လမ်းအပိုင်းအလိုက် ရွေးချယ်တာဝန်ပေးခဲ့ပါကြောင်း၊ ၎င်းလမ်းများတွင် အကျယ်အားဖြင့် ၁၈ ပေ၊ အမြင့်က ၂ ပေ၊ အရှည် (အဖြောင့်) က ၂၂ မိုင် ၇ ဖာလုံနှင့် ကန့်လန့်ဖြတ်က ၃ မိုင် အားလုံးပေါင်း ၂၅ မိုင် ၇ ဖာလုံရှိပါကြောင်း၊ ထိုလမ်းကို ခင်းသည့်နေရာတွင် Estimate ပါအတိုင်း ၁ ပေ ခင်းပြီးတိုင်း Roller ကြိတ်ခြင်း၊ ရေဖြန်းမည် စသည်အားဖြင့် လုပ်ရမည့် ကိစ္စများကို တစ်ကြိမ်မှမလုပ်ခဲ့ပါကြောင်း၊ Roller ကြိတ်ရန် Roller သည် မြေငူကျွန်းခေါ် ကျွန်းပေါ်ကို ရောက်မလာခဲ့ပါကြောင်း၊ ထို့ကြောင့် ဖြစ်ချင်တိုင်းဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊

ဦးသန်းနိုင်နှင့် မိသားစုကုမ္ပဏီက Culvert များ၊ RC တံတားများပါဝင်ပါကြောင်း၊ ရိုးမမြေကုမ္ပဏီက လုပ်သည့်အပိုင်းက တော်တော်လေးဆိုးရွားပြီး အများဆုံးဘန်ကာပျက်ခြင်း ဖြစ်ပါကြောင်း၊ ဘုရားကုန်းပေါ်ကိုတက်ရာတွင် ချုံနွယ်ကလည်း ပိတ်မှောင်နေသည့်အတွက် ဘုရားဖူးပုဂ္ဂိုလ်များ အခက်အခဲများစွာရှိပါကြောင်း၊ အဆိုပါလမ်းမှာ ပေါက်တောမြို့နယ်အတွင်း ကျရောက်သော်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် နီးကပ်စွာတည်ရှိသည့်အတွက် ကုလားတန်မြစ်ဝကို ဖြတ်၍ ရေယာဉ်ဖြင့် နာရီဝက်ခန့်သွားလျှင် ရောက်ပါကြောင်း၊ လိုင်းအစပိုင်း သဲခုံကနေအဆုံပိုင်း ဆံတော်ရှင်စေတီတော်အထိ ရောက်ပါကြောင်း၊ ရခိုင်ပြည်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ သိန်းချီပြီး လာရောက်သည့်အတွက် အလွန်စည်ကားသဖြင့် တစ်ဖက်မှကြည့်လျှင် ကမ်းခြေတွင်ရှိသည့် အုန်းတောများနှင့် ပင်လယ်ပြင်တို့သည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် အင်မတန် အခွင့်အရေးသာသည့် နေရာဖြစ်ပါကြောင်း၊ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ ရေထွက်ပစ္စည်းတင်ပို့ရောင်းချရေးအတွက် ၎င်းလမ်းကို မပြီးမပြတ်ကျန်ရှိနေခဲ့သော အပိုင်းနှင့်စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း စိစစ်ဖော်ထုတ်ပေးပါရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပေါက်တောမြို့နယ်၊ မြေငူကျွန်း ပင်လယ်ဘက်ခြမ်းရှိ သဲခုံ-ဆံတော်ရှင်မြေသားလမ်းအရှည် ၂၂ မိုင် ၇ ဖာလုံသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (မွမ်းမံ) ရန်ပုံငွေနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေနှစ်ရပ်ပေါင်းပြီး သန်းနိုင်မိသားစုကုမ္ပဏီနှင့် ရိုးမမြေကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအနက် ရိုးမမြေကုမ္ပဏီမှ သဲခုံ-ဆံတော်ရှင်လမ်းပေါ်ရှိ (၁၀၀ ပေ x ၁၄ ပေ) သံကူကွန်ကရစ် တံတားတစ်စင်း၊ (၆၀ ပေ x ၁၄ ပေ) သံကူကွန်ကရစ် တံတားနှစ်စင်း၊ (၃၀ ပေ x ၁၄ ပေ) သံကူကွန်ကရစ်တံတား တစ်စင်းနှင့် Box Culvert  (၃၇) စင်းတို့အား ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း သိရှိရသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစိစစ်ခဲ့ပြီး စိစစ်ချက်များနှင့်အတူ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးဌာနမှတစ်ဆင့် ၃-၂-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ် သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇) သို့ တင်ပြ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ရိုးမမြေကုမ္ပဏီအား ခေါ်ယူတွေ့ဆုံပြီး လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပြီးဖြစ်ပါကြောင်း၊

ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးဆောင်သောအဖွဲ့ဝင် လေးဦးပါ ကွင်းဆင်း စစ်ဆေးရေး အဖွဲ့သည် ၁၀-၂-၁၈ ရက်နေ့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ ရိုးမမြေကုမ္ပဏီသည် လုပ်ငန်းများပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် စာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကုမ္ပဏီအား ထိရောက်စွာ အရေးယူသင့်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ယခင်တာဝန်ယူ ဆောင်ရွက်ခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ကို အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို ၁-၉-၂၀၁၇ ရက်နေ့မှစ၍ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သဲခုံ-ဆံတော်ရှင်မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ပြန်လည်ပြင်ဆင် တည်ဆောက်ပေးနိုင်ရေးအတွက် မြေပြင်တွင် စစ်ဆေးလေ့လာ၍ အမြန်ဆုံးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။