ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာ၊ မိတ္ထီလာနှင့်ဆက်သွယ်ထား ကတ္တရာလမ်းပေါ်တွင် သင်ပုန်းချောင်းရှိပါကြောင်း၊ လမ်းခရီးသွားလာရေး လွယ်ကူစေရန်အတွက် သင်ပုန်းချောင်းကို ဖြတ်ကျော်လာနိုင်အောင် ကွန်ကရစ်ရေကျော်ကို မြို့နယ်စည်ပင်သာယာနှင့် အလှူရှင်များက စတင်ပြီး တည်ဆောက်ခဲ့ပါကြောင်း၊ ၎င်းရေကျော်ပျက်စီး သွားသည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာငွေမှ ကျပ်သန်း ၂၁.၂၉၃ သန်းဖြင့် မြို့နယ်ကျေးလက် ဦးစီးဌာနမှ တာဝန်ယူပြုပြင်ခဲ့ပါကြောင်း၊ ယခုလိုပြုပြင်ပြီး တစ်နှစ်အတွင်း ပျက်စီးသွားသည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တိုင်းရန်ပုံငွေဘတ်ဂျက်မှ သန်း ၂၀ ဖြင့် ခရိုင်ကျေးလက်ဦးစီးဌာနကနေ ဆက်လက်ပြီး တာဝန်ယူပြုပြင်ခဲ့ပါကြောင်း၊ ပြုပြင်သည့်အခါမှာလည်း တစ်နှစ်အတွင်း ပြန်လည်ပြီး ပျက်စီးသွားပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံပြီး သွားရေးလာရေး လွယ်ကူစေရန် ရေကျော်လုပ်ငန်းကို ပြုပြင်ပေးခဲ့သော်လည်း ခိုင်ခန့်မှုမရှိဘဲ တည်ဆောက်ခြင်း များသည် တစ်နှစ်အတွင်း ထပ်မံပျက်စီးသည့်အတွက် ရေကျော် တည်ဆောက်ရေးကို လုပ်ကိုင်သည့် ကျေးလက်ဦးစီးဌာနများ တာဝန်ယူရန်လိုအပ်မည်ဟု ယူဆမိပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်မှ ၄၁၃ သိန်းခန့်သည် အဟောသိကံ ဖြစ်ခဲ့ရသည့် အနေအထားဖြစ်နေပါကြောင်း၊ ရေကျော်တည်ဆောက်သည့် နေရာတွင် အောက်မှာကျောက်များနှင့် ကွန်ကရစ်ဖြင့် စီသည့်နေရာတွင် အပြည့်မစီဘဲ ခိုထားသည်ဟု ယူဆမိပါကြောင်း၊ ဆောက်လုပ်သည့် နေရာတွင်လည်း သဲများ ထည့်သည့်အတွက် လှိုက်စားပြီး ပြတ်ကျသည့် နေရာတွင် လှိုင်ခေါင်းများဖြစ်သည့် အနေအထားကို ကြည့်ခြင်းအားဖြင့် သိသာလျက်ရှိပါကြောင်း၊ အောက်တွင်ကျောက်အပြည့်စီ ထားခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပင်းတလဲ-မိတ္ထီလာကားပေါ်ရှိ ပျက်စီးနေသည့် သင်ပုန်းချောင်းရေကျော်ကို ပြန်လည်ပြုပြင်ပေးရန်နှင့် ရေကျော်လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့သော ခရိုင်/မြို့နယ်/ကျေးလက် ဦးစီးဌာနမှ တာဝန်ရှိသူများကို မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဝမ်းတွင်းမြို့နယ် တောင်ဆည်ကျေးရွာ အုပ်စုအတွင်းရှိ သင်ပုန်းချောင်းရေကျော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် သဖန်း-ပင်းတလဲ လမ်းပေါ်တွင်တည်ရှိပြီး ၎င်းရေကျော်တွင်လွန်ခဲ့သော နှစ်ပေါင်းများစွာက ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့သည့် ရေကျော်ဖြစ်ပါကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် သင်ပုန်းချောင်းရေကျော် ပျက်စီးခြင်းများကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေ ဖြင့်လည်းကောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့်လည်းကောင်း ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ကမ်းပါးများပြိုကျသဖြင့် ပြန်လည်ပျက်စီးခဲ့ပါကြောင်း၊
သင်ပုန်းချောင်းရေကျော်အား ရေရှည်တွင် အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပြန်လည် ကောင်းမွန်စေရန် မြေသားစမ်းသပ်ခြင်းနှင့် ရေစီးကြောင်းပိုင်းဆိုင်ရာ (Hydrological Data) များကို အချက်အလက်ပြုစု တိုင်းတာပြီး ကွင်းဆင်းစစ်ဆေး၍ ကောင်းမွန် Design ပုံစံထုတ်ယူ တွက်ချက်စေပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ရေကျော်ပျက်စီးမှုနှင့် ပတ်သက်ပြီး ယခင်တာဝန်ယူ ဆောင်ရွက်ခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ သက်ဆိုင်ရာခရိုင်/မြို့နယ် တာဝန်ရှိသူများအား စိစစ်အရေးယူ ဆောင်ရွက်သွားရန်အတွက် အကြောင်းကြား စာများပေးပို့ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးခင်မောင်စိုး(ဝမ်းတွင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသည်ဆိုလျှင် သင်ပုန်းချောင်းမှာပဲ မိတ္ထီလာနှင့် မလှိုင်ဘက်က အရင်ဖြတ်ရပါကြောင်း၊ ၎င်းရေကျော်ကျ တစ်ကြိမ်တစ်ခါမှ ပျက်စီးခြင်း မရှိပါကြောင်း၊ မိမိတို့ ဝမ်းတွင်း မြို့နယ်ကျမှ သဘာဝဘေးအန္တရာယ်ဟုပြောလျှင် ၎င်းကိစ္စနှင့်ပတ်သက်၍ မိမိစိတ်ထဲတွင် မရှင်းလင်းပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စလေးကို ပြန်လည်ဖြေကြားပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ရေကျော်လုပ်သည်ဆိုလျှင် ခုနက Design မှာက Upstream ရေလာရာဘက်ကို ဆင်ခြေလျှောလေး ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊ တစ်ဖက်ဘက်ရေပြန်ကျော်သွားမည့် နေရာရောက်ပါက ဂရုမစိုက်တော့ဘဲ ဒီတိုင်းကြီးအကျော်ခံလိုက်သည့်အချိန်တွင် Backward ပိတ်ပြီး အောက်ထဲကို ကလိုင်ကြီးဖြစ်ပြီး ပျက်စီးသွားသည့်အတွက် ဝန်ကြီးဌာနက လုပ်ခြင်းမဟုတ်သော်လည်း Design မှားယွင်းခြင်း ဖြစ်ပါကြောင်း၊ မိတ္ထီလာ၊ မလှိုင်ကြားထဲက မပျက်စီးဘူးဆိုသည့် နမူနာ ပေးထားခြင်းကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာတွင် Upstream နှင့် Downstream မျှပြီး ခေါ်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ခြင်းကြောင့် ယခုလိုဖြစ်စဉ်များကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို အကြောင်းကြားစာပေးပို့ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
