(ခ)-ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာ၊ တောင်မ-ရိုးချောင်းကူးတံတားကို သံကူကွန်ကရစ်တံတား အဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၉.၂.၂၀၁၈)

တောင်မ-ရိုးချောင်းကူးတံတားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာအုပ်စုတွင်ရှိသည့် ဆင်စွယ်တောင်ရွာနှင့် ဆင်စွယ်အလယ်ရွာကြား တောင်မ-ရိုးချောင်းပေါ် တည်ဆောက်ထားသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ အလောင်းတော်ကဿဖကို ဘုရားဖူးများအနေဖြင့် ယင်းမာပင်-လယ်ငေါက်လမ်းအတိုင်း သွားမည်ဆိုပါက ဆင်စွယ်ရွာရှိ တောင်မ-ရိုးချောင်းတံတားကို ဖြတ်သန်းသွားလာရသည့်အတွက် အလောင်းတော်ကဿဖသွားသည့် ပင်မလမ်းမပေါ်ရှိ တံတားကြီးတစ်စင်းလည်း ဖြစ်ပါကြောင်း၊ တောင်မ-ရိုးချောင်းကူးတံတားကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က ဆင်စွယ်ချောင်းဆရာတော် ဘဒ္ဒန္တတေဇသာရ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးကိုယ်တိုင် ဦးစီးတည်ဆောက်ခဲ့သည်မှာ အလျား ၇၀ ပေ အနံ ၁၄ ပေ အမြင့် ၁၄ ပေနှင့် တည်ဆောက်ထားသည့် သစ်သားတံတား အမျိုးအစား တံတားတစ်စင်း ဖြစ်ပါကြောင်း၊ ယခုအခါ ၎င်းတံတားကြီးသည် ကြမ်းခင်းသစ်သားများ ဆွေးမြည့်ပျက်စီးပြီး ကမ်းကပ်ခုံများလည်း အမှန်တကယ် ယိုယွင်းနေပြီဖြစ်ပါသဖြင့် တံတား ကြီးအခြေအနေနှင့် ပတ်သက်၍ လွှတ်တော်မှတစ်ဆင့် တင်ပြထားသည့် အမှုတွဲတွင် ဖော်ပြထားသည့် ဓာတ်ပုံများကို ကြည့်မည်ဆိုလျှင် အလျင်အမြန် ပြန်လည်တည်ဆောက်သင့်ကြောင်း သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ တံတားကြီးအနီး ဆင်စွယ်ကျေးရွာ၏ အထက်တန်းကျောင်းကြီးလည်း တည်ရှိသည့်အတွက် အဆိုပါ တံတားပျက်စီးနေသည့်အပေါ်မှ အလောင်းတော်ကဿဖဘုရားဖူးကားများ၊ ဒေသခံပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များ၊ နွားလှည်းများနှင့် ကျောင်းသား/သူများ နေ့စဉ်နှင့်အမျှ အမြဲဖြတ်သန်း သွားလာနေရသည့်အတွက် စိုးရိမ်ရသည့်အန္တရာယ် ရှိပါသောကြောင့် ယင်းမာပင်မြို့နယ် ဆင်စွယ်ကျေးရွာ၊ တောင်မ-ရိုးချောင်းကူးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာ တောင်မ-ရိုးချောင်းကူးတံတားသည် မုံရွာ-ပုသိမ်-ဂန့်ဂေါလမ်းမကြီးနှင့် ဆက်သွယ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော ရင်ပေါင်တိုင်-ဆင်စွယ် လမ်းမပေါ်တွင် တည်ရှိ၍ ဆင်စွယ်တောင်ရွာနှင့် မြောက်ရွာကို ဆက်သွယ်ထားသည့်တံတားဖြစ်ပါတယ်။ တံတား၏လက်ရှိ အခြေအနေမှာ အုတ်ခုံခံသစ်သားတံတားဖြစ်ပြီးတော့ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင်‌့တင် တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

တောင်မ-ရိုးချောင်းကူးသံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည်‌့သွင်းလျာထား သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွဲဝေ ရရှိမူအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။