(က)-သစ်သားတံတားများနှင့် ဘေလီသစ်သားတံတားများ၌ အသုံးပြုသစ်များနေရာတွင် hollow လေးထောင့် သံပိုက်များဖြင့် အစားထိုးဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၉.၂.၂၀၁၈)

လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန်အတွက် လုပ်ငန်းတန်ဖိုးကြီးမားသော သံကူကွန်ကရစ် တံတားများမတည်ဆောက်နိုင်မီ သစ်သားတံတားများ၊ ဘေလီသစ်သားတံတားများနှင့် ယာယီနှစ် အပိုင်းအခြားအတွက်ဖြစ်စေ၊ ကာလအတန်ကြာအတွက်ဖြစ်စေ ဆောက်လုပ်သုံးစွဲနေကြရဆဲဖြစ် သည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိအခြေအနေတွင် သစ်တော၊ သစ်ပင်များနည်းပါးလာခြင်းနှင့် သက်တမ်းရင့်သစ်ပင်များမရှိသလောက် ရှားပါးလာခြင်းစသည့်အခြေအနေများကြောင့် ရရာသစ်များ၊ သက်တမ်းနုသစ်များကို အသုံးပြုနေရသည့်အတွက် တံတား၏ခံနိုင်ဝန်နှင့်အရည်အသွေးများ နိမ့်ကျ လာသောကြောင့် တံတားများတည်ဆောက်ပြီး မကြာမီလေလွင့်ပျက်စီးမှုများဖြစ်လာပြီး မကြာခဏ ပြန်လည်ပြင်ဆင်နေရသည့်အတွက် နိုင်ငံတော်အတွက်နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေရသည်ကို လည်း တွေ့ရှိရပါကြောင်း၊ သစ်ကိုမသုံးမဖြစ်သုံးစွဲနေရတာဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်ပျက်စီး ပျောက်ဆုံးလာမှု၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်လာစေမှု၊ ဂေဟစနစ်ပျက်ယွင်းလာစေမှု စသည့်အကျိုးဆက်များနှင့် နိုင်ငံခြားဝင်ငွေရရှိမှုလျော့နည်းကျဆင်းလာစေမှုစသော ရလဒ်များရရှိလာ နိုင်မည် ဖြစ်ပါကြောင်း၊

ယခုကဲ့သို့သစ်များကိုအသုံးပြုရာတွင် အကြမ်းခံ၊ ရေရှည်ခံသော hollow လေးထောင့်သံပိုက်များဖြင့် အစားထိုးဆောင်ရွက်မည်ဆိုပါက ရရှိလာနိုင်မည့်အကျိုးရလဒ်အနေဖြင့် လေ့လာကြည့်ရာတွင် မိမိတို့ မြို့နယ်က န.တ.လ ရန်ပုံငွေဖြင့် သစ်အစားထိုးသံပိုက်တံတား တည်ဆောက်ဆောင်ရွက်ထားမှု အခြေအနေနှင့် နှိုင်းယှဉ်တင်ပြလိုပါကြောင်း၊ ၁၀ ပေအရှည်၊ ၁၆ ပေအကျယ် တံတားတစ်စင်း ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အဓိကတံတားအပေါ်ထည်ပိုင်းဖြစ်သော ယက်မ၊ အခင်း၊ ဘီးလမ်း၊ လက်ရမ်းတန်း၊ လက်ရမ်းတိုင်နှင့် လက်ရမ်းထောက်တိုင်တို့အတွက် ကုန်ကျစရိတ်အနေအထားကို လေ့လာကြည့်ရာတွင် မိမိတို့ဒေသဈေးနှုန်းအရ အကြမ်းတွက်ချက်ကြည့်သည့်အခါ ၁၆ ပေအကျယ် တံတားတစ်စင်းအတွက် တစ်ပေကုန်ကျစရိတ် တောသစ်ဖြင့် ကျပ်တစ်သိန်းကျော်၊ ပျဉ်းကတိုးသစ်ဖြင့် ၁.၇ သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး‌  hollow သံပိုက်ဖြင့်  ၂.၂ သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိသစ်များသည် သက်တမ်းနုသည့်အတွက် တည်ဆောက်ပြီး လပိုင်းအတွင်းလေလွင့်ပျက်စီးမှု အကြိမ်ကြိမ်ပြုပြင်ရသည့် အခြေအနေရှိပြီး hollow သံပိုက်တံတားက လေးနှစ်၊ ငါးနှစ်ခန့် ကြာသည် အထိ ခိုင်ခံ့ကောင်းမွန်နေပါကြောင်း၊ ထိုကဲ့သို့အစားထိုးဆောင်ရွက်ခြင်းအားဖြင့် ရေရှည်ခိုင်ခံ့မှုရရှိ လာခြင်း၊ လက်ရှိဆောင်ရွက်ထားသောတံတားကို ကွန်ကရစ်အဆင်‌့မြှင့်မည်ဆိုပါက အသုံးပြုထား သော Hollow ဖရိန်များကို လိုအပ်သည့်တံတားသစ်များတွင် ပြောင်းရွှေ့အသုံးပြုနိုင်ခြင်းစသော နိုင်ငံတော်၏အသုံးစရိတ်ခြိုးခြံခြွေတာရာရောက်ပြီး အကျိုးရှိနိုင်ခြင်း၊ ၁၀ ပေအရှည် သစ်သားတံတား တစ်စင်း၏ အပေါ်ထည်သစ်သားလိုအပ်ချက်သည် သစ်ပမာဏနှစ်တန်ကျော်ကျော်ကုန်ကျမည်ဖြစ် သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ သစ်သားတံတားပေါင်းများစွာအတွက်လိုအပ်မည့် သစ် ပမာဏ များစွာပျောက်ဆုံးနိုင်သည့်အတွက် သစ်ပင်များထိန်းသိမ်းထားနိုင်လာခြင်း၊ သစ်များကို နိုင်ငံခြားဝင်ငွေ အစားထိုးရှာဖွေပေးလာနိုင်ခြင်း စသောအကျိုးရလဒ်များရရှိလာနိုင်မည် ဖြစ်သည့် အတွက်  နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသော သစ်သားတံတားနှင့် ဘေလီသစ်သားတံတားများ အတွက် တံတားကိုယ်ထည်သစ်သုံးစွဲရာတွင် hollow သံပိုက်များနှင့် အစားထိုးဆောင်ရွက်ရန် အစီ အစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အတွက် တံတားများစွာတည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တံတားများ တည်ဆောက်ရာတွင် Heavy Load Class များဖြစ်သော HS 20-44 (တစ်စီးချင်းခံနိုင်ဝန် 60 Tons), HS 25-44 (တစ်စီး ချင်းခံနိုင်ဝန် 75 Tons) ယာဉ်ကြီးများအတွက် သံပေါင်တံတား၊ သံကူကွန်ကရစ်တံတားနှင့် ဘေလီ တံတားများကို တည်ဆောက်လျက်ရှိပြီး ယာယီတံတားများအဖြစ် သစ်သားတံတားများနှင့် ဘေလီ တံတားများကို ယာယီအနေဖြင့်အသုံးပြုပါကြောင်း၊ သစ်သားဆိုသည်မှာ (Fiber) သစ်မျှင်များဖြင်‌့ ဖွဲ့စည်းထားပြီး သစ်၏အမျှင်ပါဝင်မှု၊ အမျှင်၏မာကျောမှု၊ သစ်ပင်၏သက်တမ်းကြာမြင့်မှုပေါ်မူတည်ပြီး ခံနိုင်ရည်တိုးမြင့်လာခြင်း ဖြစ်ပါကြောင်း၊ ပျဉ်းကတိုး၊ ကျွန်း၊ အင်၊ ကညင်၊ လက်ပံ၊ တောင်သရက် အစရှိသော သစ်အမျိုးမျိုးသည် ခံနိုင်ရည်အမျိုးမျိုးရှိကြပါကြောင်း၊ သစ်အမျိုးအစားအလိုက် Density, Hardness, Shear နှင့် Tension စသည်ဖြင့် Property အမျိုးမျိုးတို့ကွဲပြားခြားနားပါကြောင်း၊ နမူနာအားဖြင်‌့ အမာဆုံးဖြစ်သော ပျဉ်းကတိုးသစ်သည် Hardness အနေဖြင့် 1041 kg ရှိပြီး အပွဆုံးဖြစ်သော လက်ပံသစ်သည် Hardness အနေဖြင့် 93 kg ရှိသည့်အတွက် မာကျောမှုအနေဖြင့်  ၁၀ ဆ ခန့်ကွာခြားနေပါကြောင်း၊

သစ်၏အားသာချက်မှာ Fiber အမျှင်များဖြင့်တည်ဆောက်ထားသည့်အတွက် တံတားကခံနိုင်ရည် မရှိ၍ ကျိုးကျမည်ဆိုပါက ချက်ချင်းကျိုးကျမသွားဘဲ တဖြည်းဖြည်းအိကျလာပြီး သတိပေးချိန်ရှိသည့် အတွက် အများပြည်သူအတွက် အန္တရာယ်မှရှောင်လွှဲနိုင်သည့်အနေအထားမျိုးရှိပါကြောင်း၊ သို့သော် လည်း Steel တံတားများက ရုတ်တရက် Yield Point ဟုခေါ်သော ခံနိုင်ရည်ကျော်သွားပါက ကောင်းမွန်ရာမှ ရုတ်တရက်ကျိုးကျမှုမျိုးဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ကိုရီးယား စသည့်နိုင်ငံများတွင် Steel တံတားကျိုးကျမှုများ ရှိပါကြောင်း၊ ကောင်းမွန်ရာမှ သွားလာရင်း ကျိုးကျပါကြောင်း၊ ဥပမာ ကိုရီးယားနိုင်ငံတွင် ဟန်မြစ်ကူးတံတားတစ်စင်းသည် တန်ပို ယာဉ်များသွားထားသည့်အတွက် တံတားသည် Yield Point ကျော်ပြီး Note Class အမြင့်ဆုံး ရောက်သည့်အချိန် နောက်တစ်နေ့တွင် ကလေးများပို့သော ကျောင်းကားလေးကူးလိုက်သည်နှင့် တံတားကြီး ကျိုးကျသည့်အတွက် ကလေးငယ်လေးများ အသက်ဆုံးသွားသည့်အဖြစ်မျိုး ရှိသည့် အတွက် မိမိတို့နိုင်ငံတွင် ယခုကဲ့သို့အဖြစ်မျိုးမဖြစ်ရန်အတွက် Steel တံတားများအားလုံးကို နေ့စဉ် Visible Check ဖြင့် စစ်ဆေးခြင်း၊ လစဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

သစ်သားကို အသုံးမပြုဘဲ Steel ကိုသုံးမည်ဆိုပါက Structural Steel နှင့် Non Structure Steel ဟူ၍ နှစ်မျိုးရှိပါကြောင်း၊ Steel တွင်ပါဝင်သော Chemical Composition ပေါ်မူတည်ပြီး သံ၏ ခံနိုင်ရည်သည် အမျိုးမျိုးကွဲပြားပါကြောင်း၊ မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင်‌့ တံတား အတွက် အသုံးပြုသောသံအမျိုးအစားမှာ SS400 နှင်‌့ SM490 နှစ်မျိုး ရှိပြီး့ Tensile Strength မှာ အနည်းဆုံး 400 N/mm2 မှ အများဆုံး 490 N/mm2 အထိ ရှိပါကြောင်း၊ Structural Steel ကို တံတားများ၊ အဆောက်အဦများ ဝန်အလေးချိန်ကို ထမ်းသည့်နေရာများဖြစ်သော Main Member များအတွက် အသုံးပြုပါကြောင်း၊ Non Structural Steel ကို ဝန်အလေးချိန်မထမ်းသော Secondary Member များဖြစ်သော အဆောက်အဦ၏ အမိုးဒိုင်း၊ မျှားတန်းနှင့် တံတားများ၏ လက်ရန်းများတွင် အသုံးပြုပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်နေသော တံတားများတွင် Steel Truss, Steel Box Girder, Steel Plate Girder, Bailey Bridge, Steel Decking များကို Structural Steel ဖြစ်သည့် SS400 နှင့် SM490 ကို အသုံးပြုပါကြောင်း၊ SS400 ၏ Tensile Strength သည် (400 N/mm2) ရှိပြီး Secondary Member များတွင် အသုံးပြုပါကြောင်း၊ ခန်းဖွင်‌့ကျယ်တံတားကြီးများအတွက် Marine Steel ဟုခေါ်သော အမြောက်လက်နက်ကြီးများ၊ တင်‌့ကားများ၊ သင်္ဘောကြီးများ ထုတ်လုပ် နိုင်သော သံအမျိုးအစားဖြစ်သော Marine Steel SM490 ကို အသုံးပြုပါကြောင်း၊ SM490 Steel ၏ Tensile Strength သည် 490 N/mm2 ရှိပြီး Main Member များတွင် အသုံးပြုပါကြောင်း၊ Steel များတွင်ပါဝင်သော  Chemical Composition များပေါ်မူတည်ပြီး Iron Content အများဆုံးဖြစ်သော Marine Steel နှင်‌့ Structural Steel များကို တံတားများတွင် အသုံးပြုရပါကြောင်း၊

သံဆိုသည်မှာ Mechanical Property နှင်‌့ Chemical Composition များပေါ်မူတည်ပြီး သံ၏ခံနိုင်ရည်သည် အမျိုးမျိုးကွဲပြားပါကြောင်း၊ သံထဲတွင် Ferrous နှုန်းပေါ်မူတည်ပြီး ကွဲပြား ပါကြောင်း၊ ဥပမာအားဖြင်‌့ သံသည် Ferrous ပါဝင်မှုနည်းပြီး မြေကြီးများ၊ မြေသားပါဝင်မှုနှုန်း များပြားပါက ခံနိုင်ရည်များစွာ လျော့နည်သွားပါကြောင်း၊ အဆိုပါသံအမျိုးအစား ခေါင်းပွသံများကို Structural Steel ဟုခေါ်သော ဝန်အလေးချိန်ခံရသည့်နေရာများတွင် အသုံးပြု၍မရနိုင်ပါကြောင်း၊ ခေါင်းပွ Steel ဟုခေါ်သည့် Hollow သံပိုက်များကို မိမိတို့နိုင်ငံတွင် သံပန်း၊ သံတံခါးကဲ့သို့သော နေရာမျိုးများတွင် ဝန်အလေးချိန်ထမ်းခြင်းမဟုတ်ဘဲ အလှဆင်ရာတွင် အသုံးပြုမှုများပါကြောင်း၊ တံတားတည်ဆောက်မှုနေရာမျိုးတွင် မသုံးသင့်ပါကြောင်း၊ မိမိတို့နိုင်ငံ ဈေးကွက်ရှိ ခေါင်းပွ Steel များ၏ အထူအပါးသည် 1mm မှ 3mm သာရှိသည့်အတွက် ဝန်ခံနိုင်ရည် နည်းပါးပါကြောင်း၊ SM490 နှင်‌့နှိုင်းယှဉ်ပါက အဆ ၂၀ ခန့် ကွာခြားပါကြောင်း၊ ကိုယ်စားလှယ်ကြီးအကြံပြုသော Hollow Steel များကို ဒေသလိုအပ်ချက်နှင့်အညီ ယာယီအစီအစဉ်အရ ဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း များမှ ပူးပေါင်းဆောင်ရွက်လိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Structure Design ပိုင်း၊ Construction ပိုင်းတို့နှင့် ဆက်သွယ်ပြီးပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ Hollow Pipe အခေါင်းပွများသည် ရေဝင်ပြီးသံချေးတက်လွယ်သဖြင့် တံတားအလှအပ၊ လက်ရန်း၊ ဝန်မထမ်းသည့် နေရာတွင် အသုံးပြုသင့်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဘေလီသစ်သားခင်းများကို Steel Decking များပြောင်းရန် စီစဉ်ထားပြီး နိုင်ငံတော်၏ဘဏ္ဍာငွေခွဲဝေပေးနိုင်မှုအခြေအနေအရ အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိပါကြောင်း၊ ယခု ဖြစ်ပေါ်တိုးတက်လာသည့်အခြေအနေအရ တံတားများတည်ဆောက်ရာတွင် ရေရှည်အသုံးပြုနိုင်သော သံကူကွန်ကရစ်၊ ကြိုတင်အားဖြည့်ကွန်ကရစ်တံတားများ တည်ဆောက် လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျယ်ပြန့်စွာအသုံးပြုနေသော Hollow Steel များကို ဒေသ လိုအပ်ချက်ပေါ်မူတည်ပြီး အသုံးပြုနေပါကြောင်း၊ Steel Structure အပိုင်းတွင် အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများကတစ်ဆင့် ဆောင်ရွက်မည့် Structure Design များကို သေချာစွာစိစစ် သင့်ပါကြောင်း၊

သို့ဖြစ်ပါ၍ သစ်သားကြမ်းခင်းတံတားနှင့် ဘေလီတံတားသံပေါင် သစ်သားကြမ်းခင်းကဲ့သို့သော ယာယီတံတားငယ်များတွင် ဝန်ထမ်းရမည့်နေရာများတွင် Hollow Steel များကို အသုံးပြု၍မရဘဲ ဝန်မထမ်းသော လက်ရန်း သို့မဟုတ် သံပန်းကဲ့သို့သောနေရာများတွင် Hollow လေးထောင့် သံပိုက်များအား တံတားအရွယ်အစား၊ ယာဉ်သွားလာမှုအပေါ်မူတည်၍ စိစစ်အသုံးပြုလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေကြားခဲ့သည်မှာ နည်းပညာပိုင်းဆိုင်ရာဖြစ်ပါကြောင်း၊ မိမိတို့က အင်ဂျင်နီယာမဟုတ်သည့် အတွက် နည်းပညာပိုင်းဆိုင်ရာကို သိပ်မသိပါကြောင်း၊ သို့သော် ဘေလီတံတားအရှည်ကြီးများ အတွက် သစ်သားသုံးစွဲမှုသည် အင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများဖြင့် ဆောင်ရွက်မည်ဆိုပါက ကန့်ကွက်စရာလည်း မရှိပါကြောင်း၊ ပေ ၆၀ အောက်တံတားများတွင် အသုံးပြုနိုင်မည်ဆိုပါက မိမိ ဆွေးနွေးတင်ပြခဲ့သကဲ့သို့ နိုင်ငံတော်၏ သစ်တော၊ သစ်ပင်များထိန်းသိမ်းရာလည်း ရောက်သည့်အပြင် တင်ပြခဲ့သည့် တံတားသည် ငါးနှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ ဝန်ကြီးပြောကြားသကဲ့သို့ ဘီးလမ်းများ ပြားသွားခြင်း မရှိပါကြောင်း၊ ယာဉ်အသွားအလာများစွာ ရှိပါကြောင်း၊ ဂေါတိုင်ကျောက်များ တန် ၃၀၊ ၄၀၊ ၅၀ ခန့် ရှိသောကားကြီးများ ဖြတ်သန်းနေပါကြောင်း၊ မိမိတို့ဘက်တွင် ယခင်က သစ်အလွန်ပေါများပါကြောင်း၊ ယခု အလွန်ရှားပါးနေပြီ ဖြစ်ပါကြောင်း၊ ယခု ပေ ၁၀၀၀ ကျော်တံတားဆိုပါက ဘေလီတံတား သစ်လိုအပ်ချက်ကို ချက်ချင်းရှာဝယ်၍ မရသည့်ပြဿနာများက များစွာရှိသည့်အတွက်  တတ်နိုင်သည့်နေရာတွင် တတ်နိုင်သမျှ အရည်အသွေးပိုင်းဆိုင်ရာ၊ သံနှင့်ပတ်သက်သော ခံနိုင်ရည်အားတို့က ဆောက်လုပ်ရေးအင်ဂျင်နီယာများ၏ နည်းလမ်းဖြင့် ဆောင်ရွက်ပြီး တတ်နိုင်သမျှစဉ်းစားပြီး ပြုပြင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ကိုယ်စားလှယ်ကြီးပြောကြားသွားသည်မှာ မိမိတို့နိုင်ငံအနေဖြင့် Environment ကို ထိန်းသိမ်း ကာကွယ်စောင်‌့ရှောက်နေသည့်အတွက် သစ်သားအစားထိုးသည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလတ်တလောတွင် Permanent Structure များအတွက် ကွန်ကရစ်တံတား၊ AC တံတားများကို အစားထိုးပါကြောင်း၊ သို့သော် ကိုယ်စားလှယ်တော်ကြီးပြောကြားသကဲ့သို့ ယာယီ အားဖြင့် တချို့နယ်များတွင် Hollow များကို Dakine များတွင် အသုံးပြုလျက်ရှိပါကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ယာယီအစီအစဉ်ဖြင့် အသုံးပြုလျက်ရှိပါကြောင်း၊ များသောအားဖြင့် ၎င်းပစ္စည်း များက အိမ်နီးချင်းနိုင်ငံမှ တင်သွင်းလာသည့်အတွက် ဈေးကွက်ထဲတွင် သံများသည် လေးနှစ်၊ ငါးနှစ်ခန့်တွင် တစ်ခုနှင့်တစ်ခုက Saturn က တချို့က ၎င်းစက်ရုံအပေါ်မူတည်ပြီး ၎င်း၏ခံနိုင်ရည် များစွာကွာခြားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အသုံးပြုမည်ဆိုပါက ဓာတ်ခွဲခန်းတွင် စနစ် တကျ လျှော့ဖြတ်အားကို စမ်းသပ်ပြီးမှ အသုံးပြုသင့်ပါကြောင်း၊  မိမိတို့ ယာယီအနေဖြင့် အသုံးပြုသည့်အတွက် အကြံပြုလိုသည်မှာ အကယ်၍ နယ်များတွင် အသုံးပြုပါက ၎င်း၏ လျှော့ဖြတ် အားကို စမ်းသပ်ပေးပြီး ခံနိုင်ရည်မည်မျှရှိသည်ကို တွက်ထုတ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။